ဒါနစစ်ပွဲ (လှူတယ်ဆိုတာ စစ်တိုက်တာပါ)


       လှူတယ်ဆိုတာ စစ်တိုက်တာပါ။ စွန့်လွတ်ခြင်းနဲ့ နှမြောဝန်တိုခြင်းတို့ တိုက်နေတာပါပဲ။ စွန့်လွတ်ချင်တဲ့စိတ်ဖြစ်လိုက် တစ်ခါတွန့်တိုတဲ့စိတ်လေးပေါ်လာလိုက်နဲ့ အလောဘနဲ့ လောဘ လွန်ဆွဲနေ တာပါ။ အခက်ဆုံးစစ်ပွဲကတော့ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့အရာကို စွန်လွတ်ဖို့ပါပဲ။ မှန်ပါတယ်။ ပိုလျှံနေ တဲ့ အရာတွေကို စွန့်လွတ်လှူဒါန်းဖို့ လွယ်ပေမယ့် ကိုယ်တန်ဖိုးထားတဲ့အရာကို စွန့်လွတ်ဖို့ကတော့ အတော့်ကို ခဲရင်းတဲ့ကိစ္စပါ။ ဘာလို့လဲဆိုတော့ သာမန်အပိုပစ္စည်းပေါ်မှာ တွယ်တာတဲ့လောဘက အင် အား မကြီးတော့ အလွယ်တကူ အောင်နိုင်ပေမယ့် ကိုယ်တန်ဖိုးထားတဲ့အရာပေါ်မှာ တွယ်တာတဲ့လောဘ က အရမ်းကို အင်အားကြီးပါတယ်။ အောင်နိုင်ဖို့မလွယ်ပါဘူး။ များသေားအားဖြင့် လက်မြောက်အရှုံးပေးရ တာ များပါတယ်။ သို့သော် အဲဒီတန်ဖိုးထားတဲ့အရာကို စွန့်လွတ်နိုင်သွားပြီဆိုရင်လည်း ရရှိခံစားရတဲ့ ပီတိ က အခြားသာမန်အလှူတွေထက် အရသာရှိပါတယ်။ ဘာလို့လဲဆိုရင် ခတ်ခဲတဲ့အလုပ်ကို အောင်မြင်စွာ လုပ်နိုင်လို့ပါပဲ။ ကိုယ်တန်ဖိုးထားတဲ့အရာကို စွန့်လွတ်နိုင်ခြင်းဟာ တန်ဖိုးထားအပ်တဲ့အရာတွေကို ပိုင်ဆိုင် ဖို့ အကြောင်းဖြစ်ပါတယ်။ ဖြစ်လေရာဘ၀တိုင်းမှာ မြတ်နိုးစရာ၊ တန်ဖိုးထားစရာအရာတွေကို ရရှိခံစားရ ပါလိမ့်မယ်။ ဘုရားရှင်လက်ထက်က ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခု ပြောချင်ပါတယ်။

        ဥဇ္ဇေနီပြည်၊ တေလပတ္တနိဂုံးမှာ အမျိုးသမီးနှစ်ရှိခဲ့ပါတယ်။ တစ်ယောက်ကတော့ ပစ္စည်းချမ်း သာသော်လည်း ဆံပင်ညံ့လို့ အလှဂုဏ်ချို့တဲ့နေတယ်။ အခြားတစ်ယောက်ကတော့ ဆံပင်ကောင်းပြီး မိန်းမအင်္ဂါရပ်နဲ့ ပြည့်စုံသော်လည်း ပစ္စည်းချို့တဲ့တယ်။ ဆံပင်ညံ့တဲ့အမျိုးသမီးက ဆံပင်ကောင်းတဲ့အမျိုး သမီးထံ အသပြာတစ်ထောင်ပေးပြီး ဆံပင်ဝယ်မယ်ဆိုသော်လည်း သူမဘ၀ဟာ ဆံပင်သာ မြတ်နိုးတွယ် တာစရာရှိလို့ ဘယ်လောက်ပေးပေးမရောင်းခဲ့ပါဘူး။ တစ်နေ့မှာ ရှင်မဟာကစ္စည်းနဲ့ ရဟန်းရှစ်ပါး ဆွမ်းခံကြွ လာတော့ ကြည်ညိုသဒ္ဓါပေါက်လို့ လှူချင်သော်လည်း လှူစရာမရှိ။ ဆံပင်ရောင်းရင်တော့ လှူလို့ရနိုင်တယ် လို့စဉ်းစားမိတယ်။ ဒီတော့ လှူချင်တယ်၊ ဆံပင်ကိုလည်း မြတ်နိုးတယ်။ ဆံပင်ကို စွန့်လွတ်မှ လှူနိုင်မယ်။ တရားနှစ်ခု စစ်ပြိုင်နေပါတယ်။ နောက်ဆုံးတော့ ရဲရဲကြီး ဆုံဖြတ်ချက်ချလိုက်ပါတယ်။ ဆံပင်ဟာ အချိန် တန်ရင် ပျက်ဆီးမှာ။ ကုသိုလ်ကတော့ ဘ၀အဆက်ဆက်ချမ်းသာမယ်။ ငါဘာလို့ မလဲနိုင်ရမလဲ။ ပြတ်သား တဲ့ဆုံးဖြတ်ချက်ကိုချလို့ ဆံပင်ညံ့တဲ့ အမျိုးသမီးထံ မိမိဆံပင်ကို သွားရောင်းလိုက်ပါတယ်။ ကိုယ်လို အပ်နေတဲ့အချိန်ဆိုတော့ အနှိမ်ခံရပြီး အသပြာရှစ်ကျပ်ပဲပေးတယ်။ အဲဒီရှစ်ကျပ်နဲ့ ရဟန်းတော်တွေကို ဆွမ်းကပ်လှူလိုက်တာ။ အလှူပြီးလို့ ချက်ချင်းပဲ ဆံပင်တွေဟာ ပြန်ရှည်လာပါတော့တယ်။

       ရဟန်းတော်များ နန်းတော်ကြွတဲ့အခါ စပ်မိစပ်ရာ ဒီအမျိုးသမီးလေးရဲ့ ခတ်ခဲ့တဲ့အလှူအကြောင်း ကို ပြောပြလိုက်တော့ ရှင်ဘုရင်သည် ဒီဃကေသီအမျိုးသမီးလေးရဲ့ အလှူကို တန်ဖိုးထားသောအားဖြင့် မိဖုရားမြောက်လိုက်ပါတယ်။

        စေတနာထက်သန်၊ လောဘတဏှာကို တွန်းလှန်ပြီး ပြတ်ပြတ်သားသားလှူခဲ့တဲ့အလှူဟာ ဒီဘ၀မှာ တင် မစောင့်နိုင်ပဲ လက်ငင်းအကျိုးပေးပါတော့တယ်။ မြတ်နိုးတဲ့အရာကို စွန့်လွတ်ခြင်းရဲ့ အကျိုးကား ကြီး မားပါပေတယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
Myanmar CNN မှ ဓမ္မဒါနပြုပါသည်။

လက်မများကို ဖြတ်ပါ၊ မျက်နှာများကို ဖတ်ပါ


ဖိုးထက်
မတ်လ ၁၅၊ ၂၀၁၄

ကိုတိုးနိုင် အခုတစ်လော အလိုလိုနေရင်း စိတ်တွေ တိုနေသည်။ သူ့ကျန်းမာရေးကလဲ ဒီနှစ်ပိုင်းအတွင်း တစ်ရှောင် ရှောင်။ ပေပေတေတေ အစား အချိန်မှန်မစား၊ ရေတောင် ကောင်းကောင်းမသောက်ဘဲ အလုပ်ဇောကပ်ပြီဆိုလျှင် ၂၄ နာရီမက ၄၈နာရီ လုပ်ရ လုပ်ရ သူ့ အမျိုး အလုပ်ကို လုပ်နေသလို အလုပ် လုပ်သူဆိုတော့ သူ့ကျန်းမာရေးက ချူချာသည်။ ကျောက်ကပ်နာသည်။ ဗိုက်အောင့်သည်။ မျက်စိနာသည်။ ကျောအောင့်သည်။ ပါးစပ်ထဲက အစိမ်းရည်တွေအံသည်။ ကြာတော့ သူ့မန်နေဂျာကိုယ်တိုင်က “မင်း ငါပြောတာကို နားထောင်မလား၊ အလုပ်ထွက်မလား၊ အခု အလုပ်ကိုရပ် အိမ်ကို ပြန်နား” လို့ ပြောရလောက်အောင် အလုပ်ကြိုးစားတာလား၊ သက်သက်မဲ့ပေကပ် လုပ်နေသလား မသိရလောက်အောင် အလုပ် လုပ်လွန်းလှသည်။

တကယ်တော့ ကိုတိုးနိုင်သူ့အကြောင်း သူသာ အသိဆုံး။ အလုပ်ကို သက်သက်မဲ့ စိတ်နှစ်လုပ်နေခြင်း ဖြစ်သည်။ ခေါင်းထဲကို အလုပ်က လွဲလို့ တစ်ခြားအရာတွေ ရောက်မလာအောင် နေ နေခြင်းဖြစ်သည်။ သူ့ခေါင်းထဲကို ရောက်မလာစေချင်တဲ့ အကြောင်းအရာတွေထဲမှာ သူ့ကောင်မလေး အကြောင်းပါသည်။ အသဲကွဲသမားကြီး တိုးနိုင်လို့ ပြောရအောင်လဲ သူ့ကောင်မလေးက သူ့ကို ပြစ်သွားပြီး နောက် ယောင်္ကျားနောက် ကောက်ကောက်ပါအောင် လိုက်သွားတာလဲ မဟုတ်။ ဒီလိုဆို ဘာဖြစ်သလဲ…

ကိုတိုးနိုင် အသက်က မငယ်တော့။ လူပျိုကြီး စာရင်းဝင်ပြီ။ အရင်ကတော့ ရည်းစားသနာ ထားဘူးသည်။ သူကိုယ်တိုင်လဲ ယူဖို့ ရည်ရွယ်သည်။ ဒါပေမယ့် ဖူးစာဆိုတာ ပြောရခက်သလို “မိန်းမဆိုတာ ဆောင်းလေပမာညီ အတွင်းသဘော ဘယ်မညီ ပြောင်းလဲတတ်သည်” ဆိုသည့် သီချင်းစာသားကို နှစ်သက်သူလဲ ဖြစ်သည်။ သူကံမကောင်းတာလဲ ပါသည်။ ဗုဒ္ဓဘာသာ အလိုအရ အရင်ဘ၀က ငါသူများ သားမယား ပြစ်မှားမိလို့ အခုဘ၀ ကောင်းကောင်းကန်းကန်း မိန်းမတွေနဲ့ မတွေ့ရတာဟု ခဏ ခဏ ပြောတတ်သည်။ ဒီလို ပြောလို့ သူ့ဘ၀မှာ မကောင်းမကန်း မိန်းမတွေ၊ ဗရုတ်သုတ်ခ မိန်းမတွေနဲ့ တွေ့ခဲ့တာတော့ မဟုတ်။

