IUI နည်းနဲ့ ကလေးရစေခြင်း

ပို့စ်တင်ချိန် - 4/02/2014 02:58:00 PM


မနေ့က OG သွားပြပါတယ်ရှင့်။ သွားပြတော့ မျိုးဥကြွေဆေး Fertomid သောက်တာ 5 Circle လောက်ရှိပြီဆိုတော့ OG က တစ်ဆင့်တက်ပြီး IUI နည်းကို သုံးမယ်ပြောပါတယ်ရှင့်။ အဲဒီနည်းကို သုံးတာ ကောင်းပါလားရှင်။ ပြီးတော့ Chance ကရော ဘယ်လောက် Percentage လောက်ရှိပါလဲရှင်။ အဲဒါ လုပ်ရင်ရော နာပါလားရှင်။

IUI ဆိုတာအရှည်နဲ့ intrauterine insemination ဖြစ်တယ်။ သားအိမ်ထဲကို သုက်ပိုးတမင်တကာ ထည့်ပေးနည်းနဲ့ သားသမီးရအောင် လုပ်နည်းဖြစ်တယ်။ သန်မာအားကောင်းတဲ့ သုက်ပိုးတွေကို သေးငယ်ပျော့ပြောင်းတဲ့ပြွန်လေးကို သားအိမ်အဝကတဆင့် သားအိမ်ထဲကို ထိုးသွင်းပေးနည်းဖြစ်တယ်။ သဘာဝနည်း၊ Clomid (clomiphene citrate) မျိုးဥထွက်ဆေးနဲ့ တွဲနည်းနဲ့ hCG injection ဟော်မုန်းဆေးထိုးနည်းနဲ့ တွဲလုပ်နည်းဆိုပြီးရှိတယ်။

ကြာမလား
လုပ်ရတာ အချိန်မကြာပါ။ ထိုးသွင်းတာချည်းဆိုရင် ၂ မိနစ်လောက်လို့ ပြောလို့ရတယ်။ ဖြေးဖြေးလုပ်တာက ကောင်းတယ်။ သားအိမ်အဝ ပိတ်နေရင်တော့ နဲနဲလေးပို အချိန်ယူမယ်။

အကောင်းဆုံးအချိန်
အမျိုးသမီးမှာ မျိုးဥထွက်တဲ့နောက် ၆ နာရီအတွင်း ထည့်ပေးနိုင်ရင် အကောင်းဆုံးအချိန်ဖြစ်တယ်။ မျိုးဥမထွက်ခင် ၆ နာရီ၊ ထွက်ပြီး ၆ နာရီဖြစ်တယ်။ ယောက်ျားချို့ယွင်းမှုကြောင့် ကလေးမရသေးသူတွေအတွက်တိုရင် မျိုးဥထွက်ပြီးနောက် ၆ နာရီအတွင်းကို ရွေးကြတာများတယ်။ တခြားစုံတွဲတွေအတွက်ဆိုရင် မျိုးဥမထွက်ခင်ကတည်းက သုက်ပိုးထည့်နည်းက နဲနဲပိုပြီး အခွင့်အလမ်းများတယ်။

တကယ်လို့ hCG injection ဟော်မုန်းဆေးထိုးနည်းကနေ ဆက်လုပ်ရတာဆိုရင် ၂၄ ကနေ ၄၈ နာရီအကြာမှာလုပ်တယ်။ တကြိမ်အတွက်ဆိုရင် ၃၆-၄ဝ-၄၂ နာရီဆိုပြီး ဆရာဝန်တွေ ရွေးချယ်မှုမတူတာလဲရှိတယ်။ နှစ်ခါထည့်နည်းသုံးမယ်ဆိုရင် တခါနဲ့တခါကို ၁၂ နာရီခြားမယ်။ hCG ထိုးပြီးနောက် ၂၄-၄ဂ နာရီအတွင်းမှာလုပ်မယ်။ တခါတည်းနည်းနဲ့ ၂ ခါနည်းမှာ ဆရာဝန်တွေ အကြိုက်မတူတာလဲ ရှိပါတယ်။

သုက်ပိုးတွေက သားအိမ်ပြွန်အထိကူးသွားချင်သွားမှာမို့ မျိုးဥအိမ်ကနေ မျိုးဥထွက်ပြီးနောက် ၆-၁၂ နာရီက အကောင်းဆုံး အချိန် ဖြစ်တယ်။ သုက်ပိုးကို သားအိမ်ထဲထိုးသွင်းပေးလိုက် အပြင်ထွက်ကျလာမှာမဟုတ်ပါ။

သုက်ပိုး
သဘာဝထွက်တဲ့-ထုတ်တဲ့ သုက်ပိုးတွေဟာ အမျိုးသမီးကနေထွက်တဲ့ အကျိအချွဲထဲမှာနေရရင် ၅ ရက်အထိရှင်နိုင်တယ်။ ပျမ်းမျှ ၂-၃ ရက်ရှင်နေမယ်။ ဆေးကြောထားပြီးသား သုက်ပိုးတွေဟာ ၂၄-၇၂ နာရီအထိ အသက်ရှင်ကြတယ်။ တကယ်တော့ ၂၄ နာရီနောက်ပိုင်း အားနည်းနည်းလာမယ်။ ထည့်သွင်းမပေးခင်မှာ Sperm သုက်ပိုးခံယူထားမယ်။ ပိုးသန့်တဲ့ခွက်ငယ်နဲဖြစ်ဖြစ် (ကွန်ဒွမ်) အသစ်ထဲမှာ ဖြစ်ဖြစ် ယောက်ျား Ejaculation လိင်ဆန္ဒပြည့်ဝလို့ ထွက်လာမဲ့ သုက်ပိုးကိုခံယူရတယ်။ သားအိမ်ထဲ မထည့်ခင် နာရီဝက်အတွင်းမှာ ထုတ်တဲ့သုက်ရည်ကိုသာ သုံးမယ်။ အိမ်ကနေ ထုတ်ယူလာလဲရတယ်၊ ဆေးခန်းမှာလဲ ထုတ်ယူနိုင်တယ်။

သုက်ရည်ကို ဆေးကြောပေးခြင်း
ထည့်မပေးခင်မှာ သုက်ရည်ကိုဆေးကြောပေးတာလဲ လုပ်ရသေးတယ်။ နာရီဝက်ကနေ ၂ နာရီအထိကြာတတ်တယ်။ ဆေးကြေားပြီး သုက်ပိုးအရေအတွက် ၅ သန်းအထက်ရှိသင့်တယ်။ ၂ဝ-၃ဝ သန်းရှိရင် အောင်မြင်နှုန်းမြင့်တယ်။

အတူနေခြင်း
သုက်ပိုးထုတ်ပေးမဲ့ ယောက်ျားဟာ သုက်မထုတ်ခင် အတူနေတာ၊ ဖါသာအာသာဖြေတာကို ရှောင်နေဘို့လိုမလား အခြေအနေအရပါဘဲ။ ကောင်းတာကတော့ ၇၂ နာရီအတွင်း သုက်ပထွက်-မထုတ်ဘဲ ရှောင်ကျဉ်ထားတာကောင်းမယ်။ ယောက်ကျားက သုက်ပိုးအရေအတွက် နည်းနေသူဖြစ်ရင် ၄၈ နာရီ သုက်မထွက်အောင် ထိန်းထားပေးပါ။ သုက်ပိုးကို ထည့်တွက်စရာမလိုသူဆိုရင် ၂၄ နာရီစောင့်နိုင်ရင်ရပြီ။ hCG injection ဆေးထိုးပေးတာနဲ့ အချိန် မတိမ်းမယိမ်းမှာ အတူနေတာပါ တွဲရင်ကောင်းတယ်။ IUI လိုပြီးလဲ အတူနေတာကို ရှောင်စရာမလိုပါ။ တကယ်လို့ IUI လုပ်တုံးက သွေးနဲနဲ ထွက်တာမျိုး ရှိခဲ့ရင်တော့ ၂၄-၄၈ နာရီအထိ အတူမနေဘို့ ဆရာဝန်ကညွှန်နိုင်တယ်။ IUI ကိုလဲလုပ်ပေး၊ ပုံမှန် အတူနေတာလဲတွဲရင် အခွင့်အလမ်းပိုမယ်။

