၁၃ ရာစု မုတ္တမအိုးနှင့် စဥ့်ပန်းကန်ပြား တူးဖော်ရရှိ

ပို့စ်တင်ချိန် - 12/06/2013 02:10:00 PM


မော်လမြိုင်၊ ဒီဇင်ဘာ ၅

မွန်ပြည်နယ် မုတ္တမမြို့ ဇာကဒွန်း ရပ်ကွက်ရှိ ဦးစိုးတင်၏ မုန့်တီ၊ မုန့်ဖတ် လုပ်စက်ရုံတွင် စက်ရုံထွက် အညစ်အကြေးများ စွန့်ပစ်ရန် မြေကျင်းတူးရာမှ ပုဂံခေတ်နှင့် ခေတ်ပြိုင် ထင်ရှားခဲ့သည့် မာတဘန်ဂျား (မုတ္တမအိုး) နှင့် ဆဲလီဒွန်ခေါ် စဥ့်စိမ်း အကြည်ရောင် ပန်းကန်ပြားများကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်တွင် တူးဖော် ရရှိခဲ့ကြောင်း မုတ္တမမြို့ဟောင်းများနှင့် ရှေးဟောင်း အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန်းဦးက ပြောကြားသည်။

ယခု တူးဖော်ရရှိသည့် မုတ္တမအိုးသည် ဂဝံမြေသားအောက်ရှိ နုန်းမြေးသား ထဲမှ တူးဖော်ရရှိခြင်း ဖြစ်ပြီး အိုးအဝသည် ရှစ်လက်မ၊ လုံးပတ်ခြောက်ပေ၊ အမြင့်နှစ်ပေ ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မုတ္တမမြို့ မြေပေါ်မြေအောက်တွင် ရှေးဟောင်း ပစ္စည်းများ မကြာခဏ တွေ့ရှိရသော်လည်း ဒေသခံများက ရှေးဟောင်းပစ္စည်း၏ တန်ဖိုးကို မသိရှိကြသဖြင့် တစ်ဖက်ပြည်ပ နိုင်ငံများကို ရောက်ရှိ သွားခဲ့သည့် ရှေးဟောင်းပစ္စည်းများစွာ ရှိနေသည်ဟု ၎င်းကဆိုသည်။

မုတ္တမအိုးများကို အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများ၏ ရှေးဟောင်းပစ္စည်း တူးဖော်မှုများ၊ ရှေးဟောင်း သင်္ဘောပျက် တူးဖော်မူများနှင့် ရှေးဟောင်းပစ္စည်း အရောင်းဆိုင် များမှလည်း တွေ့ရှိ ထားကြောင်း၊ ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ပင်လယ်ဆိပ်ကမ်းမြို့ ဟောင်းနေရာ ခြောက်နေရာတွင် မြန်မာ့ စဥ့်ထည်များဖြစ်သည့် မာတဘန် စဥ့်အနက်ရောင် အိုးများနှင့် စဥ့်အဖြူရောင် အိုးများကို တူးဖော်တွေ့ရှိခဲ့ကြောင်း မုတ္တမအိုးနှင့် စဥ့်ထည်များ သုတေသန ပညာရှင် ဒေါ်နန်းကြည်ကြည်ခိုင်က မုတ္တမစာတမ်း ဖတ်ပွဲတွင် ပြောကြားထားသည်။

“အရင်ကလည်း အိမ်သွားဆောက်တဲ့ ဇာကဒွန်း ရပ်ကွက်မှာ မြေကျင်းတူးရင်း အိုးအလုံး ၂၀ လောက် ထွက်လာတယ်။ ဘာအိုးမှန်း မသိတော့ ကျွန်တော်တို့လည်း ရိုက်ခွဲလိုက်တယ်။ အဲဒီတုန်းကတော့ အိုးတစ်နဲ့တစ်လုံး အကွာက သုံးပေ၊ လေးပေ လောက်ပဲ ရှိတယ်။ ဒီတစ်ခေါက် ရတဲ့အိုးကတော့ အကြီးဆုံးပဲ” ဟု အဆိုပါ မြေကျင်း တူးခဲ့သူ ဦးဇော်လင်းက ပြန်လည် ရှင်းပြသည်။

မုတ္တမအိုးများမှာ စဥ့်အနက်ရောင်၊ စဥ့်အညိုရောင် အိုးကြီးများ ဖြစ်ပြီး ယခင်ခေတ်က ယင်းအိုးထဲတွင် ကြာရှည်ခံ ပစ္စည်းများ သိုလှောင်ရာတွင် အသုံးပြုခဲ့ကြကြောင်း၊ တရုတ်၊ ဂျပန်၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အရှေ့တောင်အာရှ နိုင်ငံထုတ် မြေထည်၊ စဥ့်ထည်ပစ္စည်းများ တူးဖော်မူများတွင် လည်း မုတ္တမအိုးများနှင့် စဥ့်ထည် များကိုလည်း တူးဖော် ရရှိထားကြောင်း ဒေါ်နန်းကြည်ကြည်ခိုင်က ဆိုသည်။

အရှေ့တောင်အာရှ နိုင်ငံထုတ် ပစ္စည်းများထဲတွင် မြန်မာ့စဥ့်ထည် ပစ္စည်းများ တွေ့ရှိခဲ့ရာတွင် မည်သည့် နိုင်ငံထုတ်ပစ္စည်း ဖြစ်သည်ကို အတည်ပြုရန် အခက်အခဲများ ရှိခဲ့ကြောင်းနှင့် ထိုင်းနှင့် မြန်မာသည် နယ်နိမိတ်ခြင်း ထိစပ်နေသဖြင့် မြန်မာ့ ရှေးဟောင်း ပစ္စည်းများကို ထိုင်းပစ္စည်းများအဖြစ် ထင်ယောင်ထင်မှား သတ်မှတ်ခံခဲ့ ရသည်မှာလည်း ဝမ်းနည်းဖွယ် တွေ့ ရှိခဲ့ရသည်ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည် နှစ်ပေါင်း ခုနစ်ရာကျော်က တတိယမုတ္တမမြို့ကို တည်ထောင်ခဲ့သည့် မွန်ဘုရင် ဝါရီရူမင်း လက်ထက်တွင် မုတ္တမနယ်မြေ ပိုင်နက်သည် ၃၂ မြို့ ဖြစ်ခဲ့ပြီး အဆိုပါမင်း လက်ထက်မှ ဆေးတံများ စဥ့်ထည်း ပန်းကန်ပြားများနှင့် ရှေးဟောင်း အိုးများကို မုတ္တမမြို့ဟောင်း မြို့ရိုး တစ်လျှောက်တွင် တူးဖော်ရရှိလေ့ ရှိကြောင်း ၎င်းက ပြောသည်။

သမိုင်း အထောက်အထားများအရ မြန်မာ့ အိုးမြို့တော်များဟု လူသိများခဲ့သည့် တွံတေး၊ ပဲခူး၊ မုတ္တမ (မာတဘန်) မြို့များတွင် စဥ့်ဖိုဟောင်းများ အမှန်တကယ် ရှိ၊ မရှိကို သုတေသန ပညာရှင်များက ရှာဖွေလျက်ရှိကာ ယဉ်ကျေးမှု ဝန်ကြီးဌာနက တွံတေး (တလ) တောကြီးတန်းနှင့် ပဲခူး (လဂွန်း ဗျည်း) မြို့ဟောင်း တစ်လျှောက်တွင် စဥ့်ဖိုဟောင်း လေးခုကို ရှာဖွေတူးဖော် သုတေသန ပြုထားပြီး ဖြစ်သည်။

The Voice Weekly