ဆန်ခိုးမမိ ဖွဲခိုးမိနှင့် သန်း ၆၀အတွက် ပြက်လုံးဟောင်းများ - ဇော်သက်ထွေး

ပို့စ်တင်ချိန် - 6/29/2014 09:17:00 PM




သောကြာနေ့က ထုတ်ဝေတဲ့ အစိုးရ သတင်းစာနဲ့ ပုဂ္ဂလိက သတင်းစာတွေမှာ နိုင်ငံရေး သတင်းတွေနဲ့ အင်မတန်မှ ဝေေ၀ဆာဆာ ဖြစ်နေတာကို တွေ့ရပါတယ်။ လူအများဆုံး စိတ်ဝင်စားတဲ့ သတင်းကတော့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို နိုင်ငံတော် သမ္မတက တာဝန်မှ ရပ်စဲလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်တာတွေ၊ ထူးခြားမှု တစ်ခုအဖြစ် သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်နဲ့ အပေါင်းအပါတွေကို ဌာနပိုင် ငွေကျပ်သိန်း ၁၀၀ခန့် အလွဲသုံးစားပြုမှုဖြင့် အထူး စုံစမ်းစစ်ဆေးရေး ဌာန (စစစ)က ဥတ္တရသီရိ မြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှာ (ပ) ၂၁/၂၀၁၄၊ ပုဒ်မ ၄၀၉/၁၀၉အရ အမှုဖွင့် အရေးယူလိုက်တာကိုတော့ အများပြည်သူ ၀န်ဆောင်မှု ဥပဒေ ပေါ်ထွက်လာရင် လွတ်လပ်တဲ့ မီဒီယာတစ်ခုအဖြစ် ပြုလုပ်မယ်လို့ ပြန်ကြားရေးက ကြွေးကြော် ထားတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာတော့ ဖော်ပြမထားတာကို တွေ့ရပါတယ်။

သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ဟာ ၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ သာသနာရေး ၀န်ကြီးဌာနရဲ့ စည်းကမ်းချက်မှာ မပါရှိတဲ့ လယ်ဝေးမြို့က ရက်ကန်းစင်တောင် ကျေးရွာမှာ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ စေတီတော်ကို မိသားစု အလှူတစ်ရပ် အဖြစ် ဆည်းကပ် ကိုးကွယ်ရာမှာ ဌာနပိုင် မော်တော်ယာဉ် ၀န်ထမ်းများအား လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင် ဘဏ္ဍာငွေနဲ့ စက်သုံးဆီ အပါအ၀င် ငွေကျပ် ၃၃သိန်းကျော်ကို ကိုယ်ကျိုးသုံးစွဲ ခဲ့ပြီးမှ နိုဝင်ဘာ ၃၀ရက်နေ့တွင် ဌာနသို့ ပြန်လည်ပေးသွင်းခဲ့ခြင်း၊ ဒီဇင်ဘာ ၂၀ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စေတီတော် ထီးတင်ပွဲတွင် ဌာနပိုင် ဘဏ္ဍာငွေကျပ် သိန်း၁၀၀ ထုတ်ယူသုံးစွဲခဲ့ရာ ယင်းငွေများ အနက် ငွေကျပ် ၂၈ သိန်းကျော်ကို နောက်ရက်တွင် ပြန်လည်ပေးသွင်းခဲ့ပြီး ယာယီ အလွဲသုံးစားပြုခြင်း၊ ကျန်ငွေ ၇၂သိန်းကျော်ကို မိသားစု အနေဖြင့် လှူဒါန်းကာ ကိုယ်ကျိုးသုံးစွဲခဲ့ပြီးနောက် ၀န်ကြီးဌာန ငွေစာရင်းတွင် မမှန်မကန် စာရင်းပြခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သောကြောင့် (စစစ)က တရားလို ပြုလုပ် တိုင်ကြားခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ ဒီသတင်းကို ဖတ်ပြီးတော့ ကျွန်တော်တို့ အားလုံး အူတက်မတက် ချက်မတက် ရီခဲ့ကြရပါတယ်။ အစိုးရအဖွဲ့ထဲက အဖွဲ့ဝင်တွေကို သဘောထား အမြင်မတူလို့ အပြတ်ရှင်းချင်ရင် အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်းကစလို့ (န၀တ) အလယ် (နအဖ)အဆုံး ဒီပုံဒီအချိုး အတိုင်း လုပ်ခဲ့ကြလို့ပါပဲ။

