အမြဲ စိတ်ဖိစီးနေ ပါသလား သတိထား မှတ်ဥာဏ်နည်းတတ်သည်

ပို့စ်တင်ချိန် - 6/29/2014 11:45:00 AM


ကိုထိုက်

စိတ်ဖိစီးသော အလုပ်လုပ်နေ ရသူများ၊ စိတ်ဖိစီးသော ဘ၀ပုံစံမျိုးမှာ ကျင်လည်နေရသူများ အသက်ကြီး လာသည့်အခါ ရေတို မှတ်ဥာဏ် ပျောက်ဆုံး နိုင်ခြေပိုများကြောင်း ပညာရှင်များက သတိပေးလိုက်သည်။

စိတ်ဖိစီးသည့်အခါ ထွက်လာသော ကော်တီဇုန်းနှင့် ရေတိုမှတ်ဥာဏ်ကြား ဆက်စပ်မှုကို အမေရိကန် နိုင်ငံအိုင်အိုဝါ တက္ကသိုလ် သုတေသနအဖွဲ့က လေ့လာ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက် စိတ်ဖိစီးလေ ခန္ဓာကိုယ်ထဲမှာ ကော်တီဇုန်း ဟိုမုန်းများများ ထွက်လေဖြစ်သည်။ ကော်တီဇုန်းသည် ရေတိုမှတ်ဥာဏ် အားနည်းသွားစေသည့် အဓိက လက်သည် ဖြစ်သည်။ ရေတို မှတ်ဥာဏ်ဆိုသည်မှာ မြင်လိုက် ကြားလိုက် သိလိုက်သည်များကို မြင်ပြီးပြီးချင်း၊ သိပြီးပြီးချင်း၊ ကြားပြီးပြီးချင်းမှာပင် ပြန်စဉ်း စားမရနိုင်တော့ဘဲ မေ့ပျောက်သွားခြင်း ဖြစ်သည်။ ရေတိုတွင် စဉ်းစားမရသော်လည်း နောင်ကြာလာလျှင်ကား အကြောင်း တိုက်ဆိုင်သည့်အခါ ရေရှည် မှတ်ဉာဏ်အဖြစ် ပြန်မှတ်မိတတ် သည်မျိုးတော့ ရှိသည်။ ငယ်ရွယ်စဉ်မှာ ရေတိုမှတ်ဉာဏ် ပျောက်ဆုံးခဲ့ သော်လည်း စိတ်ဖိစီးမှုအောက် အနေများသူများကား ကြီးလာသည့်အခါ အခြား သူများထက် ရေတိုမှတ်ဥာဏ် ပျောက်ဆုံးနိုင်ခြေ များသည်ကို သုတေသနက တွေ့ရှိခဲ့သည်။

ကော်တီဇုန်း ပမာဏ အလွန်အမင်း မမြင့်တက်အောင် ထိန်းနိုင်ရေးသည် ရေတိုမှတ်ဉာဏ် မပျောက်ဆုံးအောင် ကာကွယ်ရေး အဓိကအချက် ဖြစ်သည်။ ကော်တီဇုန်း မတက်စေလိုလျှင် စိတ်မဖိစီးအောင် နေတတ်ဖို့ လိုမည်။ ကော်တီဇုန်းသည် အဆိုး ဘက်ချည်းတော့ မဟုတ်။ ကော်တီဇုန်းသည် လူတစ်ယောက်ကို ဘ၀စိန်ခေါ်မှုများ ရင်ဆိုင်နိုင်အောင် အသင့်ပြင်ပေးသည်။ သတိ ရှိနေအောင် နှိုးဆွပေးသည်။ အန္တရာယ် အခြေအနေအောက်မှ ရုတ်ချည်း ရုန်းထွက်နိုင်အောင် လူကို အသင့်ပြင်ပေးထားသည်။ ရုတ်တရက် လန့်စရာ ကြုံလာလျှင် လူသည် ထိတ်ခနဲဖြစ်ကာ လွတ်ရာကို အလိုလျောက် ခုန်ရှောင်မိတာမျိုးသည် ကော်တီဇုန်း၏ အစွမ်းဖြစ်သည်။ လူတစ်ယောက် အသက်ရှင် ရပ်တည်ရေးတွင် ကော်တီဇုန်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါသည်။

