နေ့စဉ် စားသုံးမှုတွေထဲက သိထားသင့်သည့် အစာအဆိပ်သင့်ခြင်း

ပို့စ်တင်ချိန် - 1/02/2014 09:30:00 AM


အစာ အဆိပ်သင့်ခြင်း သည် မသန့်ရှင်းသော အစားအစာများ ၊ ရေနှင့် လူတို့၏လက် ၊ သုံးဆောင်သော အိုးခွက် ပန်းကန် စသည်တို့တွင် ပိုးမွှားများ ကျရောက်ရာမှ တစ်ဆင့် လူတို့၏ ဝမ်းဗိုက်ကို ဒုက္ခပေးခြင်း ဖြစ်သည်။
လူတို့ စားသောက် နေကျ အစားအစာ များသည် လတ်ဆတ်မှု မရှိခြင်း ၊ ဖုံးအုပ် မထားခြင်း ၊ ရက်လွန်နေခြင်း ၊ ကြွက် ၊ ယင်ကောင် ၊ ပိုးဟပ်တို့၏ အညစ်အကြေး များ ကျရောက်ခြင်း ၊ မသန့်ရှင်းသော လက်လုပ်ချဉ် နှင့် ဆော့ချဉ် တို့ကြောင့် အစာ အဆိပ်သင့်မှု ကို ဖြစ်စေသည်။
ထို့ပြင် စားဖိုဆောင် နှင့် စားဖိုဆောင်သုံး ပစ္စည်းများ သန့်ရှင်းမှု အားနည်းခြင်း သည်လည်း အရေးကြီးသော အချက် ဖြစ်သည်။ အသုံးမပြုမီ ရေစင်ကြယ်စွာ ဆေးရန်နှင့် အသုံးပြုပြီး ရေစင်ကြယ်စွာ ဆေးကြောရန် လိုပေသည်။ သို့မဟုတ် ပါက လူတို့ စားသုံးသော အိုးခွက် ၊ ပန်းကန်တွင် ကပ်လျက် ရှိသည့် မမြင်နိုင်သော ပိုးမွှားများ နှင့် အညစ်အကြေး များ လူတို့၏ ဝမ်းဗိုက်ထဲ ရောက်သွားပါက အခန့်မသင့် လျှင် အစာ အဆိပ်သင့်မှု ကို ဖြစ်စေ နိုင်သည်။
နောက် တစ်ချက်မှာ လူတို့၏ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိရန်လည်း လိုပေသည်။ အဓိက မှာ အစားအစာ စားသောက် ရာတွင် အသုံးပြုသော လက်သန့်ရှင်းရန် အရေးကြီးသည်။ လက်ကို အစာမစားမီ နှင့် အစာစားပြီး ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးရန် လိုပေသည်။ သို့မှသာ လက်တွင် ကပ်လျက် ရှိသော ပိုးမွှားနှင့် အညစ်အကြေး များ အန္တရာယ်မှ ကင်းလွတ်မည် ဖြစ်သည်။
လူတို့ကို ဝမ်းဗိုက် အန္တရာယ်နှင့် အဆိပ် ဖြစ်စေသည့် အစားအသောက် များမှာ အရိုးပြုတ်ရည် ၊ ဆော့စ်များ ၊ ဟင်းရည်များ ၊ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ ချဉ်ရည် ၊ အသားနှင့် အသားများ ကြိတ်၍ ချက်ပြုတ် ထားသော ဟင်းရည်နှင့် မုန့်များဖြစ်သည်။
ရောဂါ ပိုးမွှားကြောင့် အစာအဆိပ် ဖြစ်ရာတွင် နွားနို့ ၊ ကြက်ဥ ၊ ကြက် ၊ ဘဲ ၊ ဝက် ၊ အမဲသား ၊ ခွေး ၊ ကြောင် ၊ ကြွက်တို့မှ ဆယ်လ်မိုနဲလား ပိုးမွှားများ ပါဝင် လာတတ်ခြင်း ၊ လူတို့၏ လက်အရေပြား ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းနာ တို့မှ စတက်ဖီ လိုကိုကပ်စ် ပိုးမွှားများ ပါလာခြင်း တို့ကြောင့် အစာအဆိပ် ဖြစ်စေ နိုင်သည်ဟု သိရသည်။
သို့ဖြစ်ရာ ရခဲလှသော လူ့ဘဝတွင် အစာ အဆိပ်သင့်မှု မှကင်း၍ ကျန်းမာ သန့်ရှင်း ရောဂါကင်းသော လူ့ဘဝကို ဖြတ်သန်း နိုင်ရန် စားသောက် ဖွယ်ရာများကို သန့်ရှင်းစွာ ထားရန် ၊ လူတို့၏ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြုရန် နှင့် အစာ အဆိပ်သင့်မှု ကို ဖြစ်စေသော အစားအစာ များကို ဆင်ခြင် စားသုံးကြရန် အကြံပြု ရေးသား လိုက်ရပေသည်။
By ရတနာပုံသတင်းစာ