ထိုင်းစီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ထိုင်းစစ်အစိုးရ အရေးပေါ် အစီအစဉ်များ ချမှတ်

ပို့စ်တင်ချိန် - 6/03/2014 12:59:00 PM


ထိုင်း စစ်အစိုးရသည် အရေးပေါ် လုပ်ဆောင်ရေး စာရင်း တစ်ခုကို ရေးဆွဲခဲ့ပြီး၊ ထိုစာရင်းထဲတွင် လောင်စာဆီဈေးနှုန်းများအား ကန့်သတ်ခြင်း၊ စီးပွားရေး လုပ်ငန်းငယ်များအတွက် အာမခံချေးငွေများ ထုတ်ချေးခြင်းတို့ ပါဝင်ကာ၊ ထိုင်းနိုင်ငံရေး လပေါင်းများစွာ ကစဥ့်ကလျား ဖြစ်ခဲ့ခြင်းကြောင့် ထိခိုက်သွားခဲ့သည့် ထိုင်းစီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုအစီအစဉ်များကို လေတပ် ထိပ်တန်းအရာရှိချုပ် Prajin Juntong က၊ စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိများနှင့် ဆွေးနွေးပွဲတစ်ခု အပြီး၊ ဇွန်လ ၁ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ မြန်မာ၊ လာအို နှင့် မလေးရှား နယ်စပ်များရှိ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းများကဲ့သို့သော ရေရှည်အစီအစဉ်များလည်း ပါဝင်သည်။

ဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝပ် (Yingluck Shinawatra) ၏ အစိုးရအဖွဲ့ထဲမှ ဆက်လက်ကျန်ရှိခဲ့သော အစိုးရအဖွဲ့ဝင်များကို မေလ ၂၂ ရက်တွင် ထိုင်းစစ်တပ်က အာဏာမှ ဖြုတ်ချခဲ့သည်။ ထိုင်းတွင် အာဏာမသိမ်းမီက ဆန္ဒပြပွဲများ လပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရာ အစိုးရ ဝန်ကြီးဌာနရုံး အများအပြား ပိတ်သိမ်းခဲ့ရပြီး၊ ထိုင်းနိုင်ငံ၏ စီးပွားရေးယုံကြည်မှု ပျက်စီးခဲ့ကာ၊ ထိုင်းစီးပွားရေး ထိခိုက်ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝပ်မှာမူ ထိုင်းတွင် စစ်တပ်က အာဏာမသိမ်းခင် နှစ်ပတ်ခန့် အလိုကတည်းက၊ ထိုင်းတရားရုံးတစ်ခုက သူမအား အာဏာ အလွဲသုံးစားပြုမှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့သည်။

ထိုင်း စစ်ကောင်စီသည် နိုင်ငံစီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်နေသလို၊ အခြားတစ်ဘက်တွင်လည်း အာဏာသိမ်းခြင်းအပေါ် ဝေဖန်မှုများအား နှိမ်နင်းလျက်ရှိကာ ဆန္ဒပြမှုများ ကြီးထွားမလာအောင်လည်း ချိုးနှိမ်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယဉ်လပ် နှင့် အခြား ထင်ရှားသော သက်ဆင့်ဘက်တော်သားများအား ထိုင်းစစ်အစိုးရက ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ၊ ထိုင်းစစ်ဘက်ကို ဆန့်ကျင်သော လှုပ်ရှားမှုများ မပြုလုပ်ရန် သတိပေးထားသည်။

ထိုင်းစစ်အစိုးရသည် ဇွန်လ ၁ရက် ညကလည်း ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့ရာ၊ ဇွန်လ ၂ရက်တွင် နိုင်ငံရေးအုပ်စု အမျိုးမျိုးမှ စုစုပေါင်း ၃၈ ဦးမှာ ထိုင်းစစ်အစိုးရထံ သွားရောက် သတင်းပို့ကြရမည်ဖြစ်သည်။

ဆင့်ခေါ်ခံထားရသောသူများထဲတွင် Pheu Thai ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ Ruangkrai Leekitwattana၊ ရှပ်နီဝတ် အဖွဲ့၏ ရှေ့နေ Karom Ponpornklang နှင့် Nakhon Nayok ဒေသ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Sitthichai Kittithanesuan တို့လည်း ပါဝင်သည်။

Mizzima Burmese