အားကစားစိတ်ဓာတ်၊ မြန်မာ့နိုင်ငံရေးနှင့် အဓိက ကစားသမားများ

ပို့စ်တင်ချိန် - 12/06/2013 08:45:00 PM


အားကစားနည်း အမျိုးမျိုး ရှိသည့်အနက် ယနေ့ မြန်မာနိုင်ငံတွင် လူကြီးလူငယ်မရွေး အများစု အားပေးနေကြသော အားကစားနည်းမှာ ဘောလုံး အားကစားနည်း ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ပြည်နယ်/တိုင်း ဘောလုံးပွဲများကို ကွင်းသို့ သွားမကြည့်နိုင်လျှင် ရေဒီယိုကိုသာ အားကိုး ရပါသည်။ ကစားသမား တစ်ဦးချင်း၏ ခြေစွမ်းများ၊ အသင်းလိုက် ကစားကွက်များကို အသံလွှင့် ကြေညာသူ ပြောသမျှကိုသာ ကြားရသဖြင့် စိတ်ဖြင့်သာ မှန်းဆကြည့်ရသည်။ ကမ္ဘာ့ဖလားပွဲ လိုမျိုးဆိုလျှင် နှစ်အတော်ကြာမှ ရုပ်ရှင်ရုံတွင် ပြန်ကြည့်ရပါသည်။

ယခုဆိုလျှင် တိုးတက် ခေတ်မီလာသော နည်းပညာများကြောင့် ကမ္ဘာ့ဖလား၊ ဥရောပဖလား၊ တိုက်ကြီးများအလိုက် ဖလားများအပြင် ဘောလုံးအင်အားကြီး နိုင်ငံများ ဖြစ်ကြသော အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ စသော နိုင်ငံများ၏ ပြည်တွင်း ကလပ်ပြိုင်ပွဲများကိုပါ အချိန်နှင့် တစ်ပြေးညီ ထိုင်ရာမထ ကြည့်ရှုနိုင်ကြပြီ ဖြစ်ပါသည်။ ထိုသို့ ကြည့်ခွင့်ရသော အခါမှ နည်းပြများ၏ နည်းပညာ အစွမ်းပြ ကစားကွက်များ၊ ဒိုင်လူကြီးများ၏ တရားသော/မတရားသော ဆုံးဖြတ်ချက်များ၊ ပွဲကြည့် ပရိသတ်တို့၏ မျှတသော/မမျှတသော အားပေးမှု စသည်တို့အပြင် ကစားသမား တစ်ဦးချင်း၏ ခြေစွမ်းများ၊ အားကစား စိတ်ဓာတ်ရှိမှု/မရှိမှု စသည်တို့သည်လည်း ကွင်းကွင်းကွက်ကွက် အထင်အရှား မြင်တွေ့ရပါသည်။ အချို့သော ဘောလုံးသမားများသည် မိမိအသင်း အနိုင်ရလိုမှု တစ်ခုတည်းကို ကြည့်၍ အားကစား စိတ်ဓာတ် ကင်းမဲ့စွာဖြင့် တစ်ဖက်ကစားသမားကို တမင်သက်သက် အနာတရ ဖြစ်စေခြင်း၊ မိမိအသင်းဘက်မှ မှားမှန်းသိလျက် ဒိုင်လူကြီးကို ငြင်းခုံ ခြင်း၊ စောဒက တက်ခြင်းများကိုလည်း တွေ့မြင်ရပါသည်။

သို့ရာတွင် အမှန်တကယ် ထူးချွန်သော၊ အကောင်းဆုံး ဘောလုံးသမားအဖြစ် ပရိသတ်ကရော၊ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များကပါ အသိအမှတ် ပြုထားသည့် ဘောလုံးသမားများမှာမူ ပြိုင်ပွဲတစ်ပွဲကို မတရားသောနည်း ညစ်ပတ်သော နည်းတို့ဖြင့် အနိုင်မယူလိုဘဲ တရားသောနည်း၊ မျှတသောနည်း၊ သန့်ရှင်းသော နည်းများဖြင့်သာ ယှဉ်ပြိုင် အနိုင်ယူကြသည်ကို တွေ့ရှိရပါသည်။ ဤသည်မှာလည်း လေးစားအပ်သော အားကစားသမား စိတ်ဓာတ်ဟူ၍ ကျွန်တော် အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။

ဘောလုံး အသင်းတစ်သင်း အောင်ပွဲရဖို့အတွက် အသင်းလိုက် ညီညွတ်မှုရှိဖို့ လိုအပ်သည် ဆိုခြင်းမှာ အားကစား ဝါသနာရှင် ပရိသတ်များ အားလုံးသိကြသည့်အချက် တစ်ခုပင် ဖြစ်ပါသည်။ သို့သော် ပရိသတ်များသည် ဘောလုံးပွဲ တစ်ပွဲတွင် ဂိုးသွင်းသူကို ပိုမိုအားပေးသည်၊ ဂိုးသွင်းသူကို ပိုမိုအသိအမှတ် ပြုလေ့ ရှိကြပါသည်။ မီဒီယာများကလည်း ဂိုးသွင်းသူကို ပိုမို အလေးပေး ဖော်ပြလေ့ ရှိကြသည်။ ထို့ကြောင့် အသင်းတစ်သင်းတွင် ဂိုးသွင်း သူတို့သည် အခြားအသင်းသား များထက် ပိုမို နာမည်ကြီးကြသည်။ ထို့ကြောင့် နာမည်ကြီး လိုသူတို့သည် ဂိုးသွင်းနိုင်ရန် ကြိုးစားလာကြသည်၊ ဂိုးသွင်းခွင့် ရရန် ပိုမို ကြိုးစားလာကြသည်။ တစ်ကိုယ်ကောင်း ဆန်လာကြသည်။ မိမိက ဂိုးသွင်းခွင့် မသာသော်လည်း ဂိုးသွင်းရန် အခွင့်အရေး ပိုမိုရှိနေသည့် မိမိအသင်း ကစားဖော်ကို ဘောလုံးပေးပို့ခြင်း မပြုဘဲ မရမက ကန်သွင်းသည်။ သည်တော့ ဘောလုံးက ဂိုးပေါက်ထဲမဝင်၊ အပြင်ထွက်သည်၊ အပေါ်ထောင်သည်၊ ရလဒ်ကတော့ မိမိအသင်း အရှုံးသာလျှင် ဖြစ်သည်။

သို့ရာတွင် ကျွန်တော်အထက်တွင် ဖော်ပြခဲ့သည့် ထူးချွန်သော ကစားသမား၊ တစ်နည်း ပရိသတ်ချစ်သော ကစားသမားများမှာမူ ထိုသို့မဟုတ်။ မိမိတစ်ဦးတည်း၊ မိမိတစ်ကိုယ်တော် နာမည်ရဖို့ထက် မိမိအသင်း အနိုင်ရဖို့ကို ဦးစားပေးသည်။ အကယ်၍ မိမိက ဂိုးသွင်းခွင့် မသာလျှင် မိမိထက် အနေအထား ပိုကောင်းသော၊ ဂိုးသွင်းရန် အခွင့်အလမ်း ပိုမိုရှိသော မိမိအသင်းဖော်ထံသို့ ဘောလုံးကို ပေးပို့၍ ဂိုးသွင်းစေသည်။ ထိုအခါ ဂိုးဝင်သည်။ ရလဒ်ကား မိမိအသင်း အနိုင်ရသည်။ ဤသို့သော ဘောလုံးသမားမျိုးကို နည်းပြဆရာနှင့် အဆင့်အတန်းမြင့်သော ပရိသတ်က အသိအမှတ်ပြုသည်။ ချီးကျူးပါသည်။ ဤသည်ကိုလည်း ကျွန်တော်က အားကစားသမား စိတ်ဓာတ် ဟု အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသည်။ တစ်နည်းအားဖြင့် တစ်ကိုယ်ကောင်း မဆန်သော စိတ်ဓာတ် ဖြစ်ပါသည်။ မိမိနာမည်မရလျှင် နေပါစေ၊ မိမိအသင်း၊ မိမိအဖွဲ့အနိုင်ရလျှင် ကျေနပ်သူမျိုး ဖြစ်ပါသည်။

မိမိအကျိုးစီးပွား အတွက်၊ တစ်နည်း အကျိုးအမြတ်အတွက် စီးပွားရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူကို စီးပွားရေးသမားဟု ခေါ်ပါသည်၊ မိမိလုပ်အားကို အရင်းပြု၍ ရလာသော လုပ်အားခဖြင့် အသက်မွေးမှုပြုသူကို အလုပ်သမား/ဝန်ထမ်းဟု ခေါ်ပါသည်။ မိမိ၏ အကျိုးစီးပွားနှင့် အခွင့်အရေးကို စွန့်လွှတ်၍/အနစ်နာခံ၍ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အနစ်နာခံ ဆောင်ရွက်သူကို နိုင်ငံရေးသမားဟု ခေါ်ကြောင်း ငယ်စဉ်ကပင် မှတ်သား လေ့လာဖူးပါသည်။ ထို့ကြောင့် နိုင်ငံရေးသမား ဟူသည် သာမန်လူတို့ လုပ်နိုင်ခဲသည့် အလုပ်ကို လုပ်နိုင်သူ၊ မွန်မြတ်သော ပုဂ္ဂိုလ်ဟုပင် ဆိုနိုင်လောက်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အားကစားသမားကောင်း တစ်ယောက်သည် မိမိ၏ နာမည်ကျော်ကြားမှု၊ အောင်မြင်မှုထက် မိမိအသင်း၏ အောင်မြင်မှုကို ဦးစားပေးသလိုမျိုး နိုင်ငံရေးသမား တစ်ယောက်သည် မိမိနိုင်ငံ မိမိလူမျိုး အကျိုးရှိမည်ဆိုလျှင် မိမိ၏ အောင်မြင် ကျော်ကြားမှုကို စွန့်လွှတ်နိုင်ကြပါမည်လား။

