မြန်မာ့သစ်တောများအတွက် ကုထုံးသစ်

ပို့စ်တင်ချိန် - 1/02/2014 08:15:00 AM


--------------
ရေးသားသူ- အိဖြူမွန်

မြန်မာ့သမိုင်းတစ်လျှောက် သစ်ထုတ်လုပ်ရေးသည် တိုင်းပြည်၏၀င်ငွေအများဆုံးရှာပေးသည့် ပို့ကုန်စာရင်းတွင် အဆင့်တစ်မှ လေးအတွင်း အမြဲချိတ်ခဲ့သည်။ မြန်မာ့သစ်ထုတ်လုပ်ရေးသမိုင်းတွင် ၂၀၁၄ မတ်လ ၃၁ ရက်မှာ မှတ်တိုင်သစ်စိုက်ထူမည့်နေ့ ဖြစ်သည်။ သစ်အလုံးလိုက်တင်ပို့မှုကို အစိုးရက ၂၀၁၄ မတ်လ ၃၁ ရက်မှစ၍ ရပ်နားတော့မည်ဖြစ်သောကြောင့်ပင်။

သမိုင်းအဆက်ဆက် သစ်အဓိကတင်ပို့ခဲ့သော နိုင်ငံတွင် သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းခြင်းကြောင့် ရရှိလာမည့် အကျိုးအမြတ်နှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် ပြဿနာများက ဘာဖြစ်မည်လဲဆိုသည်က စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ယခင်က သစ်ထုတ်လုပ်မှုနှင့် တွင်းထွက်သယံဇာတများအပေါ် တိုင်းပြည်စီးပွားရေးကို အခြေခံရသောကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုများနှင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုပြဿနာများကို ဖြေရှင်းရန် သစ်အလုံးလိုက်တင်ပို့မှုကို ရပ်ဆိုင်းခြင်းမှာ အစိုးရသစ်အတွက် ပထမခြေလှမ်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက 7Day News ဂျာနယ်နှင့် မေလတွင် သီးသန့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

သစ်အလုံးလိုက်တင်ပို့မှု မရပ်ဆိုင်းမီကတည်းက မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာမှာ နိုင်ငံ၏ ၄၅ ရာခိုင်နှုန်းခန့်ကျန်ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း အမှန်တကယ် သစ်တောထူထပ်သည့် နိုင်ငံ၏ ဧရိယာမှာ ၁၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိသည်။ ဧရိယာစတုရန်းမိုင်ဖြင့် တွက်ချက်ပါက ငါးသောင်းကျော်သာရှိသည်။ ထို့ကြောင့် သစ်အလုံးလိုက်တင်ပို့မှုမှာ မြန်မာ့သစ်တောများ ပြုန်းတီးနေမှု အဖြေရှာရန်၊ ကာကွယ်ရန်ဆေးတစ်လုံးဖြစ်သည်။

“အစိုးရအနေနဲ့ ပိုက်ဆံများများရနိုင်မယ်။ ကုန်ချောထုတ်လုပ်မှုကို အားပေးမယ်။ နောက် အခြားတစ်ဖက်ကလည်း သစ်တောဖုံးလွှမ်းမှုပမာဏကို အခြေခံပြီး သင့်တော်တဲ့သစ် ထုတ်လုပ်ရင် သစ်တောပြုန်းတီးမှုကို သက်သာလာနိုင်တယ်။ ချက်ချင်းဟုန်းခနဲတော့ တောတွေကောင်းလာမှာတော့ မဟုတ်ဘူး။ နှစ်တွေအများကြီး စောင့်ရမယ်။ သစ်တောပြုန်းတီးရတာ သစ်ခုတ်တာတစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာ အားလုံးသတိချပ်ဖို့လည်းလိုပါတယ်”ဟု လူထုအခြေပြု အစုအဖွဲ့ပိုင် သစ်တောတည်ထောင်မှုများ လုပ်ကိုင်ပေးလျက်ရှိသည့် သစ်တောကျွမ်းကျင်သူ ဒေါက်တာမောင်မောင်သန်းကပြောသည်။

