ကမ္ဘာတစ်ဝန်း အာဟာရချို့တဲ့ခြင်းကို ကုစားဖို့ အာဟာရပြည့် စူပါငှက်ပျောသီး စမ်းသပ်လျက်ရှိ

ပို့စ်တင်ချိန် - 6/29/2014 09:15:00 PM



သန်းထိုက်စိုး

အထူးအာဟာရ ပြည့်ဝအောင် မျိုးဗီဇပြုပြင် ထားသော စူပါငှက်ပျောသီးကို လူသားများနှင့် စတင် စမ်းသပ်တော့ မည်ဖြစ်ကြောင်း သြစတြေးလျ သိပ္ပံပညာရှင်များက ပြောသည်။

ဓာတ်ခွဲခန်းတွင် လည်းကောင်း၊ တိရစ္ဆာန်များနှင့် လည်းကောင်း စမ်းသပ် အောင်မြင်ထားပြီ ဖြစ်ရာ နောက်ဆုံး အဆင့် လူသားများဖြင့် လက်တွေ့ စမ်းသပ်ခြင်းဖြစ်သည်။ အောင်မြင်ပါက ကမ္ဘာတစ်ဝန်း အာဟာရချို့တဲ့သော ဒေသများတွင် စူပါငှက်ပျောသီးများက လိုအပ်သော အာဟာရများ ဖြည့်စွမ်း ပေးနိုင်တော့မည် ဖြစ်သည်။

လူသားများအတွက် အဓိကလိုအပ်သော ဗီတာမင် အေဓာတ်ကို စူပါငှက်ပျောသီးက ဖြည့်စွမ်း ပေးနိုင်ခြင်း ရှိမရှိ လူသားများဖြင့် လက်တွေ့ စမ်းသပ် သွားမည် ဖြစ်သည်။ စမ်းသပ်မှုများ အောင်မြင်ပါက ၂၀၂၀ တွင် အာဖရိကတိုက် ယူဂန်ဒါနိုင်ငံ၌ စတင် စိုက်ပျိုးကာ လူတိုင်း အလွယ်တကူ စားနိုင်သော ငှက်ပျောသီးအဖြစ် ဖန်တီးမည်ဖြစ်သည်။ အာဟာရချို့တဲ့သူ အများဆုံးရှိသော အာဖရိကတွင် လူတိုင်း စားနေသော ငှက်ပျောသီးကို အာဟာရ ပြည့်ဝအောင် မျိုးဗီဇ ပြောင်းလဲ ပေးခြင်းဖြင့် အာဖရိက အာဟာရ ချို့တဲ့မှုကို ဖြေရှင်းနိုင်မည် ဟု ပညာရှင်များက ယုံကြည်ထားသည်။

““ကောင်းမွန်တဲ့ သိပ္ပံပညာဟာ ကြီးမားတဲ့ အပြောင်းအလဲ ကို ဖော်ဆောင် နိုင်ပါတယ်။ အာဖရိကမှာ လူတိုင်းအတွက် နေ့စဉ် အစား အစာတစ်ခုဖြစ်တဲ့ ငှက်ပျောသီးကို လူတွေအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေအောင် ဖန်တီး ပေးလိုက်တဲ့ နည်းနဲ့ အာဟာရ ချို့တဲ့မှု ပြဿနာကို ဖြေရှင်းပေးနိုင် တော့မှာ ဖြစ်ပါတယ်””ဟု အာဟာရပြည့် စူပါငှက်ပျောသီး စီမံကိန်း ခေါင်းဆောင် ပါမောက္ခဂျိမ်းဒေးက ပြောသည်။

စီမံကိန်းကို သြစတြေးလျ နိုင်ငံကွင်းစ်လန်း နည်းပညာတက္ကသိုလ် (QUT) မှ ပညာရှင်များ ပြုလုပ်ခြင်း ဖြစ်ပြီး ဘီလ်ဂိတ်မောင်နှံ ထူထောင်ထားသော ဘီလ်နှင့် မလင်ဒါဂိတ် ဖောင်ဒေးရှင်းက ရန်ပုံငွေ စိုက်ထုတ် ပေးထားသည်။ လူသားများနှင့် စမ်းသပ်မှုရလဒ်ကို ယခု နှစ်ကုန်ပိုင်းတွင် အတိအကျ သိနိုင်မည်ဟု အဖွဲ့ကပြောသည်။

ယူဂန်ဒါမှ ငှက်ပျောသီးမျိုးကို စံပြထား၍ QUT ဓာတ်ခွဲခန်းတွင် မျိုးဗီဇ ပြုပြင် စမ်းသပ်နေခြင်း ဖြစ်သည်။ ယူဂန်ဒါ အပါအ၀င် အာဖရိက အရှေ့ပိုင်း ဒေသများတွင် ငှက်ပျောသီးကို နေ့စဉ် အစားအစာအဖြစ် စားသုံးနေသည့်တိုင် ငှက်ပျောသီးမျိုး စိတ်များသည် ဗီတာမင်အေ၊ သံဓာတ်စသည့် လူသားအတွက် နေ့စဉ်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့လျက် ရှိသောကြောင့် စားပြီး အားမဖြစ်သည့် အနေအထား ဖြစ်နေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် အာဟာရ ပြည့်ဝသော စူပါ ငှက်ပျောသီး မျိုးစိတ်ကို ဖန်တီးကာ လက်ရှိငှက်ပျောများ နေရာတွင် အစားထိုး စိုက်ပျိုးခြင်းဖြင့် အာဖရိကသားများ ပုံမှန်အတိုင်း ငှက်ပျောသီး စားနေရုံဖြင့်ပင် အာဟာရ ပြည့်ဝလာကြမည် ဖြစ်သည်။

ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ကလေးခြောက်သိန်းခွဲ မှ ခုနစ်သိန်းနီးပါး သေဆုံးနေရသလို သုံးသိန်းခန့်သည် လည်း မျက်စိအလင်းကွယ် ပျောက်နေရကြောင်း ပါမောက္ခဒေးက ပြောသည်။

စူပါ ငှက်ပျောသီးသည် အပြင်ပန်းတွင် ရိုးရိုး ငှက်ပျောသီးများ အတိုင်းသာ ဖြစ်သည်။ အတွင်းသားမူကား ရိုးရိုး ငှက်ပျောသီး အရောင်ထက် ပိုရင့်ပြီး လိမ္မော်ရောင်သန်းကြောင်း သိရသည်။

စူပါ ငှက်ပျောသီးကို မျိုးဗီဇ ပြုပြင် ဖော်စပ်ခြင်း အောင်မြင်ပြီးစီးပါက ယူဂန်ဒါနိုင်ငံတွင် စတင်စိုက်ပျိုးမည် ဖြစ်ပြီး တစ်ဖြည်းဖြည်းချင်း ချဲ့ထွင်ကာ ရ၀မ်ဒါ၊ ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ၊ ကင်ညာ၊ တန်ဇေးနီးယား စသည့် နိုင်ငံများတွင်လည်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

Source: AFP
The Messenger