ရခိုင်တွင် မိန်းကလေးနှစ်ဦး အသတ်ခံရမှု သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေး

ပို့စ်တင်ချိန် - 12/06/2013 07:00:00 PM



ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသူ မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှု သံသယရှိသူ အမျိုးသား လေးဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာမှ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အသတ်ခံခဲ့ရမှု၌ သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အလားတူ ပေါက်တောမြို့နယ် စိုးမဲကျီ ကျေးရွာတွင် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က အသတ်ခံရမှု သံသယရှိသူ တစ်ဦးကိုလည်း ဖမ်းဆီး စစ်ဆေးနေကြောင်း ၎င်းကဆိုသည်။

ကျောက်တော်မြို့နယ်တွင် မိန်းကလေး အသတ်ခံမှုမှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားပြီး နောက်တစ်ရက်တွင် ရွာပြင် စပါးခင်းတွင် ဦးခေါင်း၊ ပါးတို့တွင် ဒဏ်ရာများအပြင် အဓမ္မပြုကျင့် ခံရသည့် အနေအထားဖြင့် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များထံမှ သိရှိရသည်။

ပေါက်တောမြို့နယ်၌ သတ်ဖြတ်ခံရသည့် မိန်းကလေးသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၆ နာရီ ဝန်းကျင်တွင် ပျောက်ဆုံးသွားပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အိမ်နှင့် နှစ်ဖာလုံခန့် ဝေးသည့် စမ်းချောင်းအနီးတွင် ငယ်ထိပ်ပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးလျက် ရှိကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly