FRIENDLY MYANMAR အမည်ရှိ ဓါတ်ပုံစာအုပ် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဖြန့်ဝေမည်

ပို့စ်တင်ချိန် - 1/02/2014 11:30:00 PM


၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံဥက္ကဋ္ဌ ထိပ်သီးအစည်းအဝေး (ASEAN SUMMIT) နှင့် ဆက်စပ်အစည်းအဝေးပွဲများ ကျင်းပချိန်တွင် တက်ရောက်လာသော နိုင်ငံအကြီးအကဲများ၊ ဝန်ကြီးများ၊ အထူးဧည့်သည်တော်များအား မေတ္တာလက်ဆောင်အဖြစ် ပေးအပ်မည့် (FRIENDLY MYANMAR) အမည်ရှိ ဓာတ်ပုံစာအုပ်အတွက် ဂျပန်နိုင်ငံ GRAFECITY INC မှ ဓာတ်ပုံပညာရှင် ဒါရိုက်တာ MR.PAUL BROMAN ခေါင်းဆောင်သော အဖွဲ့သည် ဒီဇင်ဘာလဆန်းမှစပြီး ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ (CENTRE POINT) ၂၃ ထပ်ပေါ်မှ ဓာတ်ပုံရိုက်ကူးမှုကို တွေ့ရသည်။ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ဝ ရက်တွင် နိုင်ငံတော်သမ္မတကြီး အနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံမှ လက်ခံရယူခဲ့ပြီး ဖြစ်သည့်အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်သည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာနိုင်ငံ၏ မြေပေါ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အစိုးရသစ်လက်ထက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ထိပ်သီး အစည်းအဝေးများနှင့် ဝန်ကြီးအဆင့် အစည်းအဝေးပွဲများတွင် တက်ရောက် လာသော အာဆီယံနိုင်ငံများမှ အထူးဧည့်သည်တော်များအား FRIENDLY MYANMAR အမည်ရှိ ဓာတ်ပုံစာအုပ်ကို ပေးအပ်နိုင်ရန် မေတ္တာဖြင့် ဆောင်ရွက်ပေးမည့် GRAFECITY INC အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ပုံနှိပ်စက်များဖြင့် ရိုက်နှိပ်မည်ဖြစ်သည်။ မေတ္တာလက်ဆောင် ပေးအပ်မည့် (FRIENDLY MYANMAR) ဓာတ်ပုံစာအုပ်တွင် အရည်အသွေးမြင့် အနုပညာမြောက် ဓာတ်ပုံများ ဖော်ပြနိုင်ရန် အတွက် ဂျပန်နိုင်ငံ GRAFECITY INC ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဓာတ်ပုံပညာရှင် ဒါရိုက်တာ MR.PAUL BROMAN ခေါင်းဆောင်သော ဓာတ်ပုံပညာရှင် အဖွဲ့များသည် ဒီဇင်ဘာ ၇ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ကျေးလက်သဘာဝ အလှများကို လှည့်လည် ရိုက်ကူးသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပြည်သူများနှင့် အများဆုံး ထိတွေ့မှုရှိသော နိုင်ငံတကာ ခေတ်မီအားကစားရုံများ၊ အပန်းဖြေနေရာများ၊ ရုံးအဆောက်အအုံများ၊ လူနေရပ်ကွက်ရှိ သစ်လွင်တောက်ပ လျက်ရှိသော တိုက်တာများနှင့် လူမှုစီးပွားဘဝ အမျိုးသားရေး ပုံရိပ်များကို ရိုက်ကူးမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့ရှိ သမိုင်းဝင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် တစ်ဝိုက်တွင် ဝန်းရံနေသော မြို့ပြ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် မန္တလေး၊ ပုဂံ၊ ညောင်ဦးရှိ ရှေးမူမပျက် ယနေ့တိုင်ရှိနေသည့် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ် အနုပညာမြောက် စေတီပုထိုးတော်များကိုလည်း သွားရောက် ရိုက်ကူးသွားကြမည် ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge