အပူချိန်ကြီး၍ အပူရှပ် (Heat Stroke) အသက်သေဆုံးသည့် ဖြစ်စဉ်အချို့ရှိလာ

ပို့စ်တင်ချိန် - 4/02/2014 02:28:00 PM


(ရန်ကုန်မြို့၏ နေပူရှိန်အောက်တွင် သွားလာနေကြသော ပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))

မြန်မာနိုင်ငံ၏ နွေရာသီကာလတွင် မတ်လဆန်းမှစ၍ အပူချိန်တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိကာလတွင် အပူချိန်အမြင့်ဆုံးမှာ ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အပူရှပ်ခြင်းကြောင့် အသက်သေဆုံးသည့် ဖြစ်စဉ်အချို့လည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ အပူချိန်အမြင့်ဆုံးဖြစ်နေသည့်ဒေသမှာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဖြစ်ပြီး အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိနေကြောင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း မုံရွာမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ အမြင့်ဆုံးအပူချိန်များတွင် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီ၊ မင်္ဂလာဒုံတို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ မွန်ပြည်နယ်ရေးမြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်အထိ အသီးသီးရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

"အခုနှစ်မှာညောင်ဦး၊ ကျောက်တော်၊ ကလေးဝမြို့တွေမှာ အပူချိန်ကမိုးလေ၀သဖွင့်ခဲ့တဲ့ နှစ် ၅၀ ကျော်ကာလအတွင်းမှာ မတ်လတိုင်းအပူချိန်တွေရဲ့ အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့တယ်။ အဲဒီအပူချိန်တွေက အခုဧပြီလကို ကူးလာရင်တော့ အမြင့်ဆုံးအပူချိန်မဟုတ်တော့ဘူး။ ဒါဟာ ပုံမှန်အပူချိန်ပဲဖြစ်သွားတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အပူချိန်က ဆက်လက်မြင့်တက်ဖို့ ရှိပါတယ်"ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားခဲ့သည်။

အပူချိန်ဆက်တိုက်မြင့်တက်ခဲ့မှုများနှင့်အတူ အပူကြောင့်ဖြစ်တတ်သည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿ များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို ဒေသတစ်ခုနှင့်တစ်ခု အနည်းနှင့်အများ တူညီစွာကြုံတွေ့လာရပြီး တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်မားလာမှုများကြောင့် ကလေးငယ်များနှင့် သက်ကြီးပိုင်းများတွင် ဆေးရုံတက်ရောက်ကုသမှုများအပြင် အသက်သေဆုံးမှုများလည်း ရှိလာကြောင်းနှင့် ယခုနှစ်တွင်လည်း ယခင်နှစ်များကဲ့သို့ အပူရှပ်ကာ အသက်သေဆုံးသည့် ဖြစ်စဉ်များလည်းရှိလာပြီဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၆ ရက်က သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အမျိုးသားတစ်ဦး သေဆုံးရောက်ရှိလာကြောင်း သိရသဖြင့် စုံစမ်းရာ သေဆုံးသူမှာ ၅၄ ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေ ကို.....(၂၁)နှစ် ဖြစ်ကြောင်းနှင့် ၎င်းမှာ အပြင်မှပြန်လာပြီး ၎င်း၏ အလုပ်ရှင်နေအိမ်သို့ ၀င်ရောက်ကာ ရေခဲသေတ္တာအတွင်းမှ ရေခဲရေယူသောက်ပြီး အနည်းငယ်ကြာတွင် နှုတ်ခမ်းများပြာလာကာ စကားမေးမရသဖြင့် ဆေးရုံသို့ပို့အပ်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံမှအလောင်းအား တာဝန်ကျဆရာဝန်မှ စစ်ဆေးရာသွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"အခုအပူချိန်က အရင်ကထက် တဖြည်းဖြည်း မြင့်လာတာနဲ့အမျှ သတိပြုဆင်ခြင်ဖို့ လိုလာပါပြီ။ အပြင်ထွက်အလုပ်လုပ်နေတဲ့သူတွေ၊ ကာယလုပ်သားတွေအနေနဲ့ အပူထဲကပြန်လာတာမျိုးမှာ ရေသောက်ရေချိုးတာကအစ ဆင်ခြင်ရတော့မှာပါ။ အခုအချိန်က အပူရှိန်ပြင်းလာပြီဖြစ်တဲ့အတွက် အပူကြောင့်ဖြစ်တဲ့ရောဂါတွေကို ဂရုပြုကြပါ။ မလိုလားအပ်ဘဲ ဘယ်အသက်အရွယ်မဆို အသက်သေဆုံးတာတွေဖြစ်နိုင်တာကြောင့် ကျန်းမာရေးဗဟုသုတရှိဖို့နဲ့ ကြိုတင်ကာကွယ်နည်းတွေကို သေချာလိုက်နာဖို့ အရေးကြီးပါတယ်"ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာစည်သူကဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံအထွက် စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသောဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ဖြစ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညိုရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင်ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေအခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေးချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Eleven Media Group