သမ္မတဦးသိန်းစိန် မလေးရှားသွားမည်

ပို့စ်တင်ချိန် - 4/02/2014 06:39:00 PM


ရန်ကုန်၊ ဧပြီ ၁

အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် အစိုးရသစ်တွင် တာဝန်ယူပြီး နောက်ပိုင်း မလေးရှားနိုင်ငံသို့ တစ်ကြိမ်မျှ သွားရောက်ဖူးခြင်း မရှိခဲ့ဘဲ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် အဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်လေ့ ရှိသဖြင့် ယင်းခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်မည့် မလေးရှားခရီးစဉ် အသေးစိတ်ကို လတ်တလော အတည်မပြုနိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောဆိုသော်လည်း ဧပြီလ ၈ ရက်နေ့တွင် သွားရောက်ဖွယ် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့ ဖေဖော်ဝါရီလအတွင်း မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့စဉ် သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရပြီး ယင်းဖြစ်ရပ်အတွက် နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

The Voice Weekly