အတိတ်သမိုင်းကို ပြန်ကောက်ရမယ်ဆိုရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး လုပ်နေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးကို ရှင်းချင်တော့ ဗိုလ်ချုပ်ကြီး တင်ဦး ရဲ့သားလေး နိုင်ငံခြား ဆေးသွားကုရာမှာ အပြန်ကို အိမ်ဆောက် ပစ္စည်းတွေ ၀ယ်လာတယ်ဆိုပြီး တရားစွဲ ထောင်ချခဲ့ဖူးပါတယ်။ အဲဒီလိုပဲ အရင် ပြည်ထဲရေး ၀န်ကြီးဟောင်း၊ ထောက်လှမ်းရေးမှူးဟောင်း ဗိုလ်မှူးကြီး ဗိုလ်နီကို မျက်မှန်တင်ဦးက ရှင်းချင်တော့ ဂျပန်ကနေ ကာစီယို အော်ဂင်တစ်လုံး တင်သွင်းလာတယ်ဆိုပြီး အင်းစိန် ထောင်ထဲကို ပို့ပစ်ခဲ့ပါတယ်။ တပ်မတော် အစိုးရ လက်ထက်မှာလည်း ထောင်ထဲပို့ချင်တော့ နိုင်ငံခြားရေး ၀န်ကြီးအဆင့် လုပ်ခဲ့တဲ့ သူကိုတောင် လိုင်စင်မဲ့ကား ရှိတယ်ဆိုပြီး အင်းစိန်တောရကို ပို့ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ စနစ်နဲ့ သွားနေပြီး အရင်ကထက် ပွင့်လင်းမြင်သာပါတယ်လို့ ပြောတဲ့ အစိုးရရဲ့ လုပ်ဆောင်မှုဟာ ဆင်းရဲတွင်းထဲက သန်း၆၀သော ပြည်သူအတွက် မထူးခြားတဲ့ ရိုးအီနေတဲ့ ပြက်လုံးဟောင်း တစ်ခုပါပဲ။ သာသနာရေး ၀န်ကြီးနဲ့ ပတ်သက်ပြီး သန္တိသုခ ကျောင်းတော် အရေးကိစ္စနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်ဆိုရင်လည်း တခြား အကြောင်းပြချက်နဲ့ အရေးယူဖို့ရာ မသင့်တော်ပါဘူး။ အစိုးရအဖွဲ့က ကိုယ်ယုံကြည်လို့ ခန့်ထားတဲ့ ၀န်ကြီး တစ်ယောက်ကို ပြစ်ဒဏ် ပေးချင်တယ်ဆိုလို့ရှိရင် အရပ် လေးမျက်နှာက နားထောင်လို့ ကောင်းတဲ့၊ ပြီးတော့ ကျိုးကြောင်းဆီလျော်တဲ့ လုပ်ရပ်တွေနဲ့ အရေးယူဖို့ သင့်ပါတယ်။ အခုတော့ အရင် ကစားကွက်အတိုင်း ပွဲထွက်လာတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အထင်သေးမိပါတယ်။

သာသနာရေး ၀န်ကြီးကို တာဝန်မှ ရပ်စဲလိုက်ပြီး ဖမ်းဆီးစစ်ဆေးနေတဲ့ ကိစ္စကြောင့် ဘယ်ပြည်သူကမှ ၀မ်းနည်းကြေကွဲ မနေပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီ့ဝန်ကြီးဟာ တိုင်းပြည်ကို ၂၅နှစ်တိုင်တိုင် မတရား အုပ်ချုပ်ခဲ့တဲ့ ယန္တရားတစ်ခုရဲ့ မူလီတစ်ခု ဖြစ်ခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ဖမ်းဆီးတဲ့ အခါမှာတော့ သူ့ရဲ့ဂုဏ်သိက္ခာကို ထောက်ချင့်သင့်တာပေါ့ ခင်ဗျာ။

ပညာရေး ၀န်ကြီးဌာနနဲ့ ပါမောက္ခ ဒေါ်ကျင်ဌေးတို့ရဲ့ တရားကိစ္စမှာ ဒေါ်ကျင်ဌေးကို အနိုင်ပေး လိုက်ပြီးတဲ့နောက် ပညာရေး ဒုဝန်ကြီး ဒေါက်တာမျိုးမြင့် နုတ်ထွက်သွားခဲ့ပါတယ်။ ဦးဆန်းဆင့်နဲ့ တစ်ရက်တည်းမှာပဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကိုလည်း ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံရေး ခန့်မှန်းသူ အချို့က သမ္မတသက်တမ်း သိပ်မကျန်တော့တဲ့အတွက် အစိုးရ၀န်ကြီး အပြောင်းအလဲတွေ ကြီးကြီးမားမား မရှိနိုင်ဘူးလို့ ယူဆထားတဲ့အချိန်မှာ အခုဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ (န၀တ)ခေတ်က ဗိုလ်ချုပ်တစ်ယောက်ရဲ့ အိမ်တစ်လုံးဟာ ငှားစားရင်တောင် သိန်း၈၀၀လောက်ရတဲ့ ခေတ်ကာလမှာ လက်ရှိ ပြည်ထောင်စုဝန်ကြီး တစ်ယောက်ကတော့ ၇၂သိန်း အလွဲသုံးစားလုပ်လို့ အခုဆိုရင် အပြစ်ရှိ/မရှိ စစ်ဆေး မေးမြန်းခြင်း ခံနေရပါပြီ။ အပြစ်မရှိလို့ လွတ်လာရင်တောင် ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာအရ အထိနာသွားခဲ့ပြီ ဖြစ်ပါတယ်။ တချို့ကလည်း ဒီအကြောင်းပြချက်ရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အားပြိုင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ လတ်တလော မြင်သာထင်သာ ရှိနေတဲ့ ကိစ္စတွေကတော့ အစိုးရ အဖွဲ့ထဲမှာရော လွှတ်တော်ထဲမှာပါ သူများ မကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်းတွေ ရေးသားဖို့ ငွေတွေ ပုံအောပြီး ကိုယ်ပိုင် မီဒီယာတွေ တိတ်တခိုး ထောင်နေတာကတော့ သိသာလှပါတယ်။ အဲဒီ့မီဒီယာတွေက သတ္တိတွေ တွင်တွင်ပြ၊ ဒီမိုကရေစီ စကားလုံး တွင်တွင်သုံးပြီး အစိုးရရော ဘာရော နားမလည် ပုဂ္ဂိုလ်ကြီး/ငယ်မရှိ၊ စာနယ်ဇင်းကျင့်ဝတ် နတ္ထိနဲ့ မီဒီယာ နယ်ပယ်မှာ လူစွာလာလုပ်နေတာ အားလုံးမြင်နေရပါတယ်။ ထောင်ထဲမှာ ၁၅ နှစ်၊ နှစ်၂၀ နေခဲ့ရတဲ့ သူတွေတောင် အဲဒီ့မီဒီယာတွေကို အခုကြောက်နေရတယ်ဆိုပဲ။

ဘာပဲဖြစ်ဖြစ် ဆန်ခိုးမမိ ဖွဲခိုးတော့ မိသွားပြီ။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာကို ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ် မောင်မောင်အုန်းကို ခန့်မယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ် လာပါတယ်။ သာသနာရေးဝန်ကြီး နေရာကို လက်ရှိ သာသနာရေး ဒုတိယ၀န်ကြီး ယခင်သတင်းနှင့် စာနယ်ဇင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုးဝင်း လာမယ်လို့လည်း ကြားနေရပါတယ်။ ဒီသတင်း ကျတော့လည်း အူတက်အောင် ရီရတာပါပဲ။ ဦးစိုးဝင်း စာနယ်ဇင်းကို ကိုင်ခဲ့တုန်းက သူ့လက်အောက်မှာရှိတဲ့ မြန်မာ့အလင်း သတင်းစာတိုက်မှာ ၂၀၁၁ခုနှစ် သြဂုတ်လက ကျပ်သိန်းပေါင်း ၈၀၀၀ကျော် ကွာဟခဲ့လို့ ပြဿနာတွေ တက်ခဲ့ကြတာ နီးစပ်တဲ့သူတွေ သိပါတယ်။ မြန်မာ့အလင်း မန်နေဂျာက အပြစ်အားလုံးကို တစ်ဦးတည်း ရင်းသွားလို့ ဒီသတင်းဟာ ပြည်သူတွေ မသိခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ့အချိန်ကဆိုရင် ဘယ်အစိုးရ လက်ထက်မှာမှ မကြားဖူးတဲ့ ရာထူးကို လက်ဖွဲ့တာတွေတောင် အဲဒီ့ဌာနမှာ ရှိခဲ့ပါတယ်။ ဒီအကြောင်း ကြောင်းတွေကြောင့် သာသနာရေး လောက အတွက်လည်း ရင်လေးရပါတယ်။ နောင်ကျမှ ဘုန်းကြီးတွေကို ဘွဲ့တံဆိပ်တွေ လက်ဖွဲ့မယ် ဆိုရင် ပွဲတွေပျက်ကုန်ပါလိမ့်မယ်။ ချုပ်ပြီးပြောရရင် စိတ်ကူးစိတ်သန်း ချို့တဲ့နေတဲ့ အစိုးရရဲ့ လုပ်ကွက်တွေကလည်း အရင်ကအတိုင်းပဲ။ စိတ်ကူးစိတ်သန်းက ခေါင်းပါး၊ လူပြက်စကားနဲ့ ပြောရရင် အောက်လုံးတွေပြက်၊ ဘောလုံးစကားနဲ့ ပြောရင် အနီကဒ်တွေ ဖိတ်ခေါ်နေသလိုပါပဲ။ ဒေါ်လာသန်းချီ ချမ်းသာနေတဲ့ အစိုးရပိုင်းမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေကို သာသနာရေးဝန်ကြီး ဖြစ်ရပ်က ရီစရာ ပြက်လုံးတစ်ခု ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ပြည်သူလူထုကတော့ ဆင်းရဲ မွဲတေမြဲ။

လာဘ်ပေးလာဘ်ယူတွေက ထွန်းကားနေဆဲ။

ဆင်းရဲချမ်းသာ ကွာဟမှုက ကြီးမားနေဆဲ။

တရားမျှတမှုက အလှမ်းဝေးနေဆဲ။

ဇော်သက်ထွေး


Tomorrow News Journal