ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကရင်နှစ်သစ်ကူးပွဲ ကျင်းပ

ပို့စ်တင်ချိန် - 1/02/2014 12:54:00 PM


ဒီနေ့ ပြာသိုလဆန်း ၁ ရက်နေ့ဟာ ကရင်တိုင်းရင်းသားတွေ အထွတ်အမြတ် ထားရာ နေ့တနေ့ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။

ကရင်သက္ကရာဇ် ၂၇၅၂ ခု ကုန်ဆုံးလို့ ၂၇၅၃ ခုနှစ်ကို ကူးပြောင်းလာတဲ့ ကရင်နှစ်သစ်ကူးနေ့ ဖြစ်တဲ့အတွက် မြန်မာပြည်တွင်းက ကရင်တိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ဒေသတွေမှာ နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပကြပါတယ်။

အထူးသဖြင့် ဒီနေ့မှာဆိုရင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး ပူးပေါင်း ပါဝင်ဆင်နွှဲတဲ့ အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုမြိုင်မှာ အစည်ကားဆုံး ကျင်းပကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်(ဒီကေဘီအေ)၊ ကေအန်ယူ၊ ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီနဲ့ နယ်ခြား စောင့်တပ်(ဘီဂျီအက်ဖ်)အဖွဲ့အပါအ၀င် တခြားသော ကရင်လက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး အခမ်းအနားမှာ လက်နက်မပါ စစ်ရေးပြပွဲနဲ့ နှစ်သစ်ကူး အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီကတော့ လက်ရှိ ကေအန်ယူအနေနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပြင် တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ကိစ္စတွေကိုလည်း လူထုတွေကို စကောကရင်ဘာသာနဲ့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဒီနှစ်ကျင်းပတဲ့ပွဲမှာ ကရင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေအပြင် ထူးထူးခြားခြား အစိုးရအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စုဝန်ကြီးတချို့လည်း တက်ရောက်ခဲ့ပြီး ဦးအောင်မင်းက အခုလို မိန့်ခွန်း ပြောကြားသွားပါတယ်။

“ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ဆောက်ဖို့အတွက် အခု ကြိုးစားဆောင်ရွက်လျှက် ရှိပါတယ်။ ဒီလို တည်ဆောက်တဲ့အခါမှာ နိုင်ငံတော် အစိုးရ တဖွဲ့တည်းနဲ့ လုပ်လို့ မရပါဘူး။ ကရင်တိုင်းရင်းသားတွေ အားလုံးပါဝင်ပြီး လုပ်လို့လည်း မရသေးပါဘူး။ ကချင်တိုင်းရင်းသားတွေ ပါဖို့လိုပါတယ်။ ရှမ်းတိုင်းရင်းသားတွေလည်း ပါဝင်ဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်း ပါဝင်မှာသာ အောင်မြင်မှာပါ။”

ရွှေကုက္ကိုလ်မြိုင်မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ကရင်လူမျိုးတွေအပြင် တခြားတိုင်းရင်းသား တွေလည်း တရောက်ပြီး လူပေါင်းသောင်းချီ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

ဒီလိုအလားတူပဲ ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့မှာဆိုရင် အလုံ၊ အင်းစိန်၊ ကွမ်းခြံ ကုန်း အစရှိတဲ့ နေရာ ၅ ခုလောက်မှာ ကျင်းပခဲ့ကြပါတယ်။ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်မှာ ကျင်းပတဲ့ပွဲမှာဆိုရင် ရိုးရားဝတ်စုံတွေ၊ ပစ္စည်းတွေနဲ့ တည်ခင်းပြသပြီး ကျင်းပခဲ့သလို လူထု သောင်းချီ တက်ရောက်ခဲ့ ပါတယ်။

ကွမ်းခြံကုန်းမြို့နယ် ညာမူရွာမှာဆိုရင် ကရင်နှစ်သစ်ကူးပွဲ မကျင်းပတာ အတော်ကြာပြီးမှာ ဒီနေ့မှာမှ ပြန်လည်ကျင်းပတဲ့အတွက် လူတွေ အတော် ပျော်ရွှင်ကြတယ်လို့လည်း အဲဒီအခမ်း အနားကို တက်ရောက်ခဲ့တဲ့ ကရင်ပြည်သူ့ပါတီရဲ့ ဦးစောထွန်းအောင်မြင့်က ပြောပါတယ်။
“လူတွေက ပျော်ကြတယ်။ ကွမ်းခြံကုန်း ညာမူရွာမှာ ကျင်းပတယ်။ မကျင်းပတာ ကြာတော့ ဒီနေ့ ပြန်ကျင်းပတော့ လူအားလုံးပျော်ကြတယ်။ အဲဒီမှာတော့ လူများပါတယ်။ ကျေးရွာ ၁၀ ရွာကနေလာစုပါတယ်။ ကျနော်ကတော့ ကရင်အမျိုးသားတွေအားလုံးကို အလုပ်အကိုင် အဆင်ပြေပါစေ။ ဘေးရန်အပေါင်းက ကင်းဝေးပါစေလို့ မေတ္တာပို့ပါတယ်။”

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင် အမျိုးသား စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆရာတော် စောမက်သယူအေးက ငြိမ်းချမ်းရေးကို တွန်းပို့သွားမယ်လို့ အခုလို ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ အခုသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပိုပြီးငြိမ်းချမ်းတဲ့ ဖြစ်စဉ်တွေ ရောက်ဖို့ တွန်းအားပေးတာပေါ့။”
ဒီနှစ်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ဟာ ခါတိုင်းနှစ်တွေနဲ့ မတူ တမူထူးခြားပြီး ခရစ်သက္ကရာဇ် ၂၀၁၃ ကနေ ၂၀၁၄ ကို ကူးပြောင်းတဲ့နေ့နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ရှေ့အနာဂတ်မှာ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ လူထုဘ၀တွေ ဖွံ့ဖြိုးတိုး တက်လာမယ့် နှစ်သစ်တခု ဖြစ်လာလိမ့်မယ်လို့လည်း ကရင်တိုင်းရင်းသားတွေက မျှော်လင့်နေကြ တာလည်း ဖြစ်ပါတယ်။
DVB Burmese