ဆိုလိုသည်မှာ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် မိမိကိုယ်တိုင် လုပ်ရမှပင် ကျေနပ်နိုင်ပါမည်လား။ အကယ်၍ အခြား တစ်ယောက်သည် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိထက်ပိုမို၍ လုပ်ကိုင် ဆောင်ရွက်နိုင်သော အနေအထားမျိုး ရှိနေမည် ဆိုလျှင်ကော၊ ၎င်းလုပ်ကိုင် ဆောင်ရွက်၍ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်သွားမည်၊ ပြည်သူတွေပို၍ ချမ်းသာကြီးပွား သွားမည် ဆိုလျှင်ကော မိမိအနေနှင့် ကျေနပ်နိုင်ပါမည်လား။ နောက်တစ်မျိုး စဉ်းစားကြည့်လျှင် အခြားတစ်ယောက်သည် မိမိထက်ပိုမို၍ လုပ်ရည်ကိုင်ရည် ရှိသည်၊ မိမိထက်ပိုမို၍ အရည်အချင်းရှိသည်၊ ပြည်သူလူထုက နှစ်သက် သဘောကျသလို နိုင်ငံတကာကလည်း လက်ခံနိုင်သည်။ ထိုသူကို ပြည်သူအကျိုး၊ နိုင်ငံအကျိုးကို ဆောင်ရွက်စေရန် ကြည်ကြည်ဖြူဖြူနှင့် သဘောထားကြီးကြီး ထားနိုင်ပါမည်လား။ ထူးချွန် ထက်မြက်သော ဘောလုံးသမား တစ်ဦးကဲ့သို့ မည်သူပင် ဂိုးသွင်းသွင်း မိမိအသင်း အနိုင်ရရှိရေးသည် အဓိကဆိုသော အားကစား သမားကောင်း စိတ်ဓာတ်မျိုးထား ရှိနိုင်ပါမည်လား။

နိုင်ငံရေး သမားများသည် မိမိကိုယ်မိမိ ပြန်လည် ဆန်းစစ်ကြည့်ကြဖို့ လိုပါသည်။ မိမိသာလျှင် ပြည်သူနှင့် နိုင်ငံအကျိုးကို ဆောင်ရွက်မည်၊ အခြားတစ်ပါးသူ ဆောင်ရွက်သည်ကို လက်မခံနိုင်၊ အခြားတစ်ပါးသူ ဝင်ရောက် လုပ်ကိုင် ဆောင်ရွက်မည်ဆိုလျှင် ၎င်းပုဂ္ဂိုလ် ဝင်ရောက် လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုနိုင်ရန် ရနိုင်သမျှ နည်းလမ်းများကို အသုံးပြု၍ ဟန့်တားမည်၊ နှောင့်ယှက် မည်ဆိုလျှင် ထိုထိုသော ပုဂ္ဂိုလ်/အဖွဲ့အစည်း တို့ကို ကျွန်တော်တို့ မည်ကဲ့သို့ သတ်မှတ်ကြပါ မည်နည်း။ မိမိအသင်း အနိုင်ရှိရေးထက် မိမိတစ်ကိုယ်တော် ဂိုးသွင်းစွမ်းရည် ပြနိုင်ရေးကို အဓိကထားသော တစ်ကိုယ်ကောင်း ဆန်သည့် ဘောလုံးသမားမျိုး သို့မဟုတ် နိုင်ငံနှင့်လူမျိုး အကျိုးကို ဦးစားမပေးဘဲ မိမိ၏ အောင်မြင်ကျော်ကြားမှု ကိုယ်ကျိုးကိုသာ ရှေ့တန်းတင် ဦးစားပေးသူ များအဖြစ် သတ်မှတ်ရုံသာ ရှိပါတော့သည်။

ဘောလုံး အားကစားနည်းနှင့် နိုင်ငံရေးကစားပွဲတို့ မတူညီသော အချက်မှာ ဘောလုံး ကစားနည်းတွင် နည်းပြဆရာ ရှိပါသည်။ နည်းပြဆရာက ကစားကွက်ကို ချပေးပါသည်။ နည်းပြဆရာ ချပေးသော ကစားကွက်အတိုင်း ကစားသမားများက လိုက်နာရပါသည်။ တစ်ခါတစ်ရံတွင်မူ ကွင်းထဲတွင် ဖြစ် ပေါ်လာသော အခြေအနေအရ အတွေ့အကြုံကို အခြေခံ၍ အချင်းချင်း နားလည်မှုဖြင့် အပေးအယူမျှစွာ ကစားရပါသည်။ နိုင်ငံရေး ကစားပွဲတွင်မူ နည်းပြဆရာ မရှိပါ။ မိမိ၏ နိုင်ငံရေး အတွေ့အကြုံ၊ မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်း အစဉ်အလာနှင့် ပြည်သူတို့က သာလျှင် နည်းပြဆရာများ ဖြစ်ကြပါသည်။ အချင်းချင်း နားလည်မှု ရှိစွာဖြင့် အပေးအယူ မျှမျှတတ ကစားဖို့ကလည်း အဓိက အရေးကြီးပါသည်။

မြန်မာ့ နိုင်ငံရေး ကစားကွင်းတွင် လောလောဆယ်အားဖြင့် အဓိက ကစားသမား ရှေ့တန်း တိုက်စစ်မှူး သုံးဦး ရှိပါသည်။ အရေးကြီးသော အချက်မှာ ယင်းတိုက်စစ်မှူး သုံးဦးသည် မတူညီသော အသင်းများမှ တိုက်စစ်မှူးများလား။ သို့တည်းမဟုတ် အသင်းတစ်သင်းတည်းမှ အတူတကွ ကစားကြမည့် အဓိက တိုက်စစ်မှူး များလား။ ကျွန်တော်ကတော့ ပြည်သူတစ်ဦး အနေနှင့် ဖြစ်စေလိုသည်မှာ ပြည်တွင်းတွင် ကွဲပြားသော ကလပ်အသင်းများကို ကိုယ်စားပြု၍ ကစားနေကြသော်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လက်ရွေးစင် အသင်းကြီးတွင်မူ နိုင်ငံကို ကိုယ်စားပြု၍ အတူတကွ ပါဝင် ကစားကြစေ လိုပါသည်။ အဓိက ကစားသမား သုံးဦး ဖြစ်နေသည့်အတွက် မည်သူ့ကို ဦးစားပေး တိုက်စစ်မှူးအဖြစ် ထားရှိရပါမည်နည်း။ ဘောလုံးစကား ဖြင့် ဆိုရသော် မည်သူ့ကို အထောင် တိုက်စစ်မှူးအဖြစ် ထားရှိ၍ မည်သူ့ကို နောက်ချန် တိုက်စစ်မှူးအဖြစ် ထားရပါမည်နည်း။

ဤသို့ဆိုလျှင် ပြည်ပ ကစားပွဲများတွင် ကျွန်တော်တို့ ယှဉ်ပြိုင် ကစားရမည့် အသင်းများကား မည်သည့် အသင်းများပါလဲ။ ယနေ့ ဆွဲထားသော ပွဲစဉ်ဇယားများအရ ဆိုလျှင် မြန်မာနှင့် တွေ့ရမည့် အသင်းများမှာ ကမ္ဘာကျော် အသင်းကြီးများဖြစ်သည့် ဥရောပ သမဂ္ဂအသင်း၊ အမေရိကန်အသင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအသင်း၊ အိန္ဒိယနိုင်ငံအသင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ အသင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း စသည့် အသင်းများဖြစ်ရာ မြန်မာအသင်းအဖို့ နိုင်ငံခြား အတွေ့အကြုံများစွာ လိုအပ်သည်မှာ အငြင်းပွားစရာ မရှိပါပေ။

ထို့ကြောင့် မြန်မာ့နိုင်ငံရေး ကစားကွင်းမှ အဓိက ကစားသမားများ ဖြစ်သည့် ရှေ့တန်း တိုက်စစ်မှူးများကို သန်း ၆၀ သော နည်းပြများအနက် တစ်ဦးဖြစ်သော ပြည်သူတစ်ဦး အနေနှင့် အကြံပြု ကစားကွက်ကို တင်ပြလိုသည်မှာ မိမိရှိနေသော အနေအထားတွင် ဂိုးသွင်းရန် အခွင့်မသာပါက မိမိအသင်း အောင်နိုင်ရေးကို အဓိက ထား၍ မိမိထက်ပို၍ ဂိုးသွင်းရန် အခွင့်သာ သောနေရာ/အနေအထားတွင် ရှိနေသူအား ဘောလုံးကို ထိုးပေးလိုက်ပါ ဟူ၍သာ....။

The Voice Weekly