ချင်းတွင်းမြစ်ကြောင်းတွင် ခရီးသည်တင် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ရေမြုပ်သွား၍ လူတချို့ ပျောက်ဆုံးနေ

ပို့စ်တင်ချိန် - 12/06/2013 06:40:00 PM


ဟုမ္မလင်း ၊ ၆-၅-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် ထမံသီ နယ်မြေ ရဲစခန်းတွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက ချင်းတွင်း မြစ်ကြောင်း အတွင်း ခရီးသည်များ တင်ဆောင် လာသည့် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ရေယာဉ်များ နစ်မြုပ်ကာ လူတချို့ ပျောက်ဆုံး နေသည့်အတွက် ရေယာဉ် မောင်းနင် လာသူများကို အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

အဆိုပါ ရေယာဉ်နှစ်စီး မျက်နှာချင်း ဆိုင် တိုက်မိသည့် နေရာမှာ ဟုမ္မလင်း မြို့နယ် မှန်ကင်း ဆိပ်ကမ်း အနီး ချင်းတွင်း မြစ်ကြောင်း အတွင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရေယာဉ် ကြီးကြပ်ရေး အဖွဲ့၏ မှတ်တမ်း များက ဖော်ပြထား ကြောင်း သိရသည်။

ဟုမ္မလင်း မြို့နယ် မောင်းခမ်း နယ်မြေ ရဲကင်းမှူး ဒုတိယ ရဲအုပ် အောင်စိုးဝင်း နှင့်အဖွဲ့သည် ဒီဇင်ဘာ ၂ရက်ညက အဆိုပါ ရေယာဉ် နှစ်စီး နစ်မြုပ် သွားခဲ့သည့် နေရာသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်ဟု အတည်ပြုပြော ကြားသည်။ (ပုံ)

ရေယာဉ်များ မျက်နှာချင်း ဆိုင် တိုက်မိကာ ရေထဲသို့ နစ်မြုပ် သွားခဲ့ခြင်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ ၏ စစ်ဆေး ပေါ်ပေါက်ချက် များအရ သိရှိသည်မှာ ဟုမ္မလင်း မြို့နယ် ပုတ်သိုး ကျေးရွာမှ မောင်းခမ်း (တောင်/မြောက်) ကျေးရွာများ သို့ ဦးတင်မောင်ထွေး (ခ) ဦးထွေး မောင်းနှင်သည့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင် တပ်ဆင် ထားသော အလျား ၁၈ ပေရှိ ရေယာဉ်နှင့် ဟုမ္မလင်း မြို့နယ် ဟိန်းစွန်း ကျေးရွာနေ ကိုစန်းလှိုင် မောင်းနှင်သည့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်စက် တပ်ဆင် ပါရှိသည့် အလျား ၂၄ ပေရှိ အပြာရောင် ရေယာဉ် နှစ်စီးမှာ မျက်နှာချင်း ဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်မိ ခဲ့သည့် အတွက် ရေယာဉ် နှစ်စီးမှာ ရေထဲသို့ နစ်မြုပ်သွား ခဲ့သည်။ ရေယာဉ်နှစ်စီး တိုက်မိပြီး ရေနစ်မြုပ် သွားသည့် အတွက် ကိုစန်းလှိုင် မောင်းနှင် လာသော ရေယာဉ်ပေါ်မှ စီးနင်း လိုက်ပါ လာသည့် ခရီးသည် ၂၄ ဦးအနက် ဦးမိုးညွန့် ၊ ဒေါ်သန်းမြင့်ဆိုသူ ခရီးသည် နှစ်ဦးမှာ ရေထဲ၌ နစ်မြုပ် ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

'' ဖြစ်တာက ည ၇ နာရီ အချိန်ကြီး ဆိုတော့ ဘာမှ ကောင်းကောင်း မမြင် ရတော့ဘူး။ ပျောက်နေတဲ့ ခရီးသည် တွေလဲ အသက်ရှင်လျက် ပြန်တွေ့ နိုင်ဖို့ မျှော်လင့်ချက် အပြည့်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေပါတယ် .. .. '' ဟု မောင်းခမ်း နယ်မြေ ရဲကင်းမှူး ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့က ပြောပြသည်။ အဆိုပါ ရေယာဉ်စီး ခရီးသည် များကို ကူညီ ကယ်ဆယ် ပေးလျက် ရှိသည့် ဒုတိယ ရဲအုပ် စိုးဝင်းအောင် က ၄င်းကိစ္စကို တရားလို ပြုလုပ်၍ ထမံသီ နယ်မြေ ရဲစခန်းသို့ တိုင်တန်း ခဲ့သည့် အတွက် ရဲစခန်းက ယာဉ်(ပ) ၂၁/၂ဝ၁၃ ပြစ်မှုပုဒ်မ ၂၈၂ အရ အမှုဖွင့် ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအေးမင်း က ရေယာဉ်များ တွင် သက်ကယ် အင်္ကျီများနှင့် သက်ကယ် ပစ္စည်းများ ခရီးသည် အရေအတွက် နှင့် ကိုက်ညီစွာ အလုံအလောက် ထားရှိရန် နိုဝင်ဘာလ က ပြောကြား ခဲ့ကြောင်း သိရသည်။ ရေယာဉ် သုံးစွဲမှု တစ်နေ့တခြား များပြားလာသည့် ချင်းတွင်း မြစ်ကြောင်း၌ မကြာခဏ ရေယာဉ် တိမ်းမှောက်မှု များနှင့် ယာဉ်တိုက် မှုများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လျက် ရှိရာ ခရီးသည် များ၏ အသက်ဆုံးရှုံး ခဲ့ရသည့် အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ချင်းတွင်း မြစ်ကြောင်း အတွင်း ရေယာဉ် တိမ်းမှောက် နစ်မြုပ်မှု ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်သည် ယခုနှစ် အတွင်း ၁၄ ကြိမ်ခန့် ရှိခဲ့ပြီး ယခုလ အတွင်း ကလေးဝ ဆိပ်ကမ်းတွင် အမြန် ရေယာဉ်၏ ရေယက်ပန်ကာ ခုတ်မိ သဖြင့် ဈေးရောင်း လှေတစ်စီး တိမ်းမှောက်ကာ ဆယ်တန်း ကျောင်းသူလေး တစ်ဦး ရေယက် ပန်ကာ ခုတ်မိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်များ လည်း ရှိခဲ့ကြောင်း သတင်း မှတ်တမ်းများ အရ သိရသည်။ ဒီဇင်ဘာ ၄ ရက် နံနက်တွင် ချင်းတွင်း ရေကြောင်းသွား ကုန်တင် ရေယာဉ် တစ်စီးသည် မြင်းမူမြို့ အနီး ဧရာဝတီမြစ် အတွင်း၌ တိမ်းမှောက် နစ်မြုပ် သွားကြောင်း စစ်ကိုင်းတိုင်း ရေယာဉ် ကြီးကြပ်ရေး အဖွဲ့ထံမှ သိရှိရသည်။

မြ၀တီ