တစ်နည်းဆိုရလျှင် ကော်တီဇုန်းသည် အရေးပေါ် အခြေအနေအတွက် အလွန်အသုံးဝင်သော ဟိုမုန်းဟု ဆိုနိုင်သည်။ သို့သော် လူတစ်ယောက် ရေရှည် စိတ်ဖိစီးနေ၍ ကော်တီဇုန်းများ တောက်လျှောက် ထွက်နေလျှင်ကား မကောင်းတော့။ လူကို အချိန်ပြည့် နိုးကြားအသင့် ဖြစ်နေအောင် ကော်တီဇုန်းက လုပ်ထားခြင်းကြောင့် ကြာလာသည် နှင့် အမျှ လူ၏ ခန္ဓာကိုယ်တွင် ဒဏ်ဖြစ်လာတော့သည်။ အရေးကြုံလာလျှင် အစာအိမ်သည် ညှစ်ထားတတ်သည် ဖြစ်ရာ ကော်တီဇုန်း ကြာရှည် ထွက်နေခြင်းဖြင့် အစာအိမ်နာ အစာအိမ်ရောဂါ ဖြစ်လာတတ်သည်။ စိတ်ရှုပ် လာတတ်သည်။ ၀လာတတ်သည်။ သွေးတိုးလာတတ်သည်။ အခြား ဘေးထွက် ဆိုးကျိုးများလည်း ရှိသည်။

““ဦးနှောက်ကို ယိုယွင်းစေတဲ့ထဲမှာ စိတ်ဖိစီးစေတဲ့ ဟိုမုန်းတွေဟာ အဓိကလက်သည်ပဲ။ ကော်တီဇုန်းဟာ ကမ်းပါး ကျောက်ဆောင်ကို ရိုက်ခတ်တဲ့ လှိုင်းလိုပါပဲ။ ဦးနှောက်ဆိုတဲ့ ကမ်းပါး ကျောက်ဆောင်ကြီးကို နှစ်တွေနဲ့ချီ ရိုက်ခတ် လာတဲ့အခါ နောက်ဆုံးမှာ ဦးနှောက်ဟာ ယိုယွင်းရတာပါပဲ””ဟု အိုင်အိုဝါ တက္ကသိုလ် သုတေသနအဖွဲ့မှ စိတ်ပညာပါမောက္ခ ဂျက်ဆင်ရတ်လေးက ပြောသည်။

ကော်တီဇုန်း တရိပ်ရိပ် မြင့်တက်လာသည်နှင့် အမျှ ရေတိုမှတ်ဉာဏ် အလုပ်လုပ်ရာ ဦးနှောက် အရှေ့ခြမ်းပိုင်းမှ သတင်းပို့ အချက်ပြ ဦးနှောက်ဆဲလ် (ဆီနပ်စ်) များ ပို၍ ပို၍ သေဆုံးသွားကြသည်ကို တွေ့ခဲ့ရသည်။ ဆီနပ်စ်များသည် ဦးနှောက် လုပ်ငန်း ဆောင်တာများ ချိတ်ဆက် လုပ်ဆောင်နိုင်ရန် သတင်း အချက်အလက်များ အပြန်အလှန် ပေးပို့သည့် တာဝန် ယူထားသလို၊ မှတ်သား ထားသည်များ သိမ်းထားပေးခြင်း၊ လိုအပ်သည့်အချိန် ပြန်ထုတ်ပေးခြင်းများ ကိုလည်း ထိုအပိုင်းက လုပ်ပေးသည်။ လူတစ်ယောက် အသက်ကြီးလာသည် နှင့်အမျှ ရှေ့ပိုင်းဘ၀ တစ်လျှောက် စိတ်ဖိစီးစရာများကြောင့် ထွက်ခဲ့သည့် ကော်တီဇုန်းများ တိုက်စားမှုကြောင့် ဆီနပ်စ်များ လျော့ပါး ပျောက်ဆုံး သွားကြသည်။ ထိုအခါ ရေတို မှတ်သားနိုင်စွမ်း ပျောက်ဆုံး သွားရသည်။ အသက်ကြီးလာလေ ရေတို မှတ်ဉာဏ် ပျောက်ဆုံးလေမှာ ဓမ္မတာ တစ်ခုလို ဖြစ်သော်လည်း ဘ၀တစ်လျှောက် စိတ်ဖိစီးမှု များခဲ့သူများကား အခြားသူများထက် စောစီးစွာ ရေတိုမှတ်ဉာဏ် ပျောက်ဆုံးတတ်သလို၊ ပျောက်ဆုံးမှုလည်း ပိုပြင်းထန်ကြောင်း သုတေသနက ထောက်ပြသည်။

ကော်တီဇုန်းကြောင့် ဦးနှောက် အခြားအပိုင်းများလည်း သာမန်ထက် ပိုမြန်စွာ အိုမင်းတတ်ကြောင်း ယခင် သုတေသနများက ထောက်ပြထားပြီ ဖြစ်သည့်တိုင် ရေတိုမှတ်ဉာဏ် အလုပ်လုပ်ရာ ဦးနှောက် အရှေ့ခြမ်းအတွင်းပိုင်းရှိ ဆီနပ်စ်များကို ထိခိုက်ခြင်းကိုကား ယခုအကြိမ်မှသာ ဦးဆုံး သုတေသန လုပ်ဖြစ်ခြင်းဖြစ်သည်။

ယခု လေ့လာမှုသည် ကော်တီဇုန်းကြောင့် အသက်ကြီးလာသည့် အခါ ရေတို မှတ်ဉာဏ် ပိုဆိုးဝါးစွာ ထိခိုက်နိုင်ပုံကို ဖော်ထုတ်ထားနိုင်ရာ မည်သို့ ကာကွယ်လျှင် ရေတိုမှတ်ဥာဏ် တာရှည် တည်မြဲမည်ကို ပါ ဆက်လက် ဖော်ထုတ် နိုင်ဖွယ်ရှိကြောင်း သုတေသန စစ်တမ်းက ရေးသားထားသည်။ ထို့အပြင် လူတစ်ဦးချင်းစီတွင် ကော်တီဇုန်း ထွက်ရှိနှုန်းကို အလွန်များ မလာအောင် ထိန်းနိုင်မည့် နည်းလမ်းများလည်း ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ကြောင်း စစ်တမ်းအဖွဲ့က ရေးသားထားသည်။ လေ့လာမှုများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သုတေသန တွေ့ရှိချက်များကို နာ့ဗ်ကြောသိပ္ပံဆိုင်ရာ ဂျာနယ် Neuroscience တွင် ထည့်သွင်း ဖော်ပြထားသည်။

အလုပ်ကြောင့် ရေရှည် စိတ်ဖိစီးနေသူများ၊ ချစ်ခင်သူများ သေဆုံးခြင်းကြောင့် ဘ၀တစ်သက်တာတွင် မကြာမကြာ ဆိုသလို စိတ်ကျ စိတ်အားငယ်ကာ စိတ်ဖိစီးရသူများ စသည့် ကော်တီဇုန်း အထွက်များသူများကို ကော်တီဇုန်း အထွက်နည်းအောင် သဘာဝကျကျ နည်းလမ်းဖြင့် လုပ်ပေးနိုင်မည် ဆိုပါက ထိုလူများ အသက်ကြီးသည့် အခါ ရေတိုမှတ်ဉာဏ် ပျောက်ဆုံးခြင်းချိန် နောက်ရောက်သွားအောင် နှင့် ဆိုးဝါးမသွားအောင် ဆောင်ကြဉ်း ပေးနိုင်မည် ဖြစ်သည်။

ဘ၀တစ်လျှောက် စိတ်ဖိစီးစရာများကြောင့် ကော်တီဇုန်း ဒဏ်ခံခဲ့ရပြီး ရေတို မှတ်ဉာဏ် ပျောက်ဆုံးခြင်းသည် အသက် ၆၅ နှစ် ခန့်တွင် လက္ခဏာ စတင်ပြသတတ်ကြောင်း သုတေသနက ဖော်ပြသည်။ အသက်ကြီး လာသည့်အခါ မှတ်ဉာဏ် လျော့နည်းလာခြင်း ကိစ္စတွင် စိတ်ဖိစီးခြင်း ကြောင့်ထွက်သည့် ကော်တီဇုန်းသည် အဓိကကျသည် မှတ်သော်လည်း ထိုတစ်ချက်တည်း ကြောင့် ဖြစ်သည်ဟု မှတ်ယူဖို့ မဟုတ်ဘဲ အခြားသော လူမှုစီးပွားနှင့် ကျန်းမာရေး အချက်အလက်များလည်း ဆက်စပ်နေသေး ကြောင်းကို သတိမူရမည် ဖြစ်ကြောင်းလည်း စစ်တမ်းက ရေးသား ဖော်ပြထားသည်။

Ref: Always stressed ?

Beware – it’ll affect your short-term

memory in old age by Lizzie

Parry (Daily Mail)

The Messenger