အစိုးရတပ်နှင့် ကေအိုင်အေ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေ

ပို့စ်တင်ချိန် - 12/06/2013 12:17:00 PM


အစိုးရတပ်နှင့် ကေအိုင်အေတို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခလရ (၄၀၅) အပါအ၀င် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈)တို့ ကွတ်ခိုင်မြို့နယ် နမ်လိတ်တောင်ကုန်းတွင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နမ်လိတ်တောင်ကုန်းတွင် အခြေစိုက်သော ကေအိုင်အေတပ်ရင်း(၈)ကို အစိုးရတပ်က ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းရာ““ကျွန်တော်တို့နယ်မြေထဲမှာ တိုက်ပွဲဖြစ်တာလုံးဝမရှိပါဘူး။ အာမခံပါတယ်။ အခုဖြစ်တာက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဘက်မှာပါ”” ဟု ထိပ်တန်းအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းခေါ်ဆို၍မရခဲ့ပါ။
ဒီဇင်ဘာ ၄ရက်က နမ်လိတ်တောင်ကုန်းတွင် အခြေစိုက်သော ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့်လည်း အစိုးရပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မန်စီမြို့နယ်အတွင်း အစိုးရနှင့် ကေအိုင်အေတို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ထောင်နှင့်ချီ ဗန်းမော်မြို့ပေါ်သို့ တိမ်းရှောင်ခိုလှုံခဲ့ရသည်။
7 Day Daily