အလုပ်သမား လစာများပေးဆောင်ခြင်းမရှိပဲ ပိုင်ရှင်သူဌေးဖြစ်သူ ရှောင်ပြေးခြင်းအား လှိုင်သာယာ အလုပ်သမားရုံးမှ အရေးယူဆောင်ရွက်ခြင်းမရှိ

ပို့စ်တင်ချိန် - 6/29/2014 01:20:00 PM


ရန်ကုန်၊ဇွန်၊၂၈ရက်။

လှိုင်သာယာစက်မှုဇုန် Master Sport ဖိနပ်စက်ရုံ၌ အလုပ်သမားလစာများ ပေးဆောင်ခြင်းမရှိပဲ ပိုင်ရှင်သူဌေးဖြစ်သူ
ရှောင်ပြေးခြင်းအား လှိုင်သာယာ အလုပ်သမားရုံးမှ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း လစာမရရှိသော
အလုပ်သမားများ၏ ပြောဆိုချက်အရ သိရှိရသည်။

ပြီးခဲသည့် မေလ ၂၈တွင် တစ်ပတ် အလုပ်ပိတ်ကြောင်း စက်ရုံမှကြေငြာခဲ့ပြီး ဇွန်လ ၅ ရက်နေ့တွင် အလုပ်သမားများ
ပြန်လည်ရောက်ရှိလာသောအခါ စက်ရုံကို ၁၉ ရက်နေ့တွင်မှ ပြန်လည်ဖွင့်လှစ်မည်ဟု သူဌေး မျက်နှာလွဲဖြစ်သူ
မစ္စတာဂျောင်မှ ထပ်မံပြောဆိုခဲ့သည်။ သို့သော် ၁၉ ရက်နေ့တွင် အလုပ်သမားများပြန်လည်ရောက်ရှိလာသော်လည်း
စက်ရုံမှာပြန်လည်ဖွင့်လှစ်ခြင်းမပြုပဲ ၂၆ ရက်သို့ ထပ်မံချိန်းသောကြောင့် စက်ရုံအလုပ်သမားများမှာ ပူပင်ပြီး လှိုင်သာယာ
အလုပ်သမားရုံးသို့ သွားရောက်အကြောင်းကြားရာအရေးယူ ဆောင်ရွက်ပေးခြင်းမရှိကြောင်း၊ ၂၆ ရက်နေ့ စက်ရုံသို့
အလုပ်သမားများ လာရောက်အလုပ်ဆင်းကြရာ စက်ရုံက ပေးမဝင်တော့ကြောင်း စက်ရုံလုံခြုံရေးများမှာလည်း လက်ရှိ
ကုမ္ပဏီမှ လုံခြုံရေးများမဟုတ်ပဲ ပြောင်းလဲထားကြောင်းသိရှိရသည်။

“၁၉ ရက်နေ့ကတည်းက စက်ရုံက ပိတ်တော့မယ်။ သူဌေးက ပြေးတော့မယ်လို့ ကျွန်မတို့က အသံကြားထားတယ်။ ဒီတော့
စိတ်ပူပြီးတော့ အလုပ်သမားရုံးကို သွားပြီးတော့ အကြောင်းကြားတာ။ ဒီတော့ အလုပ်သမားရုံးက စက်ရုံက မပိတ်သေးပဲနဲ့
ပိတ်တယ်လို့ ပြောလို့ နင်တို့ကို အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ်လို့ ခြိမ်းခြောက်တယ်” ဟု ယင်းစက်ရုံမှ အလုပ်သမား
မသိင်္ဂီကျော်က ပြောကြားသည်။

သို့သော် ၂၆ ရက်နေ့တွင် စက်ရုံပိတ်လိုက်ပြီလို့ကြေငြာလိုက်ကြောင်း စက်ရုံသူဌေးမျက်နှာလွှဲတစ်ဦးဖြစ်သူ မစ္စတာဂျောင်မှ
ပြောကြားသောကြောင့် အလုပ်သမားများမှာ လှိုင်သာယာအလုပ်သမားရုံသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ထိရောက်သည်
အရေးယူမှု ပြုလုပ်ပေးခြင်းမရှိကြောင်း သိရှိရသည်။

မစ္စတာဂျောင်မှ စက်ရုံပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး မြို့နယ်အလုပ်သမားရုံးသို့ ကြိုတင် အကြောင်းကြားခဲ့ကြောင်း သို့သော်
စက်ရုံပိတ်သိမ်းလိုက်ပြီ ဖြစ်ခြင်းကြောင့် သူ့အနေနှင့် အလုပ်သမားများကိစ္စအတွက် မည်သို့မျှ ဖြေရှင်းပေးဖို့ မဖြစ်နိုင်တော့ကြောင်း
ပြောကြားသည်။

“ကျွန်မတို့မှာ အားလုံး လူ ၈၀၀ လောက်ရှိတယ်။ လက်လုပ်လက်စားတွေချည်းပဲ၊ လစာမရရင် ဘာလိုစားလို့ရမှာလဲ၊ လကုန်ရင်
အဆောင်ခပေးရမယ်၊ အနောက်မှာ မိသားစုတွေ တစ်သီတစ်တန်းကြီး ရှိသေးတယ်။ အခုက စက်ရုံထဲကိုလည်း အဝင်မခံတော့ဘူး။
သူဌေးကလည်း ပြေးသွားပြီ။ အလုပ်သမားရုံးကလည်း ဘာမှ အရေးတယူမလုပ်ပေးရင် ကျွန်မတို့ ဒီလူ ၈၀၀ က ဘယ်လိုလုပ်ပြီးတော့
ရှေ့ဆက်မှာလဲ” ဟု စက်ရုံအလုပ်သမား မဝင်းဝင်းလှိုင်မှ ပြောကြားသည်။

“စက်ရုံတစ်ခု ပိတ်သိမ်းတော့မယ်ဆိုရင် ဥပဒေအရ ဒီစက်ရုံရှိနေတဲ့ မြို့နယ်က အလုပ်သမားရုံးကို အကြောင်းကြားပြီးမှ ပိတ်လို့ရတယ်။
အကြောင်းမကြားပဲ ပိတ်ခွင့်မရှိဘူး”ဟု လှိုင်သာယာမြို့နယ်ရှိ အလုပ်သမား အရေးကို ဆောင်ရွက်နေသော တရားလွှတ်တော်
ဦးဌေးမှပြောကြားသည်။

သို့ရာတွင် မန်နေဂျာဖြစ်သူမှ အလုပ်သမားရုံးအား စက်ရုံပိတ်သိမ်းမည်ဖြစ်ကြောင်းကို အသိပေးအကြောင်းကြားပြီး ဖြစ်ပါလျှက်
အလုပ်သမားရုံးနှင့် စက်ရုံမန်နေဂျာတို့မှ အလုပ်သမားများအား ကြိုတင် အသိပေးခြင်းမရှိခြင်းကြောင်း၊ ယင်းစက်ရုံပိတ်သိမ်းမှုတွင်
အလုပ်သမားများ နောက်ကွယ်၌ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားရုံးအရာရှိများကြား မရိုးသားမှုများရှိနေနိုင်ကြောင်း တွေးထင်စရာ
ဖြစ်နေသည်ဟု အလုပ်သမားများမှ သုံးသပ်ပြခဲ့သည်။

သော်ဇင်စိုး


The Myanma Age