တစ်ခုတော့ ပြောစရာရှိသည်။ ကိုတိုးနိုင်က အူတိုသည်။ သ၀န်တိုသည်။ အတော်အသင့်ဆို တော်သေးသည်။ တစ်ခါတစ်ရံ လွန်လွန်ကြူးကြူး ဖြစ်လောက်အောင် အူတိုသည်။ နေမွန်းတည့် သူ့ကောင်မလေး အပြင်ကို ထီးမပါဘဲ ထွက်ရင်တောင် မင်း အရိပ်က ဘယ်သူနဲ့ အလေလိုက်နေသလဲလို့ နှမသားချင်းမစာမနာ စကားနာထိုးတတ်သည်။ သီးခံနိုင်တဲ့ မိန်းကလေးလဲ ဖြစ်၊ သူတကယ်ချစ်တတ်တာကို သိသူဆိုရင် အတော်အသင့် စကားများတာနဲ့ ပြီးသည်။ ခပ်ထက်ထက် ပြန်ပက်တတ်တဲ့ မိန်းကလေးနဲ့ တွေ့ရင် ကိုတိုးနိုင်က မင်းတို့ မိန်းမတွေက အာခံတွင်းထဲ ထည့်ငုံထားရင်တောင် စိတ်ချရတဲ့ အမျိုးမဟုတ်ဘူးဟု အလကား သက်သက်မဲ့ မိန်းမထုကြီး တစ်ရပ်လုံးကို စော်ကားမော်ကား ပြောတော့သည်။

မြန်မာ့လူမှုပါတ်ဝန်းကျင်မှာ တာဏှောယ္ခကို လူတိုင်းလိုလိုသိကြသည်။ ဒီ ဘီလူးက သူ့မိန်းမကို ချစ်လွန်းလို့ အတ္တအလွန်ကြီးပြီး အာခံတွင်းထဲ ထည့်ငုံထားသည်။ ဒါကို သိသွားသော ဇော်ဂျီတစ်ကောင်က ရှိန်းဆာယာ ဖိုမောက် ကိုယ်ပျောက်အောင် လုပ်၊ သူ့ခံတွင်းထဲဝင် သူ့မိန်းမနဲ့ မှောက်မှားသည်။ သူကတော့ သူ့ခံတွင်းထဲမှာ သူ့မိန်းမတစ်ယောက်တည်း အေးအေးချမ်းချမ်း ရှိနေတာဘဲ လေဆိုပြီး စိတ်ချလက်ချရှိခဲ့သည်။ ဒါကို သိမြင်နိုင်သော ရသေ့ကြီးက “ဟယ် လင်မယား သုံးယောက် ဘယ်သွားကြလို့မလဲ” ဆိုပြီး အပြောမှာ ဘီလူးက ဒက်ပေါက်သွားသည်။ သူက သရီးရှဲဒိုး နားလည်တဲ့ ဘီလူးကိုး။ ကွိုင်ပြီဆိုတာ ကြိုသိတဲ့ ကြာကူလီ ဇော်ဂျီကတော့ ကိုယ်ပျောက်ပြီး လစ်ပြေးလေပြီ။  ခံတွင်းထဲက ကြုပ်ကိုထုတ်စစ်တော့ သူထားသလို မဟုတ်တော့။ အနေ အထား အသိုတွေ ပျက်ယွန်းနေပြီ။ သူ့မိန်းမကို စစ်တော့ “အို ကျုပ်ဘယ်သိမလဲ၊ အာခံတွင်းထဲ အမှောင်ထဲဆိုတော့ ရှင်ထင်တာပေါ့” လို့ သူ့ကို ကွန်ပလိန်း ပြန်တက်သည်။ ဒီအကြောင်းကို လူရွှင်တော်တွေ ပျက်လုံးထုတ်တာ ကိုတိုးနိုင် ကြားဘူးသည်။ “အေးကွ ဒီမိန်းမ ကိုယ်သောက်တဲ့ ဆေးလိပ် ငါးမူးတန်မှန်းမသိ၊ တစ်ကျပ်တန်မှန်းမသိ” ဟု အဆင့်အတန်းရှိ ခါးအောက်ပိုင်း ပျက်လုံးမျိုးကို ကိုတိုးနိုင်ကြားဘူးသည်။

တာဏှောယ္ခဘီလူးလို သူ့ကောင်မလေးကို အာခံတွင်းထဲ ထည့်ငုံထားလို့ရရင် ကိုတိုးနိုင်က ငုံထားလောက်အောင် ချစ်သည်။ သ၀န်တိုသည်။ ဒါပေမယ့် သူ့ကောင်မလေးက ဘီလူးမိန်းမလို အငုံခံမယ့်သူ မဟုတ်တာတော့ သေချာသည်။ ကောင်မလေးဟုသုံးသာ သုံးရသည်။ သူ့ကောင်မလေးကလဲ အသက် သုံးဆယ်ကျော် အပျိုကြီး စာရင်း ၀င်စ။ ပြီးတော့ သူ့ကောင်မလေးက ခေသူမဟုတ်။ မခေဆို နိုင်ငံခြားမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် အလုပ် လုပ်နေတာ ငါးနှစ်ကျော် ခြောက်နှစ်စွန်းစွန်း။ ကိုယ့်အားကို ကိုယ်သိသည်။ ကိုယ့်အစွမ်းအစ ကိုယ်သိသည်။ အတော်အသင့် ယောင်္ကျားမျိုးကတော့ ဖုတ်လေသည့် ငပိ ရှိသည်လို့ ထင်သည့် မိန်းမမျိုး မဟုတ်။ အတွေ့အကြုံလဲ များဟန်ရှိသည်။ ကိုတိုးနိုင်ကတော့ သူ့ဘာသာ ဘာတွေ အတွေ့အကြုံ ရှိခဲ့ ရှိခဲ့ သူနဲ့ လက်ထပ်ဖို့ အထိ ရည်ရွယ်ပြီး စဉ်းစားသည်။ အရင်ကလို ရည်စား လက်တည့်စမ်း ထားလို့ ကောင်းတဲ့ အရွယ်မဟုတ်တော့တာလဲ ပါမှာပေါ့လေ။ မိန်းမတစ်ယောက်ကို ချစ်ရတာလွယ်သည်။ မုန်းမေ့လိုက်ဖို့ ခက်တယ်ဆိုတာ ကိုတိုးနိုင်ကတော့ ဘယ်ပညာရှိ သဘောတူတူ၊ မတူတူ သူကိုယ်တိုင် သတ်မှတ်သည်။

ဘ၀က တစ်ခါတစ်ရံ အလွန်ရှုပ်ထွေးသည်။ ပြီးတော့ သူလို လူပျိုကြီးတွေအတွက် ပိုလို့တောင် ရှုပ်ထွေးနေတတ်သည်။ ရှုပ်အောင် လုပ်တာလဲ သူကိုယ်တိုင် ဖြစ်မှန်းမသိ ဖြစ်နေသေးသည်။ ကိုတိုးနိုင်က သူ့ကောင်မလေးကို သ၀န်တိုကြောင်း ပြောနေဖို့ မလိုဟုသတ်မှတ်သည်။ အချိန်တန် ဒင်းသိလိမ့်မယ်လို့ ထင်သည်။ အဲဒီမှာ ရှုပ်ထွေးကုန်သည်။ သူ့ကောင်မလေးက မသိတတ်ရမယ်ဆိုလျှင် တကမ္ဘာလုံးက မသိတတ်သမျှတွေ ချီး ငှားပြီး မသိတတ်ချင်သောသူ ဖြစ်နေတတ်သည်။

တစ်ခါကဆိုလျှင် သူ့ဘဏ်စာရင်းထဲက ငွေလက်ကျန် သူမသုံးရဘဲ ပျောက်နေသည်။ ကိုတိုးနိုင်က ငွေရေး ကြေးရေးမှာ မပူမပင်ရပေမယ့် ဇယားကျသူပီပီ မျက်စိမျက်နှာ ပျက်ချင်သည်။ ဒါကို သူ့ကောင်မလေး အပျိုကြီးလေးက “အမလေး ဖြစ်နေလိုက်တာ ဒီလောက်ပိုက်ဆံလေး ပျောက်တာများ” ဟု လွှတ်ခနဲ့ သူ့ကို ပြောမိသည်။ ကိုတိုးနိုင် ပြဿနာ ရှာတာ မဆုံးတော့။ နောက်ဆုံးတော့ ကောင်မလေးက သူ့ကို တောင်းပန်သလိုလိုနဲ့ “ ကို ဒီလောက် စိတ်ဆိုးတတ်မှန်း မသိလို့ ဒီလိုဘဲ ပြောမိတာပါ” ဟု သူ့ကို ဆော်တာ ခံလိုက်ရသည်။

ကိုတိုးနိုင်ဖြစ်စေချင်တာက “ဟာ..ဟုတ်လား ဘယ်တုံးက ဘာသုံးသေးလဲ။ သေချာ ပြန်စဉ်းစားပါအုံး။ လာ.. အေးအေးဆေးဆေး ခေါင်းအေးအေးထားပြီး စဉ်းစားကြရအောင်” ဆိုသည့် မိန်းကလေးမျိုး ဖြစ်စေချင်သည်။ ဒါပေမယ့် ရန်ဖြစ်လိုက်ရ၊ အဖုအထုံး ဖြစ်လိုက်ရတာဘဲ အဖတ်တင်သည်။

အဆိုးဆုံးက သူ့ကောင်မလေးက FB မှာ ဆယ်လီဗြယ်တီ စာရင်း ခပ်ဝင်ချင်ချင် ဖြစ်နေ တာလဲ ပါသည်။ ဓာတ်ပုံလေး တစ်ပုံရိုက်ပြီး ကဗျာလေး တစ်ပုဒ် တင်လိုက်ရင်ဘဲ သူ့ကောင်မလေးက like ပေါင်း တစ်ရာကျော်၊ comment တွေက ပြန်ပြောလို့ မပြီးနိုင်လောက်အောင် ပရိတ်သတ်ရှိသောသူ။ ကိုတိုးနိုင်က FB မသုံးတာ မဟုတ်။ ဒါပေသိ သူက သူ့ခံစားချက်တွေ၊ သူ့ရင်ထဲမှာ ဖြစ်နေတာတွေကို သူများကို သိပ်မသိစေချင်သောလူ အမျိုး အစားထဲမှာ ပါသည်။ သူ့ကောင်မလေးကတော့ ခေါင်းကိုက် ဖင်နာတာက အစ အွန်လိုင်းမှာ ပေးသိချင်သောသူ။

ကိုတိုးနိုင် သူ့ကောင်မလေးကို propose မလုပ်ခင်ကတည်းက သူ့ကောင်မလေး FB ကို မွှေနှောက်ပြီးသား။ ဒင်းလေးသည် ခေသူမဟုတ်လို့ သူသိသည်။ နိုင်ငံရေးမှာ ဒီမိုကရေစီ ဘက်တော်သား။ ဒေါ်စု ပရိတ်သတ် အခိုင်အမာတစ်ယောက်။ ဒါကို ကိုတိုးနိုင်က အပေါင်းမှတ်ပေးသည်။ ကဗျာတွေ ရှယ်ထားတာ တွေ့သည်။ နောက်ထပ် အပေါင်းမှတ်။ သူလဲ ကဗျာကြိုက်သူကိုး။ တိုက်ဆိုင်တာက သူကြိုက်သော ကဗျာဆရာ တွေ ဖြစ်သည့် ကိုသိန်းဇော်၊ မောင်ခိုင်မာ ကဗျာတွေကို သူ့ကောင်မလေးက ရှယ်ထားတာ တွေ့သည်။ စိတ်တူ ကိုယ်တူတွေ့ရတာ နောက်ကျသကွာလို့ တစ်ယောက်တည်း ညည်းမိသည်အထိ သူ့ကောင်မလေးကို အမှတ်တွေ ဗုံးဗောလအော ပေးပြစ်သည်။ ဒီလိုနဲ့ FB မှာ သူ့ကောင်မလေးကို လေ့လာပြီး အပြင်မှာ ချစ်ရေးဆိုသည်။ FB အလွန်အကျွံသုံးတာလေးတော့ ငါ ပြင်လို့ ရနိုင်ကောင်းပါရဲ့လို့ စိတ်ထဲကလဲ တေးထားသေးသည်။

