OIC ဆန္ဒပြမှုအား ဗဟန်းရဲစခန်း အရေးယူဆောင်ရွက်သည့်သတင်း ဂျာနယ်တွင် ထည့်သွင်းရန် မူပိုင်ခွင့်ဌာနညွှန်ကြား

ပို့စ်တင်ချိန် - 12/06/2013 12:52:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၂

ဗဟန်းမြို့နယ် ကြားတောရလမ်း၌ အစ္စလာမ်(မစ်)နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) အား ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့် အရေးယူဆောင် ရွက်ထားသော သတင်းအား မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အပါအ၀င် ပြည်တွင်း မီဒီယာ အချို့တွင် ဖော်ပြပေးပါရန် ပြန်ကြားရေး ၀န်ကြီး ဌာန ညွှန်ကြားချက်ဖြင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန (ယခင်စာပေစိစစ်ရေး) ဌာနစု ၆၊ ဦးစီးအရာ ရှိ ဒေါ်သိင်္ဂီဇင်က နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ဆက် သွယ် ပြောကြားခဲ့သည်။

အဆိုပါ အကြောင်းအရာ အပြည့်အစုံအား [email protected] လိပ်စာဖြင့် မြန်မာ သံတော် ဆင့်သို့ ပေးပို့ခဲ့ပြီး sdtimedaily, uniondaily, 7 day news journal, The First media group, Goldenfreshland, The Voice Weekly, Newswatch Journal များသို့လည်း ပေးပို့ခဲ့သည်။ …

ယင်း mail ထဲတွင် ““၁၅-၁၁-၂၀၁၃ ရက်တွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်း ဆန္ဒဖော်ထုတ်ခဲ့ခြင်း နှင့် ပတ်သက်၍ ကိုးကွယ်သည့် ဘာသာသာသနာအား စော်ကားရန် အကြံဖြင့် ဆောင်ရွက်ခဲ့သဖြင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည့် အကြောင်းအရာအား လူကြီးမင်း၏ သတင်းစာ ဂျာနယ်တွင် လိုအပ်သလို ထည့်သွင်း ဖော်ပြပေးနိုင်ပါရန် ပေးပို့ပါသည်””ဟု ပါရှိသည်။

ယင်းသတင်းအား ဖော်ပြပေးပါရန် တောင်းဆိုချက်မှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက် ဖြစ်သည်နှင့် စပ်လျဉ်း၍ အတည်ပြု မေးမြန်းခဲ့ရာ ဒေါ်သိင်္ဂီဇင်က ““အေး အဲ့လိုပဲပေါ့နော်။ သံတော်ဆင့် ထွက်မယ့်ဟာမှာ ထည့်ပေးရမှာ ပေါ့နော်။ ဂျာနယ်တိုင်းတော့ မဟုတ်ဘူး။ သမီးတို့ဂျာနယ်ကျတော့ လူဖတ်များတာကိုး။ ဘာကြောင့် ထည့်ခိုင်းတာလဲဆိုတာကို အဲဒါတော့ အန်တီတို့ မေးလို့မရဘူး။ မေးလို့လည်း ဘယ်ရမလဲနော်။ အထက်က ထည့်ခိုင်းတာဆိုတော့””ဟု ဖြေကြားခဲ့သည်။

အဆိုပါ သတင်းကိစ္စနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ““ဘယ်သူက ထည့်ခိုင်းတာလဲ ကျွန်တော်တော့ မသိဘူး။ အစိုးရ သတင်းစာမှာ ပါပြီးပြီပဲ။ ကျွန်တော်က သံတော်ဆင့်ကို ထည့်ရအောင် ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်တို့ ပြောချင်တဲ့ သတင်းကို မြန်မာ့အလင်း သတင်းစာထဲမှာ ပါပြီးသွားပြီပဲ။ ကျွန်တော်တို့ အဲဒီကိစ္စမသိဘူး။ သေချာအောင် ပြန်မေးကြည့်ပါ။ ကျွန်တော်တို့ကတော့ ထည့်စရာ ဘာအကြောင်းမှ မရှိဘူး””ဟုပြန်လည် ဖြေကြားခဲ့သည်။

မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနရုံးသည် ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်တွင်ရှိပြီး ယခင်က စာပေ ကင်ပေတိုင်ရုံး ဟုလည်း အမည်တွင်ကာ အစိုးရကိုယ်စားပြု အနေဖြင့် စာပေစိစစ်ရေးရုံး အဖြစ် မီဒီယာများ အပေါ် ချုပ်ကိုင်မှု ရှိခဲ့သည်။

ဇင်မာ

Myanmartandawsint Newspaper