လက်ရှိမြန်မာ့သစ်ထုတ်လုပ်ရေးတွင် ဆင်အကောင်ရေ ၅၀၀၀ ခန့် အသုံးပြုနေပြီး ဆင်အကောင်ရေ ထက်ဝက်ကျော်သည် ပုဂ္ဂလိကဆင်ပိုင်ရှင်များထံမှ အစိုးရက ငှားရမ်းထားခြင်းဖြစ်သည်။ သစ်ဆွဲဆင်အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်သည့်အပြင် ဆင်ပိုင်ရှင်များက အသုံးပြုရန်မလိုသည့် ဆင်များကို ရောင်းချရန် စီစဉ်နေသောကြောင့် ပုံမှန်ထိန်းသိမ်းစောင့်ရှောက်သူမရှိဘဲ ဆင်များဒုက္ခရောက်နိုင်ကြောင်း ဆင်ပိုင်ရှင်များနှင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများက အယ်ဂျားဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင်ပြောသည်။

သစ်အလုံးလိုက်တင်ပို့မှုရပ်ဆိုင်းခြင်းကြောင့် ပြည်တွင်းတွင် မလွဲမသွေရင်ဆိုင်ရမည်မှာ သစ်ထုတ်လုပ်သည့် ကုမ္ပဏီများတွင် သစ်ဆွဲဆင်ကောင်ရေ လျှော့ချမှုများ ရှိလာမည်ဖြစ်သည်။ သစ်ဆွဲဆင်အကောင်ရေ လျှော့ချမှုကြောင့် သစ်ဆွဲဆင်အလုပ်သမားများနှင့် လုပ်သားများ အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်ရမည်ဖြစ်သည်။

ပြည်ပသို့ သစ်အလုံးလိုက် အဓိကတင်ပို့သည့် မြန်မာ့သစ်လုပ်ငန်းတွင် လက်ရှိဝန်ထမ်းနှစ်သောင်းခွဲနှင့် ပင်စင်ဝန်ထမ်းတစ်သောင်းခွဲခန့်ရှိသည်။ တစ်နှစ်လျှင် ၀န်ထမ်းလစာများအတွက် ကျပ်ခုနစ်ဘီလီယံကုန်ကျသည်။ မြန်မာ့သစ်လုပ်ငန်းသည် ပြည်တွင်းကုမ္ပဏီများနှင့် သစ်ထုတ်လုပ်မှုကို ဖက်စပ်လုပ်ဆောင်ပြီး ပြည်ပသို့ အဓိကသစ်တင်ပို့သည့် အစိုးရအဖွဲ့အစည်းဖြစ်သည်။ အပြောင်းလဲဖြစ်ပါက အဓိကခံစားရမည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အစိုးရက ၎င်းတာဝန်ယူလုပ်ကိုင်နေသော သစ်တင်ပို့ခြင်းလုပ်ငန်းကို အများပိုင်ကုမ္ပဏီ ပြုလုပ်ရန် ယခုအခါစဉ်းစားနေသည်။

ပြည်ပသို့ သစ်တင်ပို့ရောင်းချမှုမှ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရရှိမှုတွင် အမေရိကန်ဒေါ်လာ သန်း ၅၄၀ သည် သစ်လုံးတင်ပို့ခြင်းမှရရှိသည့်ဝင်ငွေ ဖြစ်သည်။ သစ်အချောထည်တင်ပို့မှုမှ နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့်သာ ၀င်ငွေရှိသောကြောင့် သစ်အလုံးလိုက်တင်ပို့မှုမှ ရရှိသည့် ၀င်ငွေလျော့ကျသွားမည်ဖြစ်ပြီး သစ်အချောထည်တင်ပို့မှုမှ ၀င်ငွေတိုးအောင် ကြိုးစားရမည်ဖြစ်သည်။

