မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှစ်ထပ် ဘုရင့်နောင်ခုံးကျော်တံတားကြီး ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 1/02/2014 10:45:00 PM


မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီး ဖြစ်သည့် ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေလျှော့ပေးမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှစ်ထပ် ခုံးကျော်တံတားကြီးကို ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်က အောင်မြင်စွာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားကို တာဝန်ယူ တည်ဆောက်ပေးသည့် First Myanmar Construction Co.,Ltd မှ စီမံကိန်းမန်နေဂျာ ဒေါ်စိုးစိုးတင် ထံမှ သိရသည်။ အဆိုပါ နှစ်ထပ် ခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံမှ First Myanmar Construction Co.,Ltd နှင့် ထိုင်းနိုင်ငံမှ PTC (Prestnessed) Thailand Co.,Ltd တို့က ၂ဝ၁၂ ခုနှစ် ဇွန် ၅ ရက်တွင် စတင်တည်ဆောက် အကောင်အထည်ဖော်ခဲ့ပြီး တည်ဆောက်မှုကာလ စုစုပေါင်း တစ်နှစ်ခွဲမျှ ကြာမြင့်ခဲ့၍ သတ်မှတ်ခွင့်ပြု ကာလအတွင်း အပြီးတည်ဆောက်နိုင်ခဲ့သည်။ ''ကျွန်မတို့ ဒီတံတားကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နှစ်ထပ်တံတား ကြီးလည်းဖြစ်လို့ အထူးဂရုပြု တည်ဆောက်ပေးခဲ့ပါတယ်။ အခက်အခဲကတော့ အမျိုးမျိုးပါပဲ။ ဒီတံတားက လမ်းဆုံလမ်းခွလည်းကျ၊ ဘုရင့်နောင် ကုန်စည်ဈေးကြီးနဲ့လည်း မဝေးတော့ လူစည်ကားတဲ့နေရာ ဖြစ်နေတယ်။ ဒါကြောင့် နေ့ရောညပါ ဝန်ထမ်းအင်အားသုံးပြီး အချိန်နဲ့တစ်ပြေးညီ ပြီးစီးရေးကို အဓိကထား တည်ဆောက်ခဲ့လို့ သတ်မှတ်ကာလအတွင်း ပြီးစီးခဲ့တာပါ။ အခက်အခဲတွေ ရှိခဲ့သလို ကျွန်မတို့ နိုင်ငံရဲ့ အင်ဂျင်နီယာတွေ အနေနဲ့လည်း ပြင်ပနိုင်ငံက ပညာရှင်တွေနဲ့ အခုလိုပူးပေါင်း လုပ်ဆောင်ရလို့ အတွေ့အကြုံကောင်းတွေ အများကြီး ရခဲ့ကြပါတယ်။ နောက်လည်း ဒီထိုင်းကုမ္ပဏီနဲ့ပဲ တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသေးတယ်။ အခုတော့ ဒီစီမံကိန်းကြီးကို အခုလာမယ့် ဇန်နဝါရီ ၅ ရက်မှာ ဖွင့်ပွဲလုပ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လွှဲပြောင်း ပေးအပ်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်စိုးစိုးတင်က ပြောကြားခဲ့သည်။ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် တည်ရှိပြီး (ဘုရင့်နောင်လမ်း) ဒုတိယအလွှာ တံတားကို ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နှင့် (သမိုင်းဘူတာရုံလမ်း) တတိယထပ်အလွှာ ခုံးကျော်တံတားကို နိုဝင်ဘာ ၂၄ ရက်က စတင်၍ ယာဉ်များ သွားလာခွင့်ပြုခဲ့သည်။ (ဘုရင့်နောင်လမ်း) ဒုတိယထပ်အလွှာ ခုံးကျော်တံတားသည် အရှည် ၁၄၂၇ ပေ ၃ လက်မနှင့် အကျယ် ၅၇ ပေ ၉ လက်မရှိ လေးလမ်းသွား ဖြစ်သည်။ ချဉ်းကပ်လမ်း အလျားမှာ ၅၁၆ ပေ ၂ လက်မဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်သည်။ (သမိုင်းဘူတာရုံ လမ်း) တတိယအလွှာ ခုံးကျော်တံတားသည် အရှည် ၂၄၁၄ ပေ ၁ဝ လက်မနှင့် အကျယ် ၃၂ ပေ ၁ဝ လက်မ ရှိပြီး ခံနိုင်ဝန် တန် ၆ဝ ဖြစ်ပြီး ချဉ်းကပ်လမ်း အလျားမှာ ၃၉၃ ပေ ၉ လက်မ ရှိကာ နှစ်လမ်းသွား သံကူကွန်ကရစ် အမျိုးအစားများ ဖြစ်သည်။ နှစ်ထပ် ဘုရင့်နောင်ခုံးကျော်တံတား တည်ဆောက်မှု ကုန်ကျစရိတ်မှာ ငွေကျပ် ၂၆ ဒသမ ၆၂၆ ဘီလီယံ ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge