Touch စနစ်သုံးဟန်းဆက်များ ရေဝင်၊ ရေစိုပါက ဘက်ထရီကို ချက်ချင်းဖြုတ်ထားသင့်ပြီး သတိထားပြုပြင်ရန်လို

ပို့စ်တင်ချိန် - 4/02/2014 06:34:00 PM



သင်္ကြန်ကာလအတွင်း ဟန်းဆက်ကိုင်ဆောင် အသုံးပြုသူများအနေဖြင့် ရေဝင်ခြင်း၊ ရေစိုခြင်းများဖြစ်လာပါက မည်သည့် Touch စနစ်အမျိုးအစား ဟန်းဆက်မဆို ဘက်ထရီ ချက်ချင်းဖြုတ်ထားသင့်ကြောင်း ဆားဗစ်ပညာရှင်တချို့ မှ အကြံပြုပြောကြားသည်။

“ရေစိုခံ အိတ်သုံးထားရက်နဲ့ ရေဝင်တယ်ဆိုရင် ဟန်းဆက်ကို ဘက်ထရီ ချက်ချင်းဖြုတ်ထားတာ အကောင်းဆုံးကာကွယ်တာပါပဲ။ ဖြုတ်လို့ရတဲ့ SIM ကတ်တို့၊ မက်မိုရီကတ်တို့ကအစ အရင်ဖြုတ်ထားရင် ပိုကောင်းပါတယ်။ တချို့ဘက်ထရီ ဖြုတ်လို့မရတဲ့ ဟန်းဆက်တွေဆိုရင်တော့ စမ်းသပ်မှုအမျိုးမျိုး မလုပ်ဘဲ နီးစပ်ရာဆားဗစ်ဆိုင်ကို အမြန်ပို့တာက ပိုပြီးစိတ်ချနိုင်ပါတယ်။ ဟန်းဆက်ကို ဒီအတိုင်း ပါဝါပိတ်ထားလို့ရှိရင် အလုပ်မလုပ်တော့ဘူးလို့ တချို့က ထင်ကြတယ်။ ဒါပေမဲ့ ဟန်းဆက်ရဲ့ ဆားကစ်ပြားကို တိုင်းကြည့်ရင် Volts တွေ ရှိနေတာတွေ့ရလိမ့်မယ်။ ဒီတော့ ဘက်ထရီဖြုတ်လို့ရလို့ ဖြုတ်ထားလိုက်ရင် ဆိုင်မှာသွားပြင်တဲ့အခါ ပြန်ကောင်းဖို့ ရာခိုင်နှုန်း တော်တော်များပါမယ်” ဟု Techvilla မှ ဆားဗစ်ပညာရှင်တစ်ဦးက အကြံပြုပြောကြားသည်။

“တချို့က ဟန်းဆက်ရေဝင်ရင် ဆန်အိုးထဲ ထည့်တာတို့၊ ဆံပင် အခြောက်ခံစက် (Hair Dryer) နဲ့ ဒီအတိုင်းမှုတ်တာတို့ ကိုယ့်ဟာကိုယ် လျှောက်လုပ်ကြတော့ နောက်မှပိုပျက်ပြီး ဆိုင်လာပြင်တာတွေ ပိုတွေ့ရတတ်တယ်။ ဆန်အိုးထဲထည့်လို့ မျက်စိအမြင်မှာ စကရင်မှာ ရေမရှိတော့ပေမဲ့ ဆန်မှာပါဝင်တဲ့ အမှုန့်လေးတွေက ရေနဲ့ရောပြီး ဆားကစ်မှာ ရွံ့ကပ်သလိုမျိုးတွေဖြစ်ပြီး ဟန်းဆက်ဆားကစ် ပျက်စီးတတ်ပါတယ်။ တချို့က ဟန်းဆက်ကို ဒီအတိုင်း ဘက်ထရီလေးဖြုတ်ပြီး Dryer နဲ့ မှုတ်တာမျိုးတွေကြောင့် Touch နဲ့ Display ထိတောင် ပျက်စီးတတ်ပါတယ်” ဟု ဆားဗစ်ဆရာတစ်ဦးဖြစ်သူ ကိုမျိုးကပြောသည်။

“ရာသီဥတုက တော်တော်လေးပူနေတော့ တချို့ဆို ဟန်းဆက်ရေစို/ ရေဝင်လို့ နေပူထုတ်လှမ်းရာကနေ အပူချိန်များပြီး Touch Display တောင် ကြောင်သွားတတ်တာမျိုးလည်း မနှစ်က သင်္ကြန်မှာဖြစ်ကြတာတွေ ရှိတယ်။ အထူးသဖြင့် ရေစိုခံအိတ်ထည့်ထားတယ်ဆိုပြီးတော့ ၁၀၀ ရာခိုင်နှုန်း စိတ်ချလို့ မရဘူး။ ရေစိုခံအိတ်အပြင်ဘက်မှာ ရေစိုနေပြီးတော့ အပူချိန်အရမ်းများရင် ရေငွေ့ပျံပြီး အိတ်အတွင်းဘက်ကို ရေခိုးရေငွေ့အဖြစ်ပြောင်းပြီး ဝင်သွားတတ်တာကြောင့် ရေစိုခံအိတ်အပြင်ဘက်ကိုလည်း ဂရုစိုက်ပြီး ရေစင်အောင် မကြာခဏ ပြုလုပ်ထားဖို့ လိုအပ်ပါမယ်” ဟု TECHVILLA မှ ဆားဗစ်ပညာရှင်က ထပ်မံအကြံပြု ပြောကြားသည်။

ယခင်နှစ်သင်္ကြန် ကာလပြီးဆုံးသွားတိုင်း ဆားဗစ်ဆိုင်များသို့ ဖုန်းဟန်းဆက်အများအပြား ရေဝင်ခြင်းကြောင့် ရောက်လာခဲ့ကြပြီး အချို့မှာမူ ကိုယ်တိုင်နားမလည်ဘဲ စမ်းသပ်ပြုပြင်ခြင်းများကြောင့် လုံးဝပျက်စီးသွားကာ သုံးမရတော့သော အခြေအနေ ရောက်သွားသော ဟန်းဆက်အချို့များပင် ရှိခဲ့ကြောင်း မန်းမိုဘိုင်း ဆားဗစ်သမားထံမှ သိရှိရသည်။ သင်္ကြန်ကာလ ဟန်းဆက်များ ပြင်ပယူဆောင် အသုံးပြုလိုသူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ပြီး ရေဝင်လာပါက ကြားဖူးနားဝလက်တွေ့စမ်းသပ် ပြုပြင်ခြင်းများ ရှောင်ရှားသင့်ပြီး အနည်းဆုံး ဟန်းဆက်ဘက်ထရီ၊ ဆင်းကတ်၊ SD ကတ်များကို အစောတလျင် ဖြုတ်ထားသင့်ကာ နားလည်သူများဖြင့် အမြန်ဆုံးပြုပြင်သင့်ကြောင်း ဆားဗစ်ဆရာတချို့မှ အကြံပြု ပြောကြားခဲ့သည်။

internet journal