နစ်နာကြေးရမည့် တော်ဝင်လုပ်သား ၄၀ ကျော် စာရင်းပျောက်

ပို့စ်တင်ချိန် - 1/02/2014 03:17:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မိသားစု သစ်အချောထည် စက်ရုံ အလုပ်ရှင်က လုပ်သားများကို အလုပ်ခန့်ရန် ပျက်ကွက်၍ လုပ်သားများကို ကြားကာလ နစ်နာကြေး ပေးရမည် ဖြစ်ပြီး နစ်နာကြေး ရရှိမည့် လုပ်သားဦးရေ စာရင်းတွင် လုပ်သား ၄၁ ဦး စာရင်းဖျောက်ခံ ထားရကြောင်း အဆိုပါ စက်ရုံမှ လုပ်သားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးနေလင်းဦးက ပြောကြားသည်။

အလုပ်ရှင်က လုပ်သားများကို ကြားကာလ နစ်နာကြေးပေးရန်အတွက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းတွင် လုပ်သားဦးရေ ၁၈၇ ဦး ရှိနေပြီး အမှန်တကယ် နစ်နာကြေး ခံစားခွင့် ရရှိမည့် လုပ်သားဦးရေမှာ ၂၂၈ ဦး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လုပ်သား အခွင့်အရေးအတွက် တောင်းဆိုမှုတွင် ပါဝင်ခဲ့သူ လုပ်သားများစာရင်းကို အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနသို့ ၂၀၁၂ ခုနှစ်ကပင် လူဦးရေစာရင်း တင်ပြခဲ့သော်လည်း ကြားကာလ နစ်နာကြေး ခံစားခွင့် ရရှိမည့် စာရင်းတွင် လုပ်သား ၄၁ ဦး ကျန်နေခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လုပ်သားများပါ နစ်နာကြေး ရရှိရေးအတွက် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။

အလုပ်ပြောင်းရွှေ့ခံရသည့် အဆိုပါ လုပ်သား ၂၂၈ ဦးကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိအဖွဲ့က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သော်လည်း စက်ရုံက ခုံသမာဓိကောင်စီထံ အယူခံဝင်ခဲ့သည်။ ခုံသမာဓိ အဖွဲ့နည်းတူ လုပ်သားများကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိ ကောင်စီကလည်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီး ခုံသမာဓိအဖွဲ့နှင့် ကောင်စီတို့ ဆုံးဖြတ်ချသည့် ကြားကာလကို အလုပ်ဆင်းရက်အဖြစ် သတ်မှတ်ကာ ကြားကာလ နစ်နာကြေး ပေးရခြင်း ဖြစ်သည်။
“အလုပ်သမား အားလုံးကတော့ ကြားကာလ နစ်နာကြေးရမယ်လို့ပဲ သိထားကြတယ်။ အားလုံးရအောင် ညှိနှိုင်းသွားမှာပါ” ဟု ဦးနေလင်းဦးက ဆိုသည်။

ကြားကာလ နစ်နာကြေးပေးမည့် လုပ်သား ဦးရေစာရင်းမှာ အလုပ်ရှင်ထံမှ ရရှိသည့် စာရင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် ခရိုင်မှူး ဦးအောင်ခင်က ပြောကြားသည်။

လုပ်သား ၁၈၇ ကို အလုပ်ခန့်ရန် ပျက်ကွက်ခဲ့၍ ကြားကာလ နစ်နာကြေးအဖြစ် အလုပ်ရှင်က လုပ်သားများကို ၆,၆၄၅,၀၀၀ ကျပ်ကို ရက် ၃၀ အတွင်း ပေးဆောင်ရမည် ဖြစ်သော်လည်း အလုပ်ရှင်က ပျက်ကွက်ခဲ့ကြောင်း၊ ယင်းသို့ ပျက်ကွက်သဖြင့် နစ်နာကြေး တစ်လလျှင် ၂၀ ရာခိုင်နှုန်း မြင့်တက်လာရာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် နစ်နာကြေး ကျပ် ၂၁၂ သိန်း ဖြစ်သွားကြောင်း ၎င်းကဆိုသည်။

The Voice Weekly Myanmar