IUI လုပ်ပြီးနောက်မှာ
လှဲအိပ်နေစရာမလိုပါ။ ၁၅-၃ဝ မိန်တော့ လှဲနေဘို့ ညွှန်နိုင်တယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ သာမန်အိမ်အလုပ်၊ ရုံးအလုပ်လုပ်တာတွေလဲ ရှောင်နေစရာမလိုပါ။ ဆရာဝန်ကနေ follicle development မျိုးဥအိမ်ထဲက ဖေါ်လီကယ် အခြေအနေကို စောင့်ကြည့်ရတယ်။ သဘာဝနည်းနဲ့ဆိုရင် အရွယ်အစားက 20-24mm ရှိပြီး၊ မျိုးဥထွက်ဆေး clomiphene citrate နဲ့ဆိုရင် 20-24mm ရှိတယ်။ FSH တမျိုးတည်းဆိုရင် 17 or 18mm အနည်းဆုံးရှိမယ်။ FSH+LH ဆိုရင် 16 or 17mm အနည်းဆုံးရှိမယ်။ estradiol (E2) level ဆိုတာလဲကြည့်မယ်။ 200-600pg/ml per 18mm follicle ရှိမယ်။ 150 အနည်းဆုံး ရှိရင်လဲ ရနိုင်တယ်။ အောင်မြင်မယ်ဆိုရင် Implantation သန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆-၁၂ ရက်မှာဖြစ်လာမယ်။

ဘယ်လောက်ကုန်မလဲ
IUI procedure and sperm washing လုပ်တာအတွက် အမေရိကားမှာ ဒေါ်လာ ၂ဝဝ-၃ဝဝ ကုန်ကျမယ်။ natural IUI cycle သဘာဝနည်းက ဒေါ်လာ ၂ဝဝ ကုန်ပြီး၊ injectable medications ဆေးထိုးနည်းဆိုရင် ဒေါ်လာ ၅ဝဝဝ-၆ဝဝဝ ကုန်ကျမယ်။ ovulation prediction kits မျိုးဥထွက်-မထွက်စမ်းတဲ့ကရီယာတခုက ၅-၉ ခါအတွက် ဒေါ်လာ ၁၅-၆ဝ ကုန်ကျမယ်။ ultrasounds အာလ်ထွာဆောင်းလဲ ရိုက်ဘို့လိုချင်လိုမယ်။

ဘယ်နှစ်ကြိမ်ကြိုးစားမလဲ
တချို့ဆရာဝန်တွေက LH surge ခေါ်တဲ့ သဘာဝအတိုင်းဟော်မုန်းတက်လာချိန်ကိုရွေးတယ်။ ဒီနည်းရွေးရင် တကြိမ်နည်းကို ၂၄ နာရီရွေးတယ်။ နှစ်ကြိမ်နည်းဆိုရင် ဟော်မုန်းတက်လာပြီးနောက် ၁၂-၄၈ နာရီမှာလုပ်မယ်။
မျိုးဥဟာ မျိုးဥအိမ်ကနေထွက်လာပြီးနောက် ၂၄ နာရီသာ အကောင်းအချိန်လို့ယူဆတယ်။ IUI တကြိမ်နဲ့မရသေးရင် Clomid ဆေးပေးရင်းနဲ့ ၃-၄ ကြိမ်အထိလုပ်သင့်တယ်။ ထိုးဆေးနဲ့လဲ ၃-၄ ကြိမ်လုပ်သင့်တယ်။ အဲတာဒါတွေမှ မရသေးရင်တော့ IVF နည်းစဉ်းစားရတော့မယ်။

ဒီနည်းလုပ်ရလို့ ဘာခံစားရနိုင်သလဲ
နည်းနည်းနာသလို၊ အနေရခက်သလိုသာရှိမယ်။ သွေးနည်းနည်းလေးထွက်နိုင်တယ်။ ဆေးပေးစရာတောင် မလိုတတ်ပါ။ အလွန်ဆုံး ibuprofen and naproxen, Tylenol နဲ့ရတယ်။ ပိုးဝင်မှာကိုတော့ ဆရာဝန်ကသတိထားမှာပါ။

အောင်မြင်မှုနှုန်း
အမျိုးမျိုး မတူကြပါ။ ၆% ကနေ ၂၆% လို့တွေ့ရတယ်။ မျိုးဥအိမ်အခြေအနေအပေါ်မူတည်နိုင်တယ်။ Follicle တခုတည်းက နည်းမယ်။ နောက်ပြီး သုက်ပိုးအရေအတွက်အပေါ်မှာလဲ မူတည်မယ်။ ပမျးမျှအောင်မြင်မှု ၁၅-၂ဝ% လို့ပြောနိုင်တယ်။ အမွှာဖြစ်လမ်းက ၂၃-၃ဝ% ရှိမယ်။

ဒေါက်တာတင့်ဆွေ