တည်ငြိမ်ရေး ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုခြင်းဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ဆို

ပို့စ်တင်ချိန် - 4/02/2014 02:02:00 PM


ရန်ကုန်၊ ဧပြီ ၁

မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းခွင့် မပြုခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို မြန်မာအစိုးရက သန်းခေါင်စာရင်း ကောက်ယူသည့်အခါမှ ငြင်းဆိုခြင်း မဟုတ်ဘဲ ယခင်ကပင် ငြင်းပယ်ထားသည့် တရားမဝင် အသုံးအနှုန်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ သန်းခေါင်စာရင်း ကောက်ယူမှု စံနှုန်းများ၊ လူ့အခွင့်အရေး စံနှုန်းများကို အခြေခံကာ ကောက်ယူမည်ဟု မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားသော်လည်း ရိုဟင်ဂျာ ဆိုသူများသည် ၎င်းတို့ကို လူမျိုးအမည်ကို ထည့်သွင်းခွင့် ငြင်းပယ် ခံထားရကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် သန်းခေါင်စာရင်း ကောက်ယူ ရရှိသည့် အချက်အလက် တိကျမှုကိုလည်း ထိခိုက်စေကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်း ပြဿနာသည် ဝန်ကြီးချုပ်ဦးနု လက်ထက်က အလွယ်တကူ ခွင့်ပြုခဲ့ခြင်းကြောင့် စတင်ခဲ့သည့် ကိစ္စဖြစ်ပြီး ဦးနုက ၎င်း၏ မိန့်ခွန်းများတွင် ရိုဟင်ဂျာဟု ထည့်သွင်း ပြောဆိုခြင်း၊ မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်တွင် ထည့်ခွင့်ပြုခြင်း၊ တက္ကသိုလ်တွင် ယဉ်ကျေးမှု အသင်းဖွဲ့ခွင့်ပြုခြင်း စသော လုပ်ရပ်များ ရေရှည်အတွက် မစဉ်းစားဘဲ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအကျိုးဆက်ကို လက်ရှိအစိုးရ ဖြေရှင်းနေရခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
“အခုလည်း ကျွန်တော်တို့ လွယ်လွယ်နဲ့ ဆုံးဖြတ် လိုက်မယ်ဆိုလို့ ရှိရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကျွန်တော်တို့ နိုင်ငံကလူတွေပဲ ရင်ဆိုင် ဖြေရှင်းရမယ်။ ကုလသမဂ္ဂက လာပြီး ဖြေရှင်းမှာလည်း မဟုတ်ဘူးလေ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်က မှန်ကန်တယ် ဒီအတိုင်းပဲ လုပ်သွားမယ်” ဟု ၎င်းက ပြောကြားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် မရခြင်းကြောင့် ရခိုင်ပြည်နယ်တွင် အခြေအနေ တင်းမာလာမည်ကို စိုးရိမ်ကြောင်း UNFPA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများသည် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် သန်းခေါင်စာရင်း အကောက်မခံကြကြောင်း စာရင်းကောက်များထံမှ သိရှိရသည်။

The Voice Weekly