နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းထားသော Ready ငါးသေတ္တာစက်ရုံအား မွေး/ရေ၀န်ကြီးဌာနက စာချုပ်သက်တမ်းမပြည့်မီ ပြောင်းရွှေ့ခိုင်းမှုကြောင့် စက်ရုံလုပ်သား ၂၅၀ ခန့် အလုပ်လက်မဲ့ဖြစ်

ပို့စ်တင်ချိန် - 6/29/2014 09:20:00 AM


နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းထားသော သာကေတမြို့နယ် သာကေတစက်မှုဇုန်အတွင်းရှိ Ready ငါးသေတ္တာစက်ရုံအား တွေ့ရစဉ်
နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းထားသော Ready ငါးသေတ္တာစက်ရုံအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက စာချုပ်သက်တမ်းမပြည့်မီ ပြောင်းရွှေ့စေခိုင်းမှုကြောင့် စက်ရုံလုပ်သား ၂၅ဝ ခန့်မှာ လတ်တလော အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်။ ရန်ကုန်မြို့ သာကေတမြို့နယ် သာကေတစက်မှုဇုန်အတွင်းရှိ Readyငါးသေတ္တာစက်ရုံ မြေနေရာကို မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်က ၁၉၉၇ ခုနှစ်တွင် နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး စာချုပ်ပါ သဘောတူညီချက်များအရ ကနဦးသက်တမ်း နှစ်၂ဝ မပြည့်မီ နှစ် နှစ်ကျော်ခန့်အလိုတွင်မှာပင် စက်ရုံနေရာ ဖယ်ရှားပေးရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၈ ရက် နံနက်စောပိုင်း ၄ နာရီ အချိန်ခန့်ကတည်းက စက်ရုံသို့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅ဝ ခန့်နှင့် တာဝန်လက်ပတ် ပတ်ထားသော အရပ်သားလုံခြုံရေးကား ၁ဝ စီးခန့်စာ လူဦးရေဖြင့် လာရောက်ပြီး စက်ရုံမှ ပစ္စည်းများကို ရွှေ့ပြောင်းခိုင်းခဲ့သည်။

“ကျွန်တော်တို့က ပြောင်းခိုင်းရင်လည်း ပြောင်းရမှာပါပဲ။ ဒါပေမဲ့ စက်ရုံလုပ်သားတွေအတွက်တော့ စိတ်ပူတယ်။ ကြွားပြောတာ မဟုတ်ဘူး။ ကိုယ်က ထမင်းမငတ်ဘူး။သူတို့က တစ်နေ့လုပ်မှတစ်နေ့ စားရတာ။စက်ရုံက အသစ်ပြောင်းရမယ့်အချိန် သုံးလ လေးလလောက် ကြာမှာရယ် အကုန်အစက အသစ်ပြန်လုပ်ရမှာရယ်ဆိုတော့ သုံးလ လေးလလောက် သူတို့အလုပ်မရှိဘဲ ဖြစ်သွားမှာ။ကျွန်တော်တို့လည်းအစက ပြန်စရမှာဆိုတော့ အကုန်လုံးကို ဒီသုံးလေးလအတွင်း အလုပ်ပြန်ပေးနိုင်မှာ မဟုတ်သေးဘူး”ဟု  Ready ငါးသေတ္တာစက်ရုံမှ ဒါရိုက်တာ ဦးစိုးမိုးကျော်က ဆိုသည်။

ယင်းစက်ရုံနေရာ ငှားရမ်းမှုနှင့် ပတ်သက်၍ကုမ္ပဏီဘက်မှ ဝန်ကြီးဌာနအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ တရားမမှုဖြင့် တရားစွဲဆိုထားမှုလည်းရှိပြီး တရားရုံးမှ ဆုံးဖြတ်ချက်မချမီ ဝန်ကြီးဌာနက အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်းအက်ဥပဒေဖြင့် စက်ရုံကို ဖယ်ရှားရန်စေခိုင်းခဲ့ခြင်း ဖြစ်သည်။

“အဓိက ကတော့ ဝန်ကြီးဌာနက စာချုပ်ကို လေးစားလိုက်နာမှုမရှိဘူးလို့ ပြောလို့ရပါတယ်။ စာချုပ်သက်တမ်း အပြည့် မဟုတ်တောင် ခြောက်လ ဒါမှမဟုတ်၊ သုံး လေးလလောက် စောင့်ဆိုင်းပေးမယ်ဆိုရင် ကျွန်တော်တို့ ကုန်ပစ္စည်းအတွက်ရော၊ လုပ်သားတွေအတွက်ရော အစစအရာရာ အဆင်ပြေသွားမှာ။ အခုတော့ စက်ရုံကလည်း ချက်ချင်းကြီး ပြန်တည်ဖို့ မဖြစ်နိုင်၊ လုပ်သားတွေလည်း အလုပ်လက်မဲ့ ဖြစ်သွားတော့မယ်”ဟု မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးမိုးမြင့်ကျော် (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး)က ပြောကြားသည်။ ယင်းသို့ ပြောင်းရွှေ့ရန် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကတည်းက ဝန်ကြီးဌာနသည် စက်ရုံသို့ ပြောင်းရွှေ့စာ သုံးလေးကြိမ် ပို့ခဲ့သည်။

“ကျွန်တော် ဝန်ကြီးဆီကို အသနားခံစာလည်း ပို့တယ်။ မနေ့ကဆို နေပြည်တော်ကို သွားတယ်။ ဝန်ကြီးကို ပြောင်းရမယ့်ရက်ကို နည်းနည်းလောက်ရွှေ့ပေးဖို့ အသနားခံတင်ပြဖို့ သွားခဲ့ပေမယ့် သူ(ဝန်ကြီး)က ထွက်မတွေ့ခဲ့ဘူး”ဟု ဦးမိုးမြင့်ကျော်က ဆိုသည်။

မွေးမြူရေး/ရေလုပ်ငန်းနှင့် ကျေးလက်ဝန်ကြီးဌာနက ယင်းစက်ရုံဝင်းမြေနေရာအား ၂ဝ၁၁ ခုနှစ်တွင် လေလံတင်ရောင်းချခဲ့ပြီး  ဒေါ်မေအေးမွန်က လေလံအောင်ခဲ့ကြောင်းလည်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အား The Daily Eleven သတင်းစာက ဖုန်းသုံးကြိမ်ခေါ်ဆို၍ မေးမြန်းခဲ့သော်လည်း “စက်ရုံထဲမှာ အလုပ်တွေရှုပ်နေလို့”ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

သက်မင်း
news-eleven