အကြောင်းမှာ ကမ္ဘာ့သစ်ဈေးကွက်တွင် တန်ဖိုးမြင့်ကျွန်းသစ် သစ်အချောထည်ခွဲသားများ တင်ပို့ရောင်းချရာတွင် မြန်မာနိုင်ငံအပါအ၀င် အခြားနိုင်ငံများသည် တရုတ်နိုင်ငံမှ ဈေးပေါပေါနှင့် ရောင်းချသည့် သစ်ဈေးကွက်ကို မယှဉ်ပြိုင်နိုင်ပေ။ မြန်မာနိုင်ငံ၏ ကျွန်းသစ်နှင့် အခြားသစ်မာများသည် တရုတ်-မြန်မာနယ်စပ်များမှတစ်ဆင့် သစ်ခိုးထုတ်မှုများရှိနေသောကြောင့် ယခုအခါ ကမ္ဘာ့နိုင်ငံများကပင် တရုတ်နိုင်ငံသစ်များကို ၀ယ်ယူနေသည့် ဥရောပနိုင်ငံများအဖွဲ့ (အီးယူ)ကို ဖိအားပေးနေသည်။

သစ်ခိုးခုတ်မှုကာကွယ်တားဆီးရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သစ်တောလုံခြုံရေးတပ်ဖွဲ့ ယခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း တိုင်းရင်းသားဒေသများတွင် သစ်ခိုးထုတ်မှုပြဿနာသည် သယံဇာတခွဲဝေသုံးစွဲရေးပြဿနာဖြစ်သောကြောင့် နိုင်ငံရေးအရ အချိန်ယူဖြေရှင်းရမည်ဖြစ်သည်။

ထို့ကြောင့် သစ်အလုံးလိုက်တင်ပို့မှုရပ်ဆိုင်းမည့် အမိန့်အာဏာသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးမဖော်နိုင်သေးသရွေ့ ပြည်ထောင်စုအစိုးရ၏ ဥပဒေလွှမ်းမိုးမှုမရှိသောနေရာများတွင် သစ်ခိုးထုတ်မှုများ ဆက်လက်တည်ရှိနေဦးမည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

“၀န်ကြီးဌာနက ဖွဲ့လိုက်တဲ့ အဖွဲ့က ဥပဒေလွှမ်းမိုးမှုရှိတဲ့ ဒေသတွေမှာရှိနေတဲ့ သစ်ခိုးထုတ်မှုတွေကို နှိမ်နင်းနိုင်ပေမယ့် နယ်စပ်တွေမှာဖြစ်နေတဲ့ သစ်ခိုးထုတ်မှုတွေကိုတော့ တားဆီးနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါဟာ နိုင်ငံရေးအရဖြေရှင်းရမယ့် ပြဿနာဖြစ်နေတယ်”ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ သစ်လုပ်ငန်းရှင် ဦးဘာဘာချိုကပြောသည်။

တရုတ်နိုင်ငံသို့ ခိုးထုတ်နေသည့် သစ်ပြဿနာကို မတားဆီးပါက ပြည်ပသို့ သစ်အချောထည်တင်ပို့သော စက်ရုံများအတွက် ထိခိုက်မှုများစွာရှိမည်ဟု ဥရောပဈေးကွက်သို့ အချောထည်သစ်များ တင်ပို့နေသည့် လင်းဝင်းကုမ္ပဏီမှ ပိုင်ရှင်ဦးမင်းသိန်းကပြောသည်။ အကြောင်းမှာ တရုတ်က မှောင်ခိုသစ်များဝယ်ပြီး ပြည်ပသို့ ဈေးသက်သာစွာပို့မည်ဖြစ်၍ တရားဝင်တင်ပို့သော မြန်မာသစ်အချောထည်ကုမ္ပဏီများ ယှဉ်မရောင်းနိုင်သောကြောင့် ဖြစ်သည်။

