မိတ္ထီလာမြို့ ကာဖျူးအမိန့် ရုပ်သိမ်း

ပို့စ်တင်ချိန် - 1/02/2014 06:00:00 AM


၂၀၁၄ နှစ်သစ်အကြို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှာတော့ ပဋိပက္ခတွေကြောင့် ညမထွက်ရအမိန့် ထုတ်ထားတဲ့ မိတ္ထီလာမြို့မှာ တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီမို့ အာဏာပိုင်တွေက ကာဖျူးအမိန့်ကို ပြန်ရုပ်သိမ်းလိုက်ပြီလို့ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေကို ကိုးကားပြီး ပြည်တွင်းသတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။

MateHtiLar၂၀၁၃ မတ်လက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ လူအုပ်စုချင်း အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး လူဦးရေ ၅ သိန်းလောက်မှာ လူ ၁ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာကြောင့် မိတ္ထီလာခရိုင် မြို့နယ် ၄ မြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ရွှေဆိုင်တဆိုင်မှာ ရွှေကလစ်၁ ချောင်း အရောင်းအ၀ယ်ကိစ္စအပေါ် ရောင်းသူနဲ့ ၀ယ်သူ အချင်းများကြရာကနေ မိတ္ထီလာပဋိပက္ခ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီကိစ္စမှာ လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၈၆ ယောက် ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ်၊ ဈေးဆိုင်နဲ့ အဆောက်အဦ ၁၃၅၅ လုံး ဖျက်ဆီးခံရပြီးတော့ မော်တော်ယာဉ်ပေါင်းစုံ ၃၉ စီး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီအရေးအခင်းက ရမည်းသင်း၊ တပ်ကုန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ အုတ်ဖို၊ နတ္တလင်း၊ ဇီးကုန်း၊ ပုတီးကုန်း၊ မိုးညို၊ ပြည်နဲ့ သဲကုန်း မြို့နယ်တွေ အပါအ၀င် တခြားမြို့နယ်တွေအထိ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီအရေးအခင်းနဲ့ ပတ်သက်နေတဲ့ တရားခံ ၆၈ ယောက် ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဲဒီထဲက လူ ၃၀ လောက်ကို ထောင်ဒဏ်အမျိုးမျိုးနဲ့ ပြစ်ဒဏ်စီရင်ထားပါတယ်။

DVB Burmese