အိန္ဒိယတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံး

ပို့စ်တင်ချိန် - 6/29/2014 12:58:00 PM


အိန္ဒိယနိုင်ငံ အန္ဒရာ ပရာဒက်စ် ပြည်နယ်မှာ ဇွန်လ ၂၇ ရက်နေ့က ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူအနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ကျေးရွာကို ဖြတ်ပြီးသွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းဖြစ်တာကြောင့် ပေါက်ကွဲမီးလောင်မှု ဖြစ်တဲ့အချိန်မှာ ကျေးရွာသားတွေ သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ရွာသား ၂၀ လည်း ဒဏ်ရာရခဲ့ကြပါတယ်။ ပေါက်ကွဲမီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဆဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက အန္ဒရာ ပရာဒက်စ် ပြည်နယ်မှာပဲ ရေနံချက်စက်ရုံတခု မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၂၈ ဦးသေဆုံးခဲ့ပါသေးတယ်။ အခုဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုမှာ ထိခိုက်သေဆုံးခဲ့သူတွေကို ဓာတ်ငွေ့ကုမ္ပဏီနဲ့ အိန္ဒိယစွမ်းအင်ဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုပေးမယ်လို့ ဆိုပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မော်ဒီကလည်း သေဆုံးသူတဦးကို အမေရိကန်ဒေါ်လာ ၃၃၀၀၊ ဒဏ်ရာရသူတွေ တဦးကို အမေရိကန် ဒေါ်လာ ၈၀၀ ကျော် လျော်ကြေးပေးမယ်လို့ ပြောဆိုပါတယ်။

DVB Burmese