ခက်သည်။ အတော်ခက်သည်။ ကိုတိုးနိုင် ထင်သလို အသက်သုံးဆယ်ကျော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေ နိုင်သော မိန်းမတစ်ယောက်ကို သူသဘောမကျသော FB အသုံးကြမ်းတာကြီးအား ပြင်ဖို့ အတော်ကြီး ခက်တယ်ဆိုတာ လျှော့တွက်မိခြင်း ဖြစ်သည်။ နောက်ပြီးတော့ သူ့ကောင်မလေးက သူနဲ့ နှစ်ယောက်တည်း ထိုင်နေချိန်မှာ သူ့ကောင်မလေးက “FB က အမတွေကို ကိုနဲ့ အတူတူ ဓာတ်ပုံရိုက်ပြီး ပို့ရအုံးမယ်။ သူတို့ကို အသိပေးမယ်လို့ ပြောထားတယ်” ဟု ပြောလာချိန်မှာ ကိုတိုးနိုင် စိတ်ပေါက်ပေမယ့် ကောင်းကောင်းမွန်မွန်ပြောသည်။ “အွန်လိုင်းက သူငယ်ချင်းတွေကိုများကွာ…ငါတို့မှာ အလေးအနက်ထားစရာတွေ ဒီလောက် ရှားနေသလား” လို့ပြောတော့ ကောင်မလေးက သဘောပေါက်သလိုလို ရှိသွားသည်။ “အင်းပါ..” လို့ ပြောသည်။ သိပ်တော့ ကျေနပ်ဟန်မတူ။

သဘောပေါက်သွားသလိုလို ရှိတာသည် တကယ် သဘောပေါက်တာ မဟုတ်။ နောက်ထပ်တစ်ခါကြုံရပြန်သည်။ တိုက်ဘဲ တိုက်ဆိုင်လွန်းတယ်လို့ ဆိုရမှာလား မသိ။ သူဘဲ ကံမကောင်းတာလား။ သူ့ကောင်မလေးကဘဲ မသိတတ်နိုင်လွန်းတာလား သူမသိ။ ဖြစ်ပုံက…

ကိုတိုးနိုင်က သူ့မိခင် ကုပ္မဏီရှိရာ စင်္ကာပူနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံလေး တစ်ခုကို လွန်းပျံသွားနေရသောသူ။ သူ့မန်နေဂျာက အသက်လဲကြီးပြီ၊ မိသားစုနဲ့ နေချင်သူဆိုတော့ လူလွတ်လဲဖြစ်၊ အလုပ်ကလဲ ကြိုးစား၊ စိတ်ချရသော သူ့ကို ခေါက်တုံ့ခေါက်ပြန်သွားစေခဲ့ခြင်းက ပြဿနာ ဖြစ်စေခဲ့သည်။ အလုပ်ပြဿနာ မဟုတ်။ အလုပ်က သူမရှိရင် မဖြစ်နိုင်လောက်အောင် ကိုတိုးနိုင်က အလုပ်ကြိုးစား ပေးခဲ့သည်။ အလုပ် အပေါ်မှာ စိတ်ကောင်းကောင်းထားပေးသည်။ ပြဿနာယူလာသူ သူ့ကောင်မလေးက အဲဒီအရှေ့ အလယ်ပိုင်းနိုင်ငံမှာ သူတို့ရဲ့ FB ပေါ်ကအွန်လိုင်း မိသားစုဝင် ယောက်င်္ကျားတစ်ယောက်ရှိတယ်။ အဲဒါ လူကြုံထည့်ပေးသူရှိလို့ ယူသွားပေးအုံးနော်လို့ ဆိုလာတော့ ကိုတိုးနိုင် ဒေါသက ငယ်ထိပ်အထက်က ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုကို ထပ် တပ်ပြီးထွက်ချင်လောက်အောင် စိတ်ဆိုးသည်။ ရန်တွေ အကြီးအကျယ်ဖြစ်သည်။ ကောင်မလေးကလဲ ရိုးသားသူမို့လို့လား မသိ။ “ဒါလေး ပြောတာ ဘာဖြစ်လဲ” လို့ ပြန်ပြောတော့ ကိုတိုးနိုင်သာ သွေးတိုးရောဂါရှိလျှင် ဗိုင်းခနဲ့ ပြစ်လဲပြီး သေနိုင်သည်။

ထို ကိစ္စအဆုံးသတ်မှာ သူ့ကောင်မလေးက သူ့FB အကောင့်ကို ဒီအက်တီဗိတ်လုပ်ပြီး သူ့ကို ချော့သည်။ တကယ်ဆိုရင် ပြဿနာက ပြီးပြီ။ မပြီးနိုင် မစီးနိုင် ပြဿနာ ရှာနေသော သူ့ကို သူ့ကောင်မလေးက လဲ ခွင့်လွှတ်သည်။ သူ့ကို ပိုတိုးပြီး ဂရုစိုက်လာသည်။ ကိုတိုးနိုင် ပျော်မဆုံး မော်မဆုံး။ သူ့အမေနဲ့ ဖုံးဆက်စဉ်မှာ အမေဖြစ်သူက “နင့်အိမ်ထောင်ပြုအုံးမှာလား” သူသော မေးခွန်းကို အရင်လို ပြတ်ပြတ်သားသား “အိုဗျာ ရှုပ်တယ်” လို့ မဖြေဘဲ “ဟဲ..ဟဲ အမေကလဲ ကျွန်တော်က ငယ်ပါသေးတယ်ဗျ” လို့ အနှောင့်မလွတ် အသွားမလွတ် ပြန်ဖြေခဲ့သည်။ ဒင်းလေးနဲ့ ငါအိမ်ထောင်ပြုရင် အခု ငါ့အသက်က ဘယ်လောက် ငါ့ သား၊ သမီးမွေးလာရင် အသက်ကြီးမှ အိမ်ထောင်ပြုတော့ ဒေါင်းလေးတွေများ မွေးလာမလား။ အို…ကျန်းမာအောင်အစားကောင်း ကောင်း ဆေးကောင်းကောင်းနဲ့ဆို အဆင်ပြေမှာပါလေ။ ငါ့အသက် ၆၀ ကျော်အထိ ကျန်းမာအောင်နေရမယ်။ အရက်လျှော့သောက်မှ။ လမ်းလျှောက်မှ။ ဒါမှ ငါ့သား၊ သမီးတွေ အသက် သုံးဆယ်အရွယ်အထိ ငါကျန်းမာမှာလို့ သူ့အတွေးနဲ့ သူ အိပ်မပျော်ဖြစ်နေတတ်သည်။

လူတစ်ယောက်ရဲ့ အစွဲဗီဇကို ဖျောက်ဖို့ ဘယ်အရာက ကူညီပေးနိုင်သလဲ။ ဒါတော့ ကိုတိုးနိုင်သေချာမသိ။ သူ့ရဲ့ ဇီဇာကြောင်တာ၊ ဂဂျီးဂဂျောင်ကြချင်တာ၊ အူတိုလွန်းတာတွေကို သူ့ကောင်မလေးက သီးခံရှာသည်။ဒါပေသိ ကိုတိုးနိုင်ရဲ့ အနာဂတ် Family Plan ကြီး ဆွဲလို့ မပြီးခင်မှာ နောက်ထပ်တစ်ခါ FB နဲ့ ပါတ်သက်ပြီး ညှိမရလောက်အောင် ပြဿနာ အကြီးကြီး ထပ်ဖြစ်ကြသည်။ တကယ်ဆိုရင် ကိုတိုးနိုင်က နားလည်ခွင့်လွှတ် သဘောထားကြီးသော ဦးစံရှားလို၊ စနေမောင်မောင်ကြီးလို လူဆိုရင်တော့ ပြဿနာ ဒီလောက် မကြီးနိုင်။ ကိုတိုးနိုင်သည် ကိုတိုးနိုင် ဖြစ်သည်ဟု ဆိုယုံသာ ရှိသည်။

ဖြစ်ပုံက အဲဒီည။ နှစ်ကူးည။ ကိုတိုးနိုင်နဲ့ သူ့ကောင်မလေး လျှောက်လည်ကြသည်။ “နှစ်ကူးချိန်စောင့်မှာ နဲ့ ပြန်ရမှာ သွားရမှာနဲ့ အိမ်ပြန်မနေပါနဲ့တော့ကွာ။ ကိုနဲ့ လိုက်ခဲ့ပါတော့။” ဟု ကိုတိုးနိုင် မရိုးမသား စည်းရုံးတာကို သူ့ကောင်မလေးကလဲ သိသိကြီးနဲ့ “အင်းလေ ဒါဆို လဲ ပြီးရော”လို့ အဖြေပေးသည်။ တကယ်ကျတော့ နှစ်ယောက်သား ဖွင့်သာ မပြောတာ။ သူ့ဘာသာ လုံလောက်ကြွယ်ဝသော အတွေ့အကြုံတွေ ရှိကြသူတွေဆိုတာ အပြန်အလှန်သိထားသူတွေ။ ဒီကိစ္စကိုတော့ ကိုတိုးနိုင်က ပြဿနာ မရှာ။ ငါနဲ့ မတွေ့ခင်ကတည်းက ဖြစ်ထားတဲ့ ကိစ္စတွေဘဲလေလို့ ယောင်္ကျားပီပီ နှမြောစိတ်ရှိပေမယ့် ဖြေတွေးလေး တွေးပေးသည်။ ခက်တာက သူ့ကောင်မလေးဘဲ ဖြစ်သည်။ ဒီလောက် အသက်သုံးဆယ်ကျော် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သော ယောင်္ကျားနဲ့ မိန်းမ ပထမဆုံး ချိန်းတွေ့သော ညမှာဘဲ FB သုံးချင်ခြင်းဖြစ်သည်။ သာမန် ယောင်္ကျား တစ်ယောက်ဆိုလျှင် ဘာပြဿနာမှ ဖြစ်မှာ မဟုတ်။ ကိုတိုးနိုင်တာ သာမန်ယောင်္ကျား မဟုတ်။ အလွန် ပြဿနာ ရှာသောသူ။ မထင် မထင်သလို ရှေ့မကြည့် နောက်မကြည့် ကိုယ်မှန်တယ်ထင်ရင် စုတ်ပြတ်သတ်နေအောင် နှမသားချင်းမစာနာ ပြောတတ်သောသူ။

ကောင်မလေးက သူ့ အိုင်ဖုန်းလေးကို ထုတ်ပြီး “ဒီညကစပြီး FB ပြန်သုံးမယ်နော်..ကို” ဟု ပြောသည်။ ကိုတိုးနိုင်ရင်ထဲ ကျင်ခနဲ့ ဖြစ်သွားသည်။ ဒါပေမယ့် “FB ပြန်သုံးချင် သုံးပါကွာ”ဟု ပြောက ပြောထားသေးသည်။ သူ့ကောင်မလေး စိတ်ကို နားလည်သူဟု သူ့ ကိုယ်သူ ထင်သူပီပီ အင်းမလှုပ်၊ အဲမလှုပ် ပြန်ကြည့်လိုက်သည်။ နှစ်ကူး မီးပန်းတွေ ကောင်းကင်ထဲမှာ လင်းထိန်နေအောင် လင်းနေပေမယ့် သူ့မျက်နှာကြီး ညိုသွားတာ ကောင်မလေးက သိသွားဟန်တူသည်။ “အို..မျက်နှာကြီးက မကြိုက်ဘူး ထင်တယ်။ မသုံးတော့ပါဘူးလေ” ဆိုပြီး သူ့ဖုန်းကို ပြန်ထည့်လိုက်သည်။ ကိုတိုးနိုင်တကယ့်ကိုဘဲ သူ့ကောင်မလေးကို အစိမ်းလိုက် ဂျိုးဂျိုး ဂျွတ်ဂျွတ်မြည်ပြီး ၀ါးစားရ လောက်အောင် ချစ်သွားသည်။ သိတတ်တယ်။ ငါ မကြိုက်တာ နားလည်တဲ့ မိန်းမဘဲဟု တွေးလိုက်သေးသည်။

သူတို့ တည်းခိုမယ့် နေရာရောက်တော့ ကောင်မလေးနဲ့ သူ ရင်ခုန်သည်။ ကလေးတွေ မဟုတ်ကြပေမယ့် တကယ် ချစ်ရ ခင်ရသော သူနဲ့ အတူနေရရင် ဆိုတဲ့ အတွေးနဲ့ သူ့ကောင်မလေးတော့ မသိ။ ကိုတိုးနိုင်ကတော့ ဂဏှာမငြိမ်။ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်သော်လည်း သူ့ရင်ခုန်သံ သူပြန်ကြားနေရသည်။ အီးပါချင်သလို ရှူပေါက်ချင်သလိုလို ဖြစ်လာသော သူ့ကိုယ်သူ ငြိမ်သက်စေဖို့ အိမ်သာထဲ ၀င်ပြီး ထိုင်နေလိုက်သည်။ ကောင်မလေး လွတ်လွတ်လပ်လပ် နေပါစေလို့လဲ တွေးလိုက်သေးသည်။ သူအိမ်သာထဲက ပြန်ထွက်တော့ ကောင်မလေး လက်ထဲမှာ တယ်လီဖုန်း။ လက်မလေးနဲ့ ပွတ်သပ်ပြီး သူ့ဖုန်းလေးကို သုံးနေသည်။ သူ့သူငယ်ချင်းတွေ ဖုန်းခေါ်ထားတာ စစ်နေတာနေမှာပါ လို့ တွေးပေးလိုက်သည်။

ကိုတိုးနိုင်တွေးထင်ပေးသလို မဟုတ်။ သူ့ကောင်မလေး FB သုံးနေခြင်းဖြစ်သည်။ ကိုတိုးနိုင် ဒေါသထွက်ရတာထက် စိတ်အပျက်ကြီး ပျက်သွားသည်။ ၀မ်းလဲ နည်းသွားသည်။ သူမကြိုက်မှန်းလဲ သူလက်ထပ်မယ်လို့ ရည်ရွယ်ထားတဲ့ ကောင်မလေးကလဲ ကောင်းကောင်းသိသည်။ သုံးချင်သုံးပါလို့ ပြောထားပါပေမယ့် နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် ပထမဆုံးတွေ့ရသော ဘ၀ရဲ့ မေ့မရနိုင်တဲ့ ညတစ်ညထက် သူ့FB ကြီးက ပိုအရေးကြီးနေတာ ကိုတိုးနိုင် ငိုချင်သွားသည်။ ကိုတိုးနိုင်သာ ကလေးတစ်ယောက်ဖြစ်လျှင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အာဗြဲကြီးနဲ့ ငိုမှာ သေချာသည်။

တိုတိုဘဲ ပြောကြပါစို့ရဲ့။ အဲဒီကိစ္စက ကိုတိုးနိုင်တို့ နှစ်ယောက်အကြားမှာ အဟကြီး ဖြစ်သွားသည်။ နည်းနည်းနောနော အဟကြီး မဟုတ်။ အောက်ခြေကို မမြင်ရသော ချောက်ကြီး ခြားသွားခဲ့သည်။ ကောင်မလေးက ဒုတိယအကြိမ် သူ့ FB အကောင့်ကို ဒီအက်တီဗိတ်လုပ်ပြီး ချော့သည်။ သူ့ယုံကြည်မှုကို ပြန်ယူသည်။ ကိုတိုးနိုင်ကလဲ ကိုတိုးနိုင်။ သူ့စိတ်ထဲ ထင်ရာ မြင်ရာကို အမှန်လို့ ထင်မြင်ယူဆသူ။ မိစ္ဆာဒိဌိအယူရှိတယ်လို့ ဆိုရမှာလား မသိ။ “ဒီမိန်းမ ဒီလောက်တောင် FB ကို စွဲလမ်းနေတာ။ နောက်ပြီး အွန်လိုင်းမှာများ ရည်းစားသနာတွေ ရှိနေသလား မသိ”ဟု မယုံကြည်မှုမျိုးတွေ တွေးမိလာသည်။ ကောင်မလေးက သူ့အမှားကို သူသိသည်။ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာ သည်။ ကိုတိုးနိုင်က အစွဲအလမ်းကြီးသည်။ လူတွေကို မယုံကြည်တတ်သော ပါးစပ်ကြမ်းသူ ပီပီ စကားတွေ လွန်ကုန်သည်။ ကောင်မလေးက နောက်ဆုံးမှာ သီးမခံနိုင်တော့ဘဲ “နင်ဟာ မိန်းမလို မိန်းမရ နိုင်လွန်းတယ်”ဟု မိန်းမတစ်ယောက်က မိန်းမသားထုကြီး ကို စော်ကားမှု ဖြစ်စေသော ရင့်သီးသော စကားကို ဆိုလာသည်။

တော်ဖလာ၊ ပီတာဒရပ်ကား ဆိုသော လူများက ခေတ်တွေကို လှိုင်းလုံးကြီးတွေနဲ့ တင်စားခဲ့သည်။ လက်ရှိခေတ်ကြီးက တတိယလှိုင်းတဲ့။ နည်းပညာခေတ်တဲ့လေ။ နောက်ပြီး အခု စမတ်ဖုန်းတွေ ပေါ်လာတော့ Thumb Age တဲ့။ လက်မလေးနဲ့ ခရီးသွား ဟန်လွှဲ ကိုယ်ပြောချင်ရာ ပြောနိုင်သော၊ ဖောက်ထုတ်ချနိုင်သော ခေတ်တဲ့။ ကိုတိုးနိုင်ကတော့ စာအနည်းငယ် ဖတ်သူပီပီ တတိယလှိုင်းသိသည်။ Thumb Age သိသည်။ သူ့ လက်ချောင်းတွေရဲ့ အလုပ် ခုနှစ်ဆယ် ရာခိုင်နှုန်းကျော် အလုပ်လုပ်သော သူ့လက်မကြီးကို မုန်းလာသည်။ လက်မကိုတော့ မဖြတ်နိုင်။ သူလုပ်နိုင်တာတာ တစ်ခုတော့ ရှိသည်။ လက်မ အလုပ်တွေကို လျှော့ချပြစ်ဖို့။

ပထမဆုံး သူလုပ်တာက သူ့စမတ်ဖုံးကို ဟိုးရှေးရှေးတုံးက Nokia 6070 ဖုန်းနဲ့ လဲလိုက်သည်။ ဒါတောင် ခလုပ်တွေ နှိပ်တာတောင်မှ သူ့လက်ညှိုး တုတ်တုတ်ကြီးနဲ့ နှိပ်သည်။ အရင်ကလို ကားပေါ်မှာ၊ ရထားပေါ်မှာ၊ လေယာဉ်ပေါ်မှာ လက်မကြီးနဲ့ ပွတ်ကာ ပွတ်ကာ အချိန်မကုန်တော့။ တိမ်တွေထဲမှာ သူ့ကောင်မလေးမျက်နှာကို ရှာကြည့်သည်။ တွေ့တော့ တွေ့သည်။ သူ့ကောင်မလေးကို သူ့ကို လှည့်မကြည့်ဘဲ တယ်လီဖုန်းကို လက်မဖြင့် ပွတ်ပြီး အသုံးပြုနေသည်။

ဒီနေ့တော့ ကိုတိုးနိုင် အိမ်ကို စောစော ပြန်လာသည်။ လူတစ်ကိုယ်လုံးလဲ မျက်တွင်းဟောက်ပက်။ ဆံပင်က ဆီမရှိ။ ရေကောင်းကောင်းချိုးထားဟန်မရှိသော ပုံစံဖြင့် သူ့အခန်းကို အနားယူဖို့ ပြန်လာခဲ့သည်။ သူကတော့ အလုပ်ဆက်လုပ်ချင်သေးသည်။ သို့သော သူ့ကိုယ်ခန္ဓာအပြင်ကရော အတွင်းပိုင်း ကလီစာတွေကပါ ဆန္ဒပြ၊ ဖီဆန် လာပြီ။ အဆိုးဆုံးက သူ့မန်နေဂျာ။ “မင်းသေသွားရင် ငါတာဝန်မယူနိုင်ဘူး” ဟု ဆိုကာ သူ့ကို ဂုတ်ဆွဲ၊ ကားပေါ်တင် အခန်းအထိ ကားမောင်းပြီး လိုက်ပို့သည်။

အခန်းရောက်တော့ ကိုတိုးနိုင် လန်းသွားအောင် ရေကို Bath Top ထဲ အချိန်အကြာကြီး စိမ်နေသည်။ သူ့ကောင်မလေး FB မှာ သူ့ကို ရည်ရွယ်ပြီး အမှားကို အမှန်ထင်နေကြသော လူများ၊ စိတ်ကို ထိန်းချုပ်ဖို့ တရားထိုင်ဖို့ လိုကြောင်းတင်ထားသော ပို့စ်ကို ပြန်တွေးပြီး ၀င်သက် ထွက်သက် မှတ်နေသည်။ လူက တည်ငြိမ်သလိုလို ရှိသွားသည်။

ရေချိုးခန်းက ထွက်တော့ အခန်းဖော် ပြန်ရောက်နေပြီ။ ဒီလူကလဲ မြန်မာ။ မြန်မာ အချင်းချင်းပေမယ့် အလုပ်သဘောသဘာဝမတူတာရော၊ အလုပ်နေရာ တစ်ခြားစီဖြစ်နေတာရော၊ တွေ့ကရာနေရာ ဖြစ်သလို ၀င်အိပ်တတ်သော ကိုတိုးနိုင်နဲ့ သိပ်မတွေ့ဖြစ်။ အခုတော့ သူက ကိုတိုးနိုင်ကို ဘာစကားမှန်းမသိ လှမ်းပြောလိုက်သည်။ ကိုတိုးနိုင် သဲသဲကွဲကွဲ မကြား။

“ဘာပြောတာလဲဗျ”
“လေယာဉ်မတွေ့သေးဘူးတဲ့ဗျ။ ခင်ဗျား သိပြီးပလား။”

