ဌာနတွင်းအကျင့်ပျက်ခြစားမှုများ ထိန်းသိမ်းရန် သာသနာရေးဝန်ကြီးပြော

ပို့စ်တင်ချိန် - 12/06/2013 12:17:00 PM


ဌာနတွင်း အကျင့်ပျက်ခြစားမှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီး သာသနာရေးမှူးများ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အဆိုပါကိစ္စရပ်များကို သိလျက်နှင့် ထိန်ချန်ဖုံးကွယ်ပေးထားပါက ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ပြောကြားသည်။

““ဒီနေ့အခြေအနေဟာ ပွင့်လင်းမြင်သာမှုရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် အကျင့်ပျက်ခြစားမှုအပိုင်းမှာလည်း ဖုံးကွယ်ရှောင်ပုန်းနေလို့မရပါဘူး။ ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးနိုင်တာ    ဖြစ်တဲ့အတွက်  မဟုတ်တာလုပ်တာကို ဖုံးကွယ်ပေးထားတယ်လို့ စစ်ဆေးတွေ့ရှိပေါ်ပေါက်ရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်”” ဟု ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်သော တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

ထိုသို့ အရေးယူဆောင်ရွက်မည်ဖြစ်သည့်အတွက် မိမိတို့လက်အောက်ရှိဝန်ထမ်းများ အရေးယူမခံရစေရေး၊ ဥပဒေပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုမရှိစေရေး  ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးဆန်းဆင့်ကဆိုသည်။

 နိုင်ငံအတွင်းလုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အောက်ခြေမှတွန်းအားပေးသကဲ့သို့ အထက်ကလည်း ဆွဲခေါ်နေကြောင်း၊ သို့သော် အချို့မှ ဒယဥ့်တိုက်လိုက်နေသေးသည်များကို တွေ့ရှိရသည့်အတွက် မိမိတို့၏အတွေးအခေါ်အယူအဆများကို ပြောင်းလဲရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

““ဒီနေ့အာဏာသုံးရပ်ရဲ့ အရင်းအမြစ်ဟာ ပြည်သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေကလည်း ပြည်သူ့ဝန်ထမ်းတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူတွေကို ၀န်ဆောင်မှုပေးနေရတယ်လို့ခံယူပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သာသနာရေးမှူးတွေအနေနဲ့ အခြေခံဥပဒေတွေကို နားလည်ထားဖို့လိုပါတယ်””ဟု ဦးဆန်းဆင့်ကပြောသည်။
7 Day Daily