လက်ရှိပြည်တွင်းတွင် သစ်အလုံးလိုက်တင်ပို့နေသည့် ကုမ္ပဏီကြီးနှင့် ကုမ္ပဏီငယ် စုစုပေါင်း ၅၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့်သည် အလုံးလိုက် သစ်တင်ပို့မှုလုပ်ငန်းမှ အချောထည်တင်ပို့သည့် လုပ်ငန်းများဘက်သို့ ကူးပြောင်းကြမည်ဖြစ်သည်။ ထို့ကြောင့် အချောထည်သစ်တင်ပို့သော ဈေးကွက်သည် ကြီးမားလာမည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်သည့် ဥပဒေအရ ယခင်က မြန်မာသစ်အလုံးကို ကုန်ကြမ်းအဖြစ်ဝယ်ယူသည့် ပြည်ပသစ်လုပ်ငန်းရှင်များလည်း ဈေးကွက်ဝင်ရောက်လာမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ သစ်အချောထည်ထုတ်လုပ်တင်ပို့သည့် ဈေးကွက်တွင် ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီလေးခု ပြည်တွင်းတွင် မှတ်ပုံတင်ပြီးဖြစ်သည်။

ပြည်တွင်းရောက်ရှိလာသော သစ်အချောထည်ထုတ်လုပ်သည့် ပြည်ပကုမ္ပဏီများကိုလည်း နိုင်ငံသားလုပ်ငန်းရှင်များက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုကောက်ခံနေသော အခွန်စနစ်များကို ပြောင်းလဲခြင်းမရှိပါက ပြည်တွင်းကုမ္ပဏီများကို ထိခိုက်နိုင်ဖွယ်ရှိသည်ဟု သစ်လုပ်ငန်းရှင်တို့ကပြောသည်။

ဥရောပသစ်ဈေးကွက်တွင် ကျွန်းသစ်ကို ဥယျာဉ်ခြံမြေပြုလုပ်ခြင်းနှင့် ဇိမ်ခံရွက်လှေပြုလုပ်ခြင်းတို့တွင် အဓိကအသုံးပြုသည်။ သစ်မာဈေးနှုန်းသည် ဥရောပသစ်ဈေးကွက်တွင် အခြားသစ်မာအစားထိုးသစ်များနှင့် နှိုင်းယှဉ်ပါက ကြီးမြင့်သောကြောင့် ဥရောပဈေးကွက်ကို ထိုးဖောက်နိုင်ခြင်းမရှိချေ။

သစ်အလုံးလိုက်ရပ်ဆိုင်းပြီးနောက်တွင် အဆိုပါပြဿနာများကို ရင်ဆိုင်ရသော်လည်း ယခင်ထက် သစ်များဈေးကောင်းရလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တို့က ပြောသည်။ ထို့အပြင် မြန်မာသစ်လုပ်ငန်းမှ အချောထည်သစ်ပြုလုပ်ရန် အကန့်အသတ်ဖြင့် ကုန်ကြမ်းဝယ်ခွင့်ပြုရာမှ ၂၀၁၄ ခုနှစ်တွင် ကုန်ကြမ်းရရှိမှုများလာမည်ဖြစ်သည်။

“သစ်အချောထည်တင်ပို့မှုကို အားပေးမယ်ဆိုတော့ လုပ်နေကိုင်နေတဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ အရင်က ဒေါ်လာတစ်သိန်းရလာတာကနေ သုံးသိန်းလောက်ရလာမယ် ထင်ပါတယ်”ဟု လင်းဝင်းကုမ္ပဏီမှ ဦးမင်းသိန်းကပြောသည်။

အချောထည်ပျဉ်းကတိုး၊ အင်၊ ကညင်များကို ပို့ကုန်အချောထည်ပစ္စည်းများထုတ်လုပ်၍ အာရှဈေးကွက်ကို ထိုးဖောက်ရန် ကြိုးစားခြင်းသည် လွယ်ကူမည်ဟု သစ်အချောထည်ပစ္စည်းများကိုတင်ပို့သည့် မြန်မာအက်စ်ကုမ္ပဏီပိုင်ရှင်ကပြောသည်။

သစ်အလုံးလိုက်တင်ပို့မှု မရပ်ဆိုင်းမီ ၂ နှစ်ခန့် (၂၀၁၂- ၂၀၁၃)တွင် အစိုးရက နှစ်စဉ်သစ်ထုတ်လုပ်မှုကို ပျမ်းမျှ ၃၅ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်းအကြား လျှော့ချထုတ်လုပ်ခဲ့သည်။ သစ်အလုံးလိုက် တင်ပို့မှု ၂၀၁၄ ရပ်ဆိုင်းမည့် အစိုးရ၏အဆုံးအဖြတ်ကို အပြုသဘောဆောင်သော သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူများက ကြိုဆိုသည်။

