ရဲအရာရှိ ၄၀၃ ဦးကို လာဘ်စားလို့ အရေးယူပြီ

ပို့စ်တင်ချိန် - 6/29/2014 01:20:00 PM


လာဘ်စားခဲ့တဲ့ ရဲအရာရှိ ၄၀၃ ဦးကို အဂတိလိုက်စားမှု အပါအဝင် တည်ဆဲ ဥပဒေတွေအရ အရေးယူထားတယ်လို့ ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။ ရဲတပ်သား ၂၀၀ ကျော်ကိုလည်း အရေးယူထားပါတယ်။ ဒါဟာ နှစ်နှစ်ကျော်ကာလမှာ အရေးယူထားတဲ့ ဦးရေဖြစ်ပါတယ်။

လောင်းကစား ပပျောက်ရေး၊ အနှိပ်ခန်းနဲ့ ကာရာအိုကေဆိုင်တွေ ပပျောက်ရေး လုပ်ငန်းစဉ်တွေမှာ လာဘ်စားလို့ အရေးယူခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောပါတယ်။

ရဲအရာရှိ ၄၀၃ ဦး၊ ရဲတပ်သား ၂၁၂ ဦးနဲ့ ပြည်ထဲရေးဝန်ထမ်း ၆၀၀ ကျော်ကို အရေးယူခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အထိ အရေးယူထားတဲ့ စာရင်းဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်တွင် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မြန်မာနိုင်ငံမှာ မူးယစ်ဆေး၊ လောင်းကစား၊ ကေတီဗွီနဲ့ အနှိပ်ခန်းတွေကို စစ်ဆေးအရေး ယူတာတွေနဲ့ ပတ်သက်လို့ မေးမြန်းတာကို ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည် ဖြေကြားခဲ့တာပါ။

မူးယစ်ဆေးဝါး ရောင်းဝယ်တာ၊ လောင်းကစား လုပ်တာ၊ ကေတီဗွီနဲ့ အနှိပ်ခန်းတွေကို စီမံချက်နဲ့ ဖမ်းတဲ့ အချိန်မှာ ခေတ္တရပ်နေပေမယ့် ဖမ်းဆီးမှုမရှိတဲ့ အချိန်မှာတော့ ပုံမှန်အတိုင်း လုပ်ကိုင် နေကြတယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

အဲဒါကတော့ လျှို့ဝှက်နည်းလမ်း မျိုးစုံနဲ့ ကြိုတင် သက်သေခံ အထောက်အထား ဖျက်ဆီးတာ၊ တိမ်းရှောင်တာတွေ လုပ်တဲ့အတွက် ဖမ်းဖို့ ခက်ခဲနေတယ်လို့ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ရှင်းပြပါတယ်။

the voice