လေကြောင်းဇုန်သတ်မှတ်မှုအပေါ် မှားယွင်းကြောင်း ထပ်တလဲလဲမပြောရန် တရုတ်က အမေရိကန်ကို သတိပေး

ပို့စ်တင်ချိန် - 12/06/2013 08:30:00 PM

အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်သည် ပေကျင်းသို့ ရောက်ရှိလာချိန် တရုတ်တို့၏ လေကြောင်းဇုန် သတ်မှတ်မှုအပေါ် မှားယွင်းကြောင်း ထပ်တလဲလဲ အပြစ်ပြောဆိုမနေသင့်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက သတိပေး ပြောကြားလိုက်သည်။ ပေကျင်းသို့ ရောက်ရှိနေသော မစ္စတာဂျိုးဘိုင်ဒင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီကေကျန်းတို့နှင့်အတူ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။ ၄င်း၏ အာရှခရီးစဉ်သည် တရုတ်က ဂျပန်ထိန်းချုပ်ထားသော ကျွန်းစုကို လွှမ်းခြုံလျက် တရုတ်က လေကြောင်း ကာကွယ်ရေးဇုန်သစ် သတ်မှတ်လိုက်ခြင်းအပေါ် တင်းမာမှု ဖြစ်ပွားခြင်းကို ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်သည်။ မစ္စတာဂျိုးဘိုင်ဒင်သည် ဂျပန်မှာ အမေရိကန်၏ အဓိက မိတ်ဖက်ဟု အခိုင်အမာ ပြောဆိုခဲ့ပြီး တိုကျိုမှ တစ်ဆင့် ရောက်ရှိလာခဲ့သည်။ ၄င်းသည် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ ပြုလုပ်သော ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လိမ့်မည်ဖြစ်သည်။ မစ္စတာဂျိုးဘိုင်ဒင်က သူ့အနေဖြင့် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တရုတ်၏လေကြောင်း ဇုန်အသစ်အပေါ် စိုးရိမ်မှုများ မြင့်တက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

BBC Burmese