Ovulation မျိုးဥကြွေဆေး နှင့် စမ်းသပ်နည်း

ပို့စ်တင်ချိန် - 4/02/2014 06:40:00 PM



(၁) သွေးပေါ်တာ ၁ ရက်နေ့ စတယ်ဆိုရင် မမျိုးဥက ဘယ်ရက်မှာ ကြွေနိုင်ပါသလဲ ဆရာ။ မမျိုးဥ ကြွေနိုင်တဲ့ရက်ကို ဘယ်လိုတွက်ရပါသလဲဆရာ။
(၂) သားသမီးရအောင် အမျိုးသမီးက ရာသီမှန်ရမယ်။ လတိုင်း မျိုးဥထွက်နေရမယ်။ (အီစထိုဂျင်) ဟော်မုန်း မှန်နေရမယ်။ ဟော်မုန်းတွေထွက်ရာ (ပစ်ကျူထရီ) ကလည်း မှန်မှန် အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူ ဖြစ်ရပါမယ်။ ဆေးစစ်တာတွေ စုံအောင် လုပ်ရမယ်။ ကျန်းမာရေးရာဇဝင် ကျကျနနယူမယ်။ ကိုယ်ကာယ စစ်ဆေးမှုတွေ လုပ်မယ်။ သုတ်ပိုးစစ်ဆေးမယ်။ ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ မရှိတာစစ်မယ်။

အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အထိ မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကိုသိမှ စိတ်ချနိုင်တယ်။
• ၃ဝ% လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Ovulation test မျိုးဥထွက်-မထွက် စမ်းသပ်ကိရိယာ
• တစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။
• အမျိုးသမီးရဲ့ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာတခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေ တွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။
• ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အဲလို အပေါင်းပြတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥ ထွက်ပါမယ်။ တယောက်နဲ့တယောက် မတူတာတော့ ရှိမယ်။
• (LH) ဟော်မုန်းက တက်လာတယ်ဆိုရင် အပေါင်းပြပါမယ်။ မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်လို့ မှတ်ယူနိုင်တယ်။
• ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
• Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါတယ်။
• မျဉ်း ၂ ကြောင်းရှိမယ်။ စမ်းသပ်လိုင်းက အကိုးအကားလုပ်ရမဲ့လိုင်းတက် နဲနဲမှိန်တယ်။ အပေါင်းပြတယ်ဆိုတာ LH ဟော်မုန်း တက်လာလို့ ခေါ်တယ်။ မှားပြီး အပေါင်းပြတာ ရှားတယ်။

LH ဟော်မုန်းအနည်း-အများကို သွေးစစ်ရင်သိတယ်။
အရွယ်ရောက် အမျိုးသမီးတယောက်မှာ LH ဟော်မုန်းပုံမှန် 5 to 25 IU/L (6 and 30 U/L) ရှိတယ်။ ယောက်ျားတွေပုံမှန် = 7 and 24 U/L ရှိရမယ်။ 2 mIU/ml ထက်နည်းနေရင် Hypogonadotropic hypogonadism ရောဂါရှိနေမယ်။

LH တွေ ပုံမှန်ထက် များနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anorchia ယောက်ျားအစိမရှိသူ၊
• Hypogonadism ရောဂါ၊
• Klinefelter syndrome ရောဂါ၊
• Menopause သွေးဆုံးပြီးချိန်၊
• Ovarian failure မျိုးဥအိမ်အလုပ်မလုပ်ခြင်း၊
• Polycystic ovary disease မျိုးဥအိမ်အကျိတ်များရောဂါ၊
• Precocious puberty အသက်ငယ်လွန်းပြီး အရွယ်ရောက်သူ၊
• Turner syndrome ရောဂါ၊

LH တွေ ပုံမှန်ထက် နည်းနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anovulatory bleeding မျိုးဥမထွက်ဘဲ ရာသီသာဆင်းသူ၊
• Infertility ကလေးမရနိုင်သူ၊
• Multiple endocrine neoplasia (MEN) (အင်ဒိုခရိုင်မ်) ရောဂါ၊
• Ovarian cysts မျိုးဥအိမ်အကျိတ်။

Clomiphene Citrate မျိုးဥထွက်ဆေး
မျိုးဥမထွက်သူတွေကိုပေးတဲ့ Clomid, Fertomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ Selective estrogen receptor modulator လို့ ခေါ်တယ်။ ဒီဆေးမျိုးကို မျိုးဥမထွက်သူ၊ ဒါမှမဟုတ် မျိုးဥထွက် မမှန်သူတွေကိုသာ ပေးတယ်။

အမျိုးသမီးက အလွန်ဝပြီး (PCOS) ရောဂါလဲ ရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင်ချခိုင်းရမယ်။ အစားရှောင်နည်းနဲ့ လေ့ကျင့်ခန်း လုပ်ခိုင်းမယ်။ မရသေးရင် (အင်စူလင်) လုပ်ငန်းကို ပြင်တဲ့ဆေး ပေးရမယ်။ Clomiphene ဆေးကို ယောက်ျားတွေအတွက်လဲ သုံးတယ်။ သုတ်ပိုး နည်းနေသူတွေအတွက် ကောင်းစေမယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။

ရာသီစလာတဲ့နေ့ရဲ့ နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ 50 mg တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ အဲလို ၃ လ ပေးပေမဲ့ မျိုးဥမထွက်သေးရင် 100 mg ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လပေးမယ်။ 100 mg ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲ ဖြစ်တယ်။ ဆေးကို မနက်မှာ သောက်ရင် ၅ ရက်လုံး မနက်မှာ သောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ ၆ လနေလို့မှ ကိုယ်ဝန် မရသေးရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။ ဇွဲမလျှော့ပါနဲ့အုံး။

မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥလုံးဝမထွက်သူတွေကို ဆေးပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လ ရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။ သဘာဝ အမျိုးသမီးတွေထက် ကလေးပျက်ကျနှုန်း ပိုတော့များတာ အရင်က တွေ့ရတယ်။ နောက်ပိုင်း အဲလို မဟုတ်ပါဘူးလို့ ပြောလာတယ်။

ဘေးထွက်ဆိုးကျိုးတွေ = မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ ပျို့ချင်-အန်ချင် ဖြစ်မယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။ ရှားရှားပါးပါးဆိုးဝါးသူတွေမှာ အသက်ကို အန္တရာယ်ပေးနိုင်တယ်။

ဒီနည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ ကလေးအမွှာ ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။ ဆေးက ကလေးကို ဒုက္ခမပေးပါ။

မျိုးဥထွက်-မထွက်စမ်းနည်းကို ရက်သိပ်စောပြီး စမ်းရင် မမှန်တဲ့ အပေါင်းလက္ခဏာ ပြတတ်တယ်။ ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့ များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။ တလမှာ ၅ ရက်စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။ အပေါင်းလက္ခဏာ ပြတာနဲ့ ဆက်စမ်းစရာ မလိုပါ။ ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။

Cassettes (ကက်ဆက်) အမျိုးအစားက Strips အချောင်းထက်ကောင်းတယ်။ အိန္ဒိယမှာ ၅ ခုပါ (ကက်ဆက်) ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ (ကက်ဆက်) တခု၊ Pipette (ပီပက်) တခုနဲ့ အထားခံအောင် စမ်းရာမှာမလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။ ၃ မိနစ်နဲ့ အဖြေထွက်တယ်။

မျိုးဥထွက်သူဟာ ကိုယ်ဝန်ရချင်ရင် အဲဒီရက်တွေမှာ အကာအကွယ်နည်း တခုမှမသုံးဘဲ အတူနေရမယ်။ တလနဲ့ မရသေးရင် နောက်လ၊ နောက်လတွေမှာ ဆက်စမ်းပါ။ လတွေကြာလို့မှ မရသေးရင် နည်းလမ်းသစ်ကို ကြံဆရပါမယ်။ ဒီဆေးကနေ အပြင်မှာ မျိုးစပ်ပြီးနောက် IUI သူ့သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမဲ့ မျိုးဥထွက် မမှန်သူ အမျိုးသမီးအတွက်လဲ အကျိုးရှိစေတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၄
၂-၄-၂ဝ၁၄