“ဘယ်လေယာဉ်လဲဗျ။ မသိဘူး။ ကျွန်တော်က အခုမှ Camp ထဲက ပြန်လာတာလေ”
“ခင်ဗျားဗျာ ဒါလေးတောင် မသိဘူး။ ဒါနဲ့ ဒေါ်စုနဲ့ ဦးသိန်းစိန်တွေ့တာ ခင်ဗျားသိပြီးပလား”

“မသိဘူးဗျာ။ ကျွန်တော် အင်တာနက် မသုံးတာ နှစ်ပါတ်ပြည့်တော့မယ် ထင်တယ်။ တွေ့တာ မတွေ့တာထက်စာရင် ပိုကောင်းတာပေါ့ဗျာ”
“အခုတစ်လော ၉၆၉ တွေလဲ ငြိမ်တယ်နော်။ ခင်ဗျား ဘာကြားသေးလဲ”

“သိပါဘူးဗျာ။ ကျွန်တော် အိပ်လိုက်အုံးမယ်ဗျာ။ ပင်ပန်းနေပြီ။”
“နေစမ်းပါအုံး။ ခင်ဗျားကလဲ တစ်ခန်းထဲနေပေမယ့် တစ်ခါတစ်လေမှ တွေ့ရတာ။ အချိန်လဲရ အိမ်လဲ ရောက်တုံး ဖေ့စ်ဘုတ်သုံးစမ်းပါဗျာ”

“ဟေ့လူ..တော်ဗျာ..ကျုပ်မျက်နှာကို ကြည့်ဗျာ။ ကျုပ် အရမ်းအိပ်ချင်နေပြီ။ ခင်ဗျား ငြိမ်ငြိမ်သက်သက်နေဗျာ” ဟု ကိုတိုးနိုင် သူ့ အခန်းဖော် ကို ငေါက်လိုက်သည်။ သူ့အသံက ဒေါသသံဘဲ ပါသွားသလား။ သူ့မျက်နှာကဘဲ တကယ်ပင်ပန်းနွမ်းနယ်နေတာကို ပြနေသလား။ တစ်ခုခုတော့ တစ်ခုခု။ အခန်းဖော် အသံတိတ်သွားသည်။

ကိုတိုးနိုင် ခဏခြင်း အိပ်ပျော်သွားသည်။

သူအိပ်မက်တွေ မက်သည်။
အိပ်မက်ထဲမှာ သူက လူတွေရဲ့ မျက်နှာအရောင်တွေကို လိုက်ဖတ်နေသည်။

အများစုက အလင်းပြန်နေသော မျက်နှာကြီးတွေ။ ကြောက်စရာ လန့်စရာ။ နောက်ဆုံးတစ်ယောက်ကို ကြည့်လိုက်တော့ သူ့ကောင်မလေးမျက်နှာကို တွေ့သည်။ သူ့ကောင်မလေး မျက်နှာကလဲ အတူတူဘဲ။ တစ်ခုခုရဲ့ အလင်းရောင်ပြန်ဟပ်နေသော မျက်နှာ။
ကောင်မလေးက သူ့ကို မြင်သွားသည်။ သူ့ဘက်ကို လှည့်ကြည့်ပြီး ညာဘက်လက်ကို မြှောက်ပြသည်။

ဘုရား…ဘုရား…သူ့ကောင်မလေး ညာဘက်လက်မကြီး မရှိတော့ပါလား။

အိပ်မက်ထဲမှာ ကိုတိုးနိုင် ပျော်နေသလား၊ စိုးရိမ်နေသလား မသိ။ တစ်ခါတစ်ရံ သူ့မျက်နှာက ပြုံးလာသည်။

တစ်ခါတစ်ရံ သူ့မျက်နှာက ၀မ်းနည်းရိပ်သန်းနေသည်။


သူ့ဘေးက အခန်းဖော်ကတော့ ကိုတိုးနိုင် မျက်နှာကို မကြည့်ဘဲ ကွန်ပြူတာ စကရင်ပေါ်ရှိ FB ကြည့်နေသူဆိုတော့ ကိုတိုးနိုင်တစ်ယောက်ထဲ ပြုံးလိုက်…မဲ့လိုက်…တည်လိုက်…

မိုးမခ

တရုတ်နိုင်ငံ ချန်ရှားမြို့ တွင် ဈေးသည်များ ရန်ဖြစ်ရာ မှ ဓားခုတ်မှုကြောင့် (၆)ဦး သေဆုံး


တရုတ်နိုင်ငံ တောင်ပိုင်း ချန်ရှားမြို့ ဈေးအတွင်း သောကြာနေ့က ဈေးသည် ချင်း ရန်ဖြစ်ကြ ရာမှ ဓား များ ဖြင့် အပြန်အလှန် ခုတ်မှု ဖြစ်ပွား ကာ ခြောက်ဦး သေဆုံး သွား ကြောင်း သိရသည်။

ဈေးသည်ချင်း စကား များရာမှ စတင် ကာ ဓားခုတ်မှု ဖြစ် ပွားခဲ့ကာ ဈေးသည် တစ်ဦး နှင့် ဈေးလာသူ လေးဦး သေဆုံးသွားသည်။ အထက်ပါ ငါးဦးကို ဓားဖြင့်ခုတ်သတ်သော ဈေးသည်ကို ရဲက အသေပစ် ခတ် ဖမ်း ဆီးခဲ့ရ သည်။ ချန်ရှားသည် ဟူနန်ပြည်နယ်မြို့တော် ဖြစ် သည်။ မတ်လ ၁ ရက်နေ့က လည်း ယူနန် ပြည် နယ် ကူ မင်းမြို့ ဘူတာရုံတွင် အကြမ်းဖက် သူ များက ဓားများဖြင့် ၀င်ခုတ်မှုဖြစ်ပွားပြီး ၂၉ဦးသေဆုံးကာ ၁၄၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ချန်ရှားမှာ ဖြစ်တဲ့ကိစ္စက အကြမ်း ဖက်တိုက်ခိုက်မှု မဟုတ်ပါဘူး။ ဈေးသည် ချင်း ရန်ဖြစ်ကြရာက ဖြစ် တဲ့ ကိစ္စပါ ဟု ချန်ရှားမြို့ ရဲတပ်ဖွဲ့မှ အမည်မဖော်သော တာဝန်ရှိသူတစ်ဦးက ပြောသည်။ အခင်းဖြစ် ပွားပုံ အ သေး စိတ်ကို ချန်ရှား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက်ရှိသည်။ Source: BBC

Messenger News Journal

အအေးဒဏ်ကို ကာကွယ်ပေးမယ့် ဘတ်စ်ကား မှတ်တိုင် (ရုပ်သံ)


ကနေဒါ နိုင်ငံ၊ မွန်ရီရယ် မြို့မှာရှိတဲ့ ဘတ်စ်ကား မှတ်တိုင် တစ်ခုဟာ နောက်ဆုံး ပေါ် နည်းပညာ တွေ နဲ့ ပြုလုပ် ထားလို့ စိတ်ဝင် စားစရာ ဖြစ် ခဲ့ပါတယ်။ ဒီဘတ်စ်ကား မှတ်တိုင် ကို စွမ်းအင် ပစ္စည်း တွေ ထုတ်လုပ် တဲ့ Duracell ကုမ္ပဏီက ကြော်ငြာသဘောနဲ့ ပြုလုပ်ပေး ထားခြင်းဖြစ်ပါတယ်။ ရာသီဥတု အေးလွန်း တဲ့ အခါ မျိုးမှာ ဒီဘတ်စ်ကားမှတ်တိုင်ထဲဝင် ရပ်ရုံနဲ့ နွေးထွေးတဲ့ ခံစားမှုကို ရရှိအောင် ပြု လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘတ်စ် ကားမှတ်တိုင် မျက်နှာကြက်မှာ တပ်ဆင်တဲ့ အပူလွှင့် ကိရိယာ အလုပ်လုပ်ဖို့ အနည်းဆုံး လူနှစ် ဦး ရှိဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ ဘတ်စ် ကားမှတ်တိုင်အောက်မှာ ရပ်နေတဲ့ လူနှစ်ဦး ဟာ တစ်ယောက်လက်ကို တစ်ယောက်ကိုင် ရင်း ဘေးနံရံမှာ ကပ်ထားတဲ့ အမှတ်အသား ကို လက်ဖ၀ါး နဲ့ အုပ်လိုက်ရင် မျက်နှာကျပ်က နေ အပူငွေ့တွေထွက်လာမှာ ဖြစ်ပြီး နွေးထွေး မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ Duracell ဟာ သူ့ရဲ့ ထူးခြားလှတဲ့ ဘတ်စ်ကားမှတ်တိုင် အကြောင်းကို You Tube ၀က်ဘ်ဆိုက်မှာ ထုတ်လွှင့်ပြသခဲ့ရာ လူ ကြိုက်များခဲ့တယ်လို့ သိရပါတယ်။ ဒီဘတ်စ် ကားမှတ်တိုင်ဟာ အေးချမ်းတဲ့ ရာသီဥတုမှာ နွေးထွေးမှုရရှိရုံ သာမက လူအချင်းချင်း ရင်းနှီးမှုကိုပါ ရရှိစေ တယ်လို့ သိရပါတယ်။



Messenger News Journal

ခြိမ်းခြောက်မှု တွေပြု လုပ်ခဲ့တဲ့ ချစ်သူဟောင်းရဲ့ လိင်အင်္ဂါကို ကတ်ကြေး နဲ့ဖြတ်တောက်ပစ်


ဟောင်ကောင် မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦး ဟာ သူ့အပေါ် ခြိမ်းခြောက်မှု တွေ ပြု လုပ် ခဲ့တဲ့ ချစ် သူ ဟောင်း ဖြစ်သူရဲ့ လုပ်ရပ် ကို သည်းမခံနိုင် တဲအ ဆုံး လိင်အင်္ဂါ ကို ကတ်ကြေး နဲ့ ဖြတ် တောက် ပြီး တူနဲ့ ထုရိုက် သတ်ခဲ့ တယ် လို့ သိရ ပါတယ်။ ဒီအမှုကို ဟောင်ကောင် တရားရုံးတော်က စတင်ကြားနာမှုတွေ ပြုလုပ် နေပြီဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုး သမီးဟာ ကလေး အမေ တစ်ဦး ဖြစ်ပြီး၊ အသတ် ခံရတဲ့ ချစ်သူ ဟောင်း ကလည်း လက်ထပ် ထိမ်းမြားထားသူဖြစ်ပါတယ်။ သူတို့ နှစ်ဦး ဟာ နှစ်ပေါင်းအတော်ကြာ ချစ်ကြိုက် ပြီး နောက် ကွဲကွာ သွားခြင်း ဖြစ်ပါတယ်။ အသက် (၃၂) နှစ် အရွယ် ရှိ စန္ဒရားတီး သင်တဲ့ ဆရာမ ယန်ကီဟာ ဟောင် ကောင် ကို လာရောက် လည်ပတ်တဲ့ အချိန်မှာ အသက် (၄၁) နှစ် အရွယ် ဇောင်ဟူနဲ့ ဆုံတွေ့ ခဲ့ခြင်း ဖြစ်ပါ တယ်။ ယန်ကီဟာ အိမ်ထောင်နှစ်ခါ ကျခဲ့ဖူးပြီး၊ ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက်မှာ ဇောင်ဟူနဲ့ ဆုံတွေ့ခဲ့တာပါ။ ဇောင်ဟူဟာ ယန်ကီနဲ့ ပေါင်းသင်းခဲ့ရာမှာ ကိုယ်ဝန်ရသွား ပြီးတဲ့ နောက် ထွက်ပြေး သွားခဲ့ပါ တယ်။ ယန်ကီရဲ့ ကိုယ်ဝန်ကိုလည်း ဖျက်ချဖို့ တိုက် တွန်းခဲ့ပြီး၊ တာဝန်မယူနိုင်လို့ ထွက်ပြေးသွား ခဲ့တာဖြစ် ပါ တယ်။ ယန်ကီဟာ ကားဝယ်ဖို့ အကူအညီတောင်းခံခဲ့တဲ့ ဇောင်ဟူကို ဒေါ်လာ (၂၈၀၀၀)ချေးငှားခဲ့ရပြီး၊ အဲဒီငွေ ကိုလည်း ပြန်မရပါဘူး။ ကလေး မွေးပြီး တဲ့နောက်မှာ ဇောင်ဟူ ဟာ ယန်ကီ ကို ပြန်လည်ဆက်သွယ် ပြီး ခြိမ်း ခြောက် မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါ တယ်။ ယန်ကီ ရဲ့ အ၀တ်ဗလာပုံ တွေကို အင်တာနက် ပေါ်လွှင့်တင် မယ် လို့ ခြိမ်းခြောက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ်္မကျင့်ခဲ့ပါ တယ်။ နောက်ဆုံး အသက်လေး နှစ် အ ရွယ် သမီးဖြစ်သူကို ရိုက်နှက်မှု တွေပြုလုပ်လာခဲ့ပါ တယ်။

