သူမကို နတ်မော်စစ်တပ်မှ တပ်သားရဲဘော်တစ်ယောက်က အဓမ္မပြုကျင့်ခဲ့သည်ဟု ထွက်ဆိုထားသော အမျိုးသမီး အဆိပ်သောက်မိထားသောကြောင့် သေဆုံး

ပို့စ်တင်ချိန် - 12/06/2013 06:43:00 PM


ဟင်္သာတ၊ ဒီဇင်ဘာ ၆။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နတ်မော်ခြေလျှင်တပ်ရင်း (၁၈)မှ ရဲဘော်တစ်ဦးက သူမကို အဓမ္မပြုကျင့်ခဲ့ပါသည်ဟု ထွက်ဆိုထားသော အမျိုးသမီးသည် ယနေ့နံနက် (၁၀:၃၀) အချိန်ခန့်က ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာနေ မသူဇာ အသက် (၃၈) နှစ်သည် သူမနှင့် ရည်ငံနေသော နတ်မော်ရှိ အမှတ် (၁၈) ခြေလျှင်တပ်ရင်းမှ ဒုတပ်ကြပ် မောင်ဌေးထံသို့ တွေ့ဆုံရန်လာရောက်စဉ် ဤကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက် ၆ နာရီအချိန်ခန့်က နတ်မော်ဒေသခံများမှ နတ်မော်စစ်တပ်ရှေ့ရှိ လမ်းဘေးတွင် သူမကို သတိလစ်မေ့မြောလျှက်တွေ့ရှိခဲ့သောကြောင့် ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံအရောက်တွင် သတိပြန်လည်ရရှိလာကာ စကားအနည်းငယ်ပြောဆိုပြီး ပြန်လည်သတိလစ်သွားခဲ့ကြောင်း သိရသည်။ သူမသတိရရှိစဉ် ပြောကြားခဲ့သည်များမှာ “ သူမသည် သူမရည်းစားရှေ့တန်းထွက်နေ၍မရှိသော်လည်း ယခင်အကြိမ်များကတည်းခိုခဲ့ဖူးသည့်အိမ်မှာပင် တည်းခိုခဲ့ကြောင်း၊ ထိုအိမ်တွင် ညပိုင်းရောက်သော် သူမကို ရဲဘော်တစ်ဦးမှ အလိုမတူပဲ သားမယားအဖြစ်ဆက်ဆံခဲ့ကြောင်း၊ သူ့မတွင် အထောက်အထားစာရွက်စာတမ်း၊ မှတ်ပုံတင်တို့ ပါလာကြောင်း၊ ထိုအရာများကို အဓမ္မပြုကျင့်ခဲ့သော ရဲဘော်မှယူဆောင်သွားကြောင်း ” သာပြောဆိုနိုင်ခဲ့ပြီး ပြန်လည်သတိလစ်သွားခဲ့ကြောင်း သိရသည်။ သူမသတိလစ်မေ့မြောနေစဉ်အတွင်း သူမကိုယ်ခန္ဓာပေါ်တွင် ရှာဖွေရာ မတ်ပဲအိတ်အတွင်းထည့်ရသောဆေးပြားအချို့သာ (ထိုဆေးပြားများမှာ တစ်ပြားသောက်မိလျှင်ပင် လူ့အသက်ကို သေစေနိုင်) တွေ့ရှိခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။ တာဝန်ရှိ ဆရာဝန်များက ဆက်လက်စစ်ဆေးသောအခါတွင် သူမမှာ အဆိပ်(သူမ၏ အိပ်ထဲတွင်တွေ့ရှိရသော ဆေးပြားများဟု ယူဆ) သောက်ထားကြောင်း သိရှိရပြီး၊ သူမကို ဆေးကုသမှုပြုလုပ်နေဆဲမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

သူမတည်းခိုခဲ့သောအိမ်မှာ နတ်မော်စစ်တပ်ရှေ့တွင်ရှိသော နတ်ချောင်းအုပ်စု ရွာသစ်ကုန်းကျေးရွာရှိ နတ်မော်စစ်တပ်ထဲတွင် လိုင်းခန်းအနေအထားအစဉ်မပြေသော တပ်သားမိသားစုများ ငှားရမ်းနေထိုင်သောအိမ်ဖြစ်ကြောင်း သိရသည်။ နတ်မော်ဒေသခံများ၏ပြောကြားချက်အရ သေဆုံးသူသည် ဒုတပ်ကြပ်မောင်ဌေးနှင့် သမီးရည်းစားဖြစ်နေသည်မှာ မှန်ကန်ကြောင်း၊ ယခုမှုခင်းဖြစ်ပွားခဲ့သောအိမ်မှာပင် ၎င်းတို့နှစ်ဦး အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်မှာလည်း မှန်ကန်ကြောင်း သိရသည်။ ဟင်္သာတပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာတွင် ဆေးရုံအုပ်ကြီး၏ ခွင့်ပြုချက်ပါမှသာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Hinthata HumanRights