လက်ရှိ ဥရောပနိုင်ငံများတွင် ရောင်းချနေသော မြန်မာသစ်များသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ထုတ်လုပ်ထားသော၊ လူမှုအကျိုးစီးပွားငှဲ့ကွက်၍ ထုတ်လုပ်ထားသော သစ်ပစ္စည်းများဖြစ်ရေး သတ်မှတ်ချက်သည် သစ်လုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုများစွာထဲက တစ်ခုဖြစ်သည်။

ဥရောပသစ်ဈေးကွက်တွင် မြန်မာသစ်များ ကျင့်ဝတ်သိက္ခာနှင့်အညီ ရောင်းချရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် တရားဥပဒေနှင့်အညီ ထုတ်လုပ်သည့်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးသည့်နိုင်ငံများ အဖွဲ့ဝင်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပေးပို့ခဲ့သည်။

ဥရောပဈေးကွက်တွင် မြန်မာသစ်အချောထည်များ ဈေးကောင်းရရှိခြင်းအတွက် ထိုအဖွဲ့သို့ ၀င်ရောက်ရမည်ဖြစ်သည်။ အဆိုပါအဖွဲ့ကို အတိုကောက် ဖလပ်ဟုခေါ်သည်။ သစ်တောထွက်ပစ္စည်းများကို တရားဥပဒေနှင့်အညီ ထုတ်ယူသုံးစွဲခြင်းဟုခေါ်သည်။

ဖလပ်အဖွဲ့ဝင်ဖြစ်သောအခါ သစ်တင်ပို့မှုများ လူမှုပတ်ဝန်းကျင်နှင့်အညီ ဖြစ်လာမည်ဖြစ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကောင်းမွန်သည့်စနစ်ဖြစ်ပြီး ၂၀၁၄ ခုနှစ် သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းခြင်းကလည်း သစ်တောပြုန်းတီးခြင်းကို အထိုက်အလျောက်လျော့ပါးနိုင်မည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ပြည်တွင်းလူမှုအဖွဲ့အစည်း ECODEV မှ ဦးဝင်းမျိုးသူကပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းသော်လည်း သစ်အချောထည်များ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းသုံးစွဲမှုက ဆက်လက်ရှိနေမည်ဖြစ်သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ကျွန်းသစ်တန်တစ်သိန်းရှစ်သောင်းနှင့် ခုနစ်သိန်းကျော်ကို ထုတ်ယူမည်ဖြစ်သည်။ ထိုပမာဏကိုအခြေခံပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၃၅ မှ ၄၀ ရာခိုင်နှုန်းကြား လျှော့ချထုတ်လုပ်သွားမည်ဖြစ်သည်။

ထိုနည်းအတိုင်း ၂၀၁၅-၂၀၁၆ မှစတင်၍ သစ်တောဖုံးလွှမ်းမှုကို အခြေခံတွက်ထုတ်ယူသော (AAC) စံနှုန်းကိုမီမည်ဖြစ်သည်။

သစ်တောဖုံးလွှမ်းမှုကိုအခြေခံပြီး တွက်ထုတ်ယူသော (AAC) စံနှုန်းအတိုင်းဖြစ်လာပါက အာဏာရှင်အစိုးရအဆက်ဆက်တွင် ပရမ်းပတာဖြစ်ခဲ့သည့် သစ်တောစီမံအုပ်ချုပ်မှုစနစ် ပြန်လည်အသက်ဝင်လာမည်ဖြစ်သည်။

၂ နှစ်အတွင်း ထိုအခြေအနေအရောက်လှမ်းနိုင်ခဲ့လျှင် မြန်မာ့သစ်တောများအတွက် ကုထုံးမှန်သွားပြီဟု ဆိုရပေမည်။ ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7 Day News Journal