ဆီးဂိမ်းအလံတိုင် နုတ်ပစ်သူငါးဦးကို ဒဏ်ရိုက်အရေးယူ

ပို့စ်တင်ချိန် - 12/06/2013 10:46:00 PM


Friday, December 06, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မန္တလေးမြို့တွင် စိုက်ထူထားသည့် လှုံ့ ဆော်ရေးအလံတိုင်များအား နိုဝင်ဘာလ ၃၀ ရက် ည ၁၁ ပိုင်းက ဆွဲနုတ်သူများကို ချမ်းမြသာစည်မြို့ နယ်တရားရုံးက ဒဏ်ငွေ နှစ်ရာကျပ် ဒီဇင်ဘာ ၄ ရက်တွင် ချမှတ်လိုက်သည်။

အလံတိုင်များဆွဲနုတ်သည့် နေရာများမှာ မန္တလာသီရိအားကစားကွင်း မုခ်ဦးရှိအလံတိုင်နှင့် သဇင်လမ်းနှင့် အားကစားကွင်း ၀င်ပေါက်မုခ်ဦးထိပ်ကြားတွင် စိုက်ထူးထားသော အလံတိုင်တို့ဖြစ်သည်။ ဒဏ် ငွေချမှတ်ခံရသူများမှာ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် ကပ်ကြီးကုန်းရွာတွင် နေထိုင်သည့် အသက် ၁၉နှစ် အရွယ်တစ်ဦး အပါအ၀င် ငါးဦးတို့ကို စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၃(ဆ) ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

သို့သော် စည်ပင်သာယာရေး နည်းဥပဒေတားမြစ်ချက်နှင့် အရေးယူခြင်း ပြဋ္ဌာန်းချက် ပါဝင်ခြင်းမရှိ သဖြင့် မြို့နယ်တရားသူကြီးနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကာ ပြစ်မှုဥပဒေ ပုဒ်မ၂၉၀ ဖြင့် ငြိစွန်း ကြောင်းသိရသဖြင့် ဒီဇင်ဘာ ၄ ရက် တွင် ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှုအမှတ် ၁၄၁၈/၂၀၁၃ဖြင့် လက်ခံဆောင်ရွက်ခဲ့သည်။ စစ်ဆေးမှု ပြုလုပ်ပြီးနောက်တွင် ပြစ်မှုကျူးလွန်သူ ငါးဦး ကို ငွေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ကြော်ငြာဌာနက တာဝန်ရှိသူတစ်ဦးက “အခုလို ဆီဂိမ်းအားကစားပြိုင်ပွဲ ကျင်းပဖို့အတွက် လှုံ့ဆော်ရေးပို့စတာ၊ အလံတိုင်တွေကို ဖျက်ဆီးတာဟာ နိုင်ငံကြီးသား မပီသရာရောက်ပါတယ်၊ဒါတွေ ကို ထိရောက်တဲ့အရေးယူမှုတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

မန္တလေးမြို့ ဆီဂိမ်းပြိုင်ပွဲလှုံ့ဆော်ရေး ပို့စတာများကို အလံတိုင်၊ ပို့စတာ၊ လမ်းဖြတ်ပိုစတာ စုစုပေါင်းတစ် ထောင်ကျော် လုပ်ဆောင်ထားရှိသည်။

Mizzima Burmese