တစ်နေ့မှာ ဇောင်ဟူဟာ ယန်ကီအိမ် ကို လာရောက်ရင်း အလိုမတူဘဲ အဓမ္မပြု ကျင့် ပြီးတဲ့နောက် ရေ အိမ် ထဲ ၀င်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ယန်ကီဟာ ဇောင်ဟူရဲ့ လိင် အင်္ဂါကို ကတ်ကြေးနဲ့ ဖြတ်တောက် ပြီး တူနဲ့ ထုရိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးတော် မှာ ယန်ကီက ဇောင်ဟူရဲ့ နှိပ်စက်မှုတွေကို မခံ နိုင်လို့ အ ခု လိုပြုလုပ်မိသွားတာဖြစ်ပြီး၊ လူသတ်မှုကျူးလွန်ခဲ့တာ မဟုတ်ကြောင်း ထွက် ဆိုမှုပြုလုပ်ထားပါတယ်။

Messenger News Journal

အိုဘားမား တက္ကသိုလ် ကျောင်းသား ဘ၀က နေခဲ့တဲ့ အိမ်ကို တစ်ရက် ဒေါ်လာ (၁၃၅)နဲ့ ငှားရမ်း


အမေရိကန် မှာ ထင်ရှား ကျော်ကြားတဲ့ သူတွေ နေထိုင် ခဲ့တဲ့ နေရာ ကို ပြန်လည် ငှားရမ်း ရာမှာ ထင် ထားတာ ထက် ပိုပြီး စိတ်ဝင်စား ခြင်းခံ နေရတယ် လို့ သိရပါတယ်။ လက်ရှိ အမေရိကန် သမ္မတ အဖြစ် တာ ၀န် ထမ်းဆောင် နေတဲ့ အိုဘားမား ဟာ ကျောင်းသား ဘ၀တုန်း က နယူးယောက်မြို့ မှာ နေထိုင် ခဲ့ဖူးပါတယ်။ အိုဘားမားဟာ ကိုလံဘီယာ တက္ကသိုလ်ကို တက်ရောက်စဉ် မှာ ကျဉ်းမြောင်း လှတဲ့ အခန်း ထဲမှာ ငှားရမ်း နေ ထိုင် သွားခဲ့တာဖြစ်ပါတယ်။ ဒီနေရာဟာ အခုချိန်မှာ တော့ ထင်ရှားတဲ့ နေရာ တစ်ခုဖြစ်ခဲ့ပြီး၊ ပြန်လည် ငှားရမ်း မှုတွေ ပြုလုပ်ခဲ့ရာ စာရင်းပေးထားသူပေါင်း (၁၀၀) ကျော်ရှိနေပြီလို့ သိရပါတယ်။ အိုဘားမား နေထိုင် သွားတဲ့ နေရာကို တစ်ရက်ဒေါ်လာ (၁၃၅)နဲ့ ငှားရမ်းခဲ့ပါတယ်။ တကယ်တော့ အမေရိကန် မှာ ဒီလိုငှားရမ်းခြင်း မျိုးဟာ အထူးအဆန်း မဟုတ်ဘဲ အရင်ကတည်း က ရှိခဲ့တာ ဖြစ်ပါတယ်။ ချာလီ ချက်ပလင် နေထိုင် ဖူး တဲ့ နေရာ ကို တစ်ရက်ဒေါ်လာ (၈၅)နဲ့ ငှားရမ်းခဲ့ဖူးပါတယ်။ အားကစား ပရိသတ်တွေ အတွက် အိုလံပစ် ချန်ပီယံ ရေခဲပြင် စကိတ်စီး သမားဘိုဒီမီလ်နာ နေထိုင်ခဲ့တဲ့ အိပ်ခန်း လေး ခန်းနဲ့ ရေချိုးခန်း သုံးခန်း ပါ အိမ်ကြီး ကို တစ်ရက် ဒေါ်လာ (၈၀၀)နဲ့ ငှားရမ်းခဲ့ဖူးပါတယ်။ အမေရိကန် က အကျိုးဆောင် ကုမ္ပဏီ တွေ ဟာ ထင်ရှား ကျော်ကြား သူတွေနေခဲ့တဲ့ နေရာ ကို ကျွမ်းကျင် ၀န်ထမ်းတွေနဲ့ ရှာဖွေ ခဲ့ပြီး၊ ကြော်ငြာမှု တွေကို ပြုလုပ် ကာ စည်းရုံး ဆွဲ ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ တစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဂျော့ဝါရှင်တန် (၁၈) ရာစု လောက်က ဗာဂျီးနီး ယားပြည်နယ်မှာ ခေတ္တ တည်းခိုခဲ့တဲ့ နေရာကိုလည်း တစ်ညကို ဒေါ်လာ (၁၀၀)နဲ့ ငှားရမ်းနေသလို Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ အိမ်နားမှာရှိတဲ့ အခန်းတစ်ခန်းရဲ့ ငှားရမ်းမှုက တစ်ညကို ဒေါ်လာ(၁၂၅) အထိ ရှိ တယ်လို့ သိရပါတယ်။

Messenger News Journal

မသန်စွမ်း ဖြစ်နေ တဲ့ သားကို နေ့စဉ် (၁၈) မိုင် လမ်းလျှောက်ပြီး ကျောင်းကြို၊ ပို့ လုပ်ပေး ခဲ့တဲ့ ဖခင်


မိဘတိုင်း ဟာ သူတို့ရဲ့ သားသမီး တွေ ကို ဘယ်လို အခြေမှာ ပဲ ဖြစ်စေ၊ ချစ်ခင် မြတ်နိုးကြ စမြဲ ဖြစ် ပါတယ်။ ဒါကို တရုတ် နိုင်ငံ က ဖခင်တစ်ဦး ဟာ မသန်စွမ်း ဖြစ်နေ တဲ့ သူ့သား အပေါ် ဘယ်လောက် အထိ ချစ် မြတ်နိုး ကြောင်း သက်သေ ပြသ သွားနိုင် ခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ နဲ့ မိုင် (၂၀၀၀) ကျော် ကွာဝေး တဲ့ ဆီချွန် ပြည်နယ်၊ ယီဘင်ဒေသက ဖန်ယီမြို့မှာ နေထိုင်တဲ့ အသက် (၄၀) နှစ် အရွယ်ရှိ ယူဇူကန် ဟာ အသက် (၁၂) နှစ်အရွယ် မသန်စွမ်း ဖြစ်နေတဲ့ သားဖြစ်သူ ဇာအိုကွီအန်ကို ခေတ် ပညာတတ် ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ နေ့ စဉ် ကျောင်းကြို၊ ပို့ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သားဖြစ်သူ ဟာ မသန်စွမ်း ဖြစ်နေတာ မို့ အနီး အနား မှာ ရှိတဲ့ ကျောင်းကို ပို့လို့မရဘဲ မသန် စွမ်းတွေသီးသန့်သင်ကြားတဲ့ ကျောင်းကို ပို့ရခြင်းဖြစ်ပါတယ်။ ဒီကျောင်းကလည်း (၄ ဒသမ ၅) မိုင်လောက်ဝေး တဲ့ နေရာ မှာ ရှိနေ ပါတယ်။ ကျောင်းကား နဲ့ သွားဖို့ အဆင် မပြေ ဖြစ်နေ တာမို့ ယူဇူကန် ဟာ သားဖြစ်သူကို အထူးပြုလုပ်ထားတဲ့ ခြင်းကောင်းထဲထည့် ပြီး ကျောင်းကိုပို့ခဲ့ရပါတယ်။ ကျောင်း ကို ပို့ ပြီးတဲ့နောက် မြို့ကို ပြန်ကာ စားဝတ်နေရေး အတွက် အလုပ်လုပ် ရပါတယ်။ ဒီနောက် ကျောင်းကို ပြန် သွား ကာ သားဖြစ်သူကို ပြန် ကြိုပြီး အိမ်ကို ပြန်ရပါတယ်။ ယူဇူကန် ရဲ့ နေ့စဉ် လမ်းလျှောက် တဲ့ မိုင်နှုန်းဟာ (၁၈) မိုင် အထိရှိပြီး၊ သူ့သားကျောင်းတက်ချိန်ကစပြီး လမ်းလျှောက်ခဲ့ရတဲ့ မိုင်အရေအတွက် က မိုင် (၁၆၀၀) ၀န်းကျင်ရှိနေပြီဖြစ်ပါတယ်။ ယူဇူ ကန်ဟာ ဇနီးဖြစ်သူနဲ့ ပြီးခဲ့တဲ့ ကိုးနှစ် က တည်းက ကွာရှင်းခဲ့ပြီး၊ မသန်စွမ်း သား ဖြစ် သူကို တစ်ဦးတည်းပြုစုခဲ့ရပါတယ်။ သားဖြစ်သူ ကို ကျောင်းပို့ဖို့ ယူဇူကန် အနေ နဲ့ နေ့စဉ် နံနက် ငါးနာရီ ထရပါတယ်။ ဒါပေမဲ့ ယူဇူကန်က သူ့အနေနဲ့ သားဖြစ်သူပညာတတ်ကြီးဖြစ်ရင် ကျေနပ်ပြီလို့ ရင်ဖွင့်ခဲ့ပါ တယ်။ ယူဇူကန်ရဲ့ အကြောင်းကို မီဒီယာတွေက ရေးသား ဖော်ပြ ခဲ့ရာ တရုတ် အစိုးရက သိရှိ သွားပြီး လိုအပ် တဲ့ အကူအညီ တွေပေးဖို့ စီစဉ် နေပါတယ်။ ယူဇူကန်က ကျွန်တော့် သားဟာ မသန်စွမ်း ဖြစ်နေလို့ လမ်းလည်း ကောင်းစွာ မလျှောက် နိုင်ပါဘူး။ စက်ဘီး လည်း မစီး နိုင်ပါဘူး။ အသက် (၁၂) နှစ်ရှိနေ ပေမယ့် ထွားကြိုင်း မှု လည်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်သားဟာ အခန်းထဲမှာ စာအတော်ဆုံးဖြစ်လို့ ဂုဏ်ယူ မိပါတယ်။ သားလေး ကို တက္ကသိုလ်မှာ ပညာ သင်ကြားနိုင်ဖို့ အိပ်မက် မက်ထားပါတယ် လို့ ဆိုခဲ့ပါတယ်။

Messenger News Journal

ဒေါ်လာ(၂)သိန်းရှိလျှင် အာကာသ ခရီးသွားနိုင်မည်


ဒေါ်လာ နှစ်သိန်း ပေးရုံဖြင့် ကမ္ဘာမြေပြင် အထက် ကီလိုမီတာ ၁၀၀ ကျော်သို့ ယာဉ်ပျံဖြင့် တက်ခွင့် ရမည်ဖြစ်ပြီး အလေးချိန် မဲ့အနေအ ထားဖြင့် စီးမျော ရသည့် အရသာ ကို ခံစားနိုင်ကြ တော့မည်ဖြစ် ကြောင်း သိ ရသည်။

Astium အာကာသ ခရီးသွား လုပ်ငန်း သည် စင်ကာပူ ကောင်းကင်ယံ တွင် ၎င်းတို့၏ အာကာသ ယာဉ်ပျံကို မေလတွင် ပေတစ် သောင်း အထက်၌ စမ်းသပ် ပျံသန်း တော့မည်ဖြစ်သည်။ အောင်မြင်ပါ က လာမည့် နှစ်တွင် ပေ တစ်သိန်း အထိ တက်ရောက် ပျံသန်းကာ စမ်းသပ် သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ပြီးခဲ့သည့် ဆယ်နှစ်ခန့် တောက် လျှောက် Austium သည် လူသား များအား အာကာသ သို့ စီးပွားဖြစ် ပို့ဆောင် ပေးနိုင်ရေး စမ်းသပ်နေခဲ့ သော လုပ်ငန်း လည်းဖြစ်သည်။ ကမ္ဘာ မြေပြင် အထက် ကီလိုမီတာ ၁၀၀ ကျော်အထိ အာကာသ ယာဉ်ပျံဖြင့် ပျံသန်း တက်ရောက် ကာ လူသား များအား အာကာသ အရသာ ပေး စွမ်းနိုင် အောင် စီစဉ် သွားမည်ဖြစ် ကြောင်း သိရသည်။

ယာဉ်ပျံ သည် ပုံမှန်ဂျက် လေယာဉ် အရွယ်အစား ရှိမည်ဖြစ်ပြီး ဒုံးအင်ဂျင် အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။ လက်တွေ့ အောင်မြင် ပါက ထိုင်ခုံ တစ်နေရာစာ အတွက် လက်မှတ်ခ ဒေါ်လာ နှစ်သိန်း သတ် မှတ်မည်ဖြစ် ကြောင်း Austium က ကြေညာ ထားသည်။

Source: Daily Mail
Messenger News Journal

ပျောက်ဆုံးလေယာဉ် အချက်ပေးစံနစ် တမင်ပိတ်တာဖြစ်နိုင်ဟု မလေးရှား ဝန်ကြီးချုပ်ဆို


မလေးရှားဝန်ကြီးချုပ် Najib Razak (လယ်) ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းအမှတ်စဉ် MH370 အကြောင်း သတင်းထုတ်ပြန်စဉ်။ (မတ် ၁၅၊ ၂၀၁၄)

ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှုအချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဂြိုဟ်တု ဆက်သွယ်ရေး အချက်ပေးမှုတွေအရ မလေးရှားနဲ့ ဗီယက်နမ် လေကြောင်းထိန်းချုပ်ရေး နယ်နိမိတ်နားမှာ လေယာဉ်ပျံသန်းမှု အချက်ပေးစက်ကို
ပိတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

မလေးရှား တော်ဝင်လေတပ်က ရရှိတဲ့
ရေဒါ အချက်ပေးမှုအရ မလေးရှားလေကြောင်း အမှတ်စဉ် MH370 လေယာဉ်ဟာ မလေးရှားကျွန်းဆွယ် အနောက်ဘက်ကို ပြန်လှည့်သွားခဲ့ပြီး
အနောက်မြောက်ဘက်ကို ကွေ့သွားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ဘက်မှာ ရှာဖွေရေးလုပ်နေတာတွေကို ရပ်လိုက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

လေယာဉ်နဲ့အဆက်အသွယ်ပြတ်သွားပြီး ၆ နာရီခွဲကျော် ကြာတဲ့အထိ လေယာဉ်နဲ့ဂြိုဟ်တုကြား အဆက်အသွယ်တွေ ရှိနေခဲ့တာကိုလည်း မလေးရှားလေကြောင်းလိုင်း အာဏာပိုင်တွေ၊ နိုင်ငံတကာ အာဏာပိုင်တွေက သုံးသပ်တာကိုလည်း ရှင်းပြပါတယ်။

Kazakhstan နယ်စပ်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ မြောက်ဘက် လမ်းကြောင်း၊ ဒါမှ မဟုတ် အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်း တခုခုကနေ လေယာဉ်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကြား နောက်ဆုံး အဆက်အသွယ် ရှိခဲ့တယ်ဆိုတာကိုလည်း ပြောပြပါတယ်။

တချို့ သတင်းတွေထဲမှာရေးနေသလို လေယာဉ် ပြန်ပေးဆွဲခံသွားရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မလေးရှား ဝန်ကြီးချုပ်က တိတိကျကျ မဖြေခဲ့ဘဲ ဖြစ်နိုင်ခြေရှိတာတွေ အားလုံးကို စုံစမ်းနေတယ်လို့ ပြောကြားသွားပါတယ်။

အခုလေယာဉ် ပျောက်သွားတဲ့ပုံစံဟာ တမင်သက်သက်လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး လေယာဉ်ပေါ်ပါသွားသူတွေနဲ့ ခရီးသည်တွေအပေါ် စုံစမ်းမှုကို အာရုံစိုက်နေတယ်လို့လည်း သတင်းစာရှင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် Najib Razak က ပြောသွားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ဆီအသွား Boeing 777 လေယာဉ်ပျောက်သွားတာ ဒီကနေ့ ၇ ရက်ရှိသွားပါပြီ။

VOA Burmese

အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့ မီးလောင်မှုဖြစ်ပွား


၂၀၁၄ ၊ မတ်လ ၁၅ ရက်

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရားပွဲတွင် ဘုရားပွဲတော် နောက်ဆုံးနေ့ဖြစ်သော ၂၀၁၄ ၊ မတ်လ ၁၅ ရက်နေ့ (၁၂း၅၀) မိနစ်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့တွင် မီးလောင်မှုကြောင့် ဘုရားပွဲကာလအတွင်း ယာယီဆောက်လုပ်ထားသည့် တည်းခိုဆောင် ၉ ဆောင်နှင့် ဈေးဆိုင်ခန်း နှစ်ခန်းတွဲ ၂ တွဲ၊ ကာလခန့်မှန်းတန်ကြေး ငွေကျပ်သိန်း (၁၅၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ အင်းတော်ကြီးဘုရားပွဲတော်သို့ ရောက်ရှိနေတဲ့ မိုးညှင်းမြို့မှ မောင်အောင်ပြေငြိမ်းဦးက ပြောဆိုသည်။

အဆိုပါ မီးလောင်မှုသည် ယာယီဆောက်လုပ်ထားသည့် တည်းခိုဆောင်မှ စတင်လောင်ကြွမ်းခဲ့တာဖြစ်ပြီး လေတိုက်နေသည့်အတွက် (၁၀)မိနစ်ခန့်အတွင်း အခုလို တည်းခိုးဆောင် ၉ ဆောင်နဲ့ ဈေးဆိုင်ခန်း ၂ ခန်း မီးလောင်သွားခဲ့ပေမယ့် ဘုရားပွဲလာ ပရိတ်သတ်တွေကိုတော့ ဒဏ်ရာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း မောင်အောင်ပြေငြိမ်းဦးကပဲ ဆက်လက်ပြောဆိုသည်။

မိုးညှင်းမြို့နယ် အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရားပွဲတော်ကို အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း ၃၁ ရွာက တိုင်းလျန်ရှမ်းလူမျိုးများနှင့် အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင် မိဘပြည်သူများက နှစ်စဉ် တပေါင်းလဆန်း(၈) ရက်နေ့မှ (၁၅)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာလည်း ဖြစ်သည်။

ဧရာဝတီမြစ်ဖျားဆီက

မီးဖိုချောင်မှာ ကစားနိုင်တဲ့ ကစားနည်း ကို တီထွင်ခဲ့သူ သန်းကြွယ် သူဌေး ဖြစ်လာ


အင်္ဂလန် နိုင်ငံ၊ အနောက် လန်ဒန် အရပ် ဒေသမှာ နေထိုင် တဲ့အသက် (၅၁) နှစ် အရွယ် ရှိ အမျိုးသမီး ကြီး ရီနာ နာသန်ဆန် ဟာ မီး ဖို ချောင် မှာ ကစား နိုင်တဲ့ ကစားနည်း ကို တီထွင် မိတ်ဆက် ရောင်းချ ခဲ့ရာမှာ သန်းကြွယ် သူဌေး အဖြစ်ကို ရောက်ရှိ လာတယ် လို့ သိရ ပါတယ်။ ကလေး နှစ်ယောက် မိခင် နာသန်ဆန်ဟာ (၁၅)နှစ်ကြာ ပေါင်းသင်းလာတဲ့ အိမ်ထောင် ရေးကို အဆုံးသတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ သူ့ရဲ့ကစားနည်းကို ဈေးကွက်မှာ စတင်ရောင်း ချခဲ့ခြင်းဖြစ်ပါတယ်။ ဒီကစားနည်းကို Bananagrams လို့ ခေါ်ဆိုပြီး Scrabble စာ လုံးဆက် ကစားနည်းနဲ့ ခပ်ဆင်ဆင်ဖြစ်ပါ တယ်။ ဒါပေမဲ့ Bananagrams ကစားနည်း ကတော့ Scrabble က စား နည်းလို့ အောက် ခံဘုတ်ပြားမပါရှိဘဲ မီးဖိုချောင် စားပွဲပေါ်မှာ ငှက်ပျောသီး ပုံစံ စာလုံး ဆက်နည်း ကစား နည်း ဖြစ်ပါတယ်။ အခုဆိုရင် ဒီကစားနည်းဟာ က်္ဘာအနှံ့ကို ရောက်ရှိနေပြီး နိုင်ငံပေါင်း (၃၁) နိုင်ငံကျော်ရှိ စူပါ မားကတ်တွေမှာ ရောင်းချ နေတယ်လို့ သိရပါတယ်။ တစ်ခုကို ဒေါ်လာ ၁၄ ဒသမ ၉၉ နဲ့ ရောင်းချပြီး အရေ အ တွက် ခြောက်သန်းကျော်ရောင်းချရပြီး ဖြစ်ပါတယ်။

ဗြိတိန်ရဲ့အမေဇုန် အွန်လိုင်း ၀က်ဘ်ဆိုက် မှာတော့ အရောင်းရ ဆုံး ကစားနည်း အဖြစ် မှတ်တမ်း တင် ထား တယ် လို့ သိရပါတယ်။ ဒီကစားနည်းကို တီထွင်ခဲ့တဲ့ နာသန်ဆန်ဟာ အမေရိကန် ဖွားတစ်ယောက်ဖြစ်ပြီး ယောက်ျား ဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက်မှာ ဒုက္ခများစွာ တွေ့ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူဌေးတစ်ဦး အဖြစ် ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ နာ သန်ဆန်က သူ တီထွင်ထား တဲ့ ကစားနည်း ကို ကနဦးအနေနဲ့ အရေ အတွက် ၅၀ ရောင်းချ ခဲ့ရာ အကုန်လုံးကုန်သွားခဲ့ကြောင်း၊ ဒီနောက် နောက်ထပ် ၅၀၀ ရောင်းချခဲ့ကြောင်း၊ ၂၀၀၈ မှာ အမေဇုန် ၀က်ဘက်ဆိုက်မှာတင်ပြီးတဲ့ နောက် ဒီနှစ်မှာအရောင်ရဆုံး ဖြစ်လာကြောင်း ဆိုခဲ့ပါတယ်။ နာသန်ဆန် ဟာ နောက်ဖေးမီးဖိုချောင်ထဲမှာ ဟင်းချက်တဲ့အခါ အပျင်းပြေ တဲ့ ကစားနည်း ကို တီထွင်ခဲ့တာဖြစ်ပြီး ဒီ ကစားနည်းဟာ သူ့ဘ၀ကို အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်ပေးနိုင်ခဲ့လို့ အရမ်း အံ့အား သင့်မိ ကြောင်း ဆိုသွားခဲ့ပါတယ်။

Messenger News Journal

အစိုးရအနေဖြင့် ပြည်သူကို အကြမ်းဖက်ဖြေရှင်းပါက ABSDF လက်နက်ပြန်ကိုင်မည်ဟုဆို


အေးမြင့်စန်း ကြယ်ပြာ| စနေနေ့၊ မတ်လ ၁၅ရက်၊ ၂၀၁၄ခုနှစ်။

အစိုးရနှင့် တပ်မတော်ဘက်က ပြည်သူလူထုကို ဖိနှိပ်ပြီး အကြမ်းဖက်ဖြေရှင်းမှုများ ရှိလာပါက ကျောင်းသားတပ်မတော်သည် လက်နက်ပြန်ကိုင်ဖို့ အဆင်သင့်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဥက္ကဌဦးသံခဲကပြောသည်။

မတ်လ၁၅ရက်၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်တည်ရှိရာ ဒေါင်းတမန်စခန်းတွင် ပြုလုပ်သည့် ဒဿမအကြိမ် ညီလာခံပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ABSDFသည် ၂၀၁၃ခုနှစ်အတွင်းက အစိုးရနှင့်အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးထားသော်လည်း ပြည်သူလူထုအပေါ် အကြမ်းဖက်နှိမ်နှင်းမှုများကို ရှိလာပါက ပြည်သူလူထုဘက်မှ ရပ်တည်သွားမည်ဟု ဆိုသည်။

ဥက္ကဋ္ဌ ဦးသံခဲက “လူထုတိုက်ပွဲတွေ၊ လူထုတောင်းဆိုမှုတွေကို အကြမ်းဖက်ဖြေရှင်းမှာ စိုးရိမ်တယ်၊ စစ်အာဏာရှင်စနစ်ကိုပြန်ပြီး ပုံသွင်းပြီး အင်အားသုံးဖြေရှင်းရင် ကျောင်းသားတပ်မတော်က လူထုတိုက်ပွဲတွေဘက်က ရပ်တည်မယ်”ဟုပြောသည်။

ကျောင်းသားတပ်မတော်၏ တော်လှန်ရေးတိုက်ပွဲများသည် ပြည်သူလူထုကို စစ်အာဏာရှင်၏ ဖိနှိပ်မှုမှလွတ်မြောက်ရန် ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် အစိုးရဘက်မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် အဖြေရှာနေခြင်း(သို့)
ချော့မြူပေါင်းသင်း ဆက်ဆံရေး သဘောထားပုံစံဆိုသည်ကို သတိရှိစွာ ကျောင်းသားတပ်မတော်က
တွေ့ဆုံသွားမည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိတွင်အစိုးရဘက်မှ နယ်ခြားစောင့်တပ်(BGF)အသွင်ကူးပြောင်းရန် ကမ်းလှမ်းထားသော်လည်း
ကျောင်းသားတပ်မတော်(ABSDF)ဘက်က ကမ်းလှမ်းချက်ကို လက်ခံထားခြင်းမရှိသေးဟု ၎င်းက ပြောသည်။ ABSDF အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထမ်းဆောင်သွားမည်ဖြစ်ပြီး ABSDF၏ စစ်အာဏာရှင်ကို
အမြင့်ဆုံးဖိအားပေးမှု ဦးတည်ချက်သည် လက်နက်ကိုငတော်လှန်ရေးဖြစ်သည်ဟု ဦးသံခဲက ပြောသည်။

ဦးသံခဲက“ အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးတယ်ဆိုတာ လက်နက်ချလိုက်တာမဟုတ်ပါဘူး။ တော်လှန်ရေးအဖွဲ့စည်းတွေ သဘောဆန္ဒမပါဘဲ နယ်ခြားစောင့်တပ်တွေအဖြစ် အတင်းအသွင်ပြောင်းခိုင်းရင် အပစ်ခတ်ရပ်စဲရေးက ကျိုးပေါက်(ပျက်ပြယ်) သွားမှာပဲ”ဟုပြောသည်။

ဗဟိုဦးဆောင်ကော်မတီင် ဆလိုင်းယောအောင်က ကျောင်းသားတပ်မတော်(ABSDF)၏ တပ်ရင်း၉ခုကို မော်လမြိုင်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ KNUတပ်မဟာနယ်မြေ၆နှင့် အခြားဒေသအချို့တွင် တပ်စွဲထားပြီး အစိုးရဘက်မှ
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် သဘောတူချက်များအတိုင်း အစိုးရတပ်များ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများအတွင်းသို့ အစိုးရတပ်များ တိုးချဲ့တပ်ချထားခြင်းကို ရပ်ဆိုင်းပေးပါက တိုင်းရင်သားလက်နက်ကိုင်များ၏ ယုံကြည်ချက် ပိုမိုရရှိလာမည်ဟု ပြောသည်။

လက်ရှိတွင် အစိုးရဘက်မှ နယ်မြေခံ အစိုးရတပ်များကို ထပ်တိုးချထားမှုများ ရှိနေသည်ဟု ABSDF(မြောက်ပိုင်း)မှ ဗဟိုကော်မတီဝင် ကိုမင်းဌေးက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဟူသည့် ကျောင်းသားတပ်မတော်(ABSDF)၏ ဦးတည်ချက်များ ဆောင်ရွက်သွားမည်ဟု ဒဿမအကြိမ်ညီလာခံက ထုတ်ပြန်ကြေငြာလိုက်သည်။

အစိုးရ၊စစ်တပ်၊ နိုင်ငံရေးပါတီ၊ တော်လှန်ရေးအင်အားစုများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ချမှတ်နိုင်မှသာ
အားလုံးရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်တည်းကို ဖြေရှင်းနိုင်မည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင်၁၉၈၈ခုနှစ်မှ လက်ရှိအချိန်ထိ ၂၅နှစ်ကျော် တော်လှန်ရေးခရီးအတွင်း တိုက်ပွဲဝင်ရင်း သေဆုံး၊ ကိုယ်လက်အင်္ဂါစွှန့်လွှတ်ခဲ့ကြသူများ၊ စစ်အာဏာရှင်များ၏ အကျဉ်းထောင်အသီးသီးတွင် နှစ်ရှည်လများ
အကျဉ်းချခံခဲ့ရသူများနှင့် အကျဉ်းချခံနေရဆဲ သူများကို ABSDFက ဂုဏ်ပြုမှတ်တမ်းတင်ထားသည်ဟု ဖော်ပြထားသည်။

ညီလာခံပိတ်ပွဲတွင် ကျောင်းသားတပ်မတော်၏ နိုင်ငံရေးသင်တန်းဆင်းပွဲ ပါဝင်ခဲ့ပြီး ကျောင်းသားတပ်မတော်သင်တန်းသား ၅၀ခန့်က စစ်ရေးသရုပ်ပြမှုများဖြင့် သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။

ညီလာခံသို့ ကျောင်းသားတပ်မတော်(ABSDF)၏တပ်ရင်း၊တပ်ဖွဲ့များ၊ အနောက်ပိုင်း၊မြောက်ပိုင်းကိုယ်စားလှယ်များ၊
နိုင်ငံတကာဌာနခွဲနှင့်အလုပ်အဖွဲ့များမှကိုယ်စားလှယ်များ၊ ဗကသအဖွဲ့ချုပ်အပါအ၀င် လေ့လာသူ ၈၇ဦး တက်ရောက်ခဲ့သည်။

Mizzima Burmese

ကားကြိတ်မိသဖြင့် ဦးခေါင်းပြား သေဆုံး


ရန်ကုန်၊ မတ် ၁၅

၁၄.၃.၂၀၁၄ရက်နေ့၁၇၀၀အချိန် လှည်းကူးမြို့နယ်၊ငါးဆူတောင်ကျေးရွာ
အ၀င်ကားလမ်းဘေး ငမိုးရိပ်ချောင်းတံတားထိပ်တွင် ယာဉ်မောင်း ဦးရဲနိုင်
မောင်းနှင်သည့် 3B---UD(၁၀)ဘီးယာဉ်ပေါ်မှ ကျောက်မီးသွေးများကို အလုပ်သမားများဖြစ်ကြသောဒဂုံမြို့သစ်(အရှေ့ပိုင်း)မြိုကနယ်နေနိုင်မင်း၊ မျိုးမြင့်တို့မှ ယာဉ်မောင်းနေလင်းထွန်း မောင်းနှင်သည့် 2G--- Faw အမျိုးအစား ယာဉ်ပေါ်သို့ ပြောင်းကာ တင်ဆောင်ခဲ့ပြီး နာရီဝက်ခန့်
အကြာတွင် အလုပ်သမား နိုင်မင်းမှာ အပေါ့သွားမည်ဟုပြောကာ ယာဉ်ပေါ်မှ ဆင်းသွားခဲ့ပြီး2G---ယာဉ်၏နောက်ဘက်(၁၀)ပေခန့်အကွာ၌
သွားရောက်အိပ်ပျော်နေသည်ကို ယာဉ်မောင်း ဖြစ်သူ နေလင်းထွန်းမှ မသိသဖြင့် ယာဉ်ကိုနောက်ဆုတ်မောင်းနှင်စဉ် အိပ်ပျော်နေသည့်
နိုင်မင်းအား နောက်ယာဘက်ဘီးဖြင့် ကြိတ်မိခဲ့၍ နိုင်မင်းမှာ
ဦးခေါင်းပြား၊ ၀ဲလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းနေလင်းထွန်း(ဘ)ဦးအုန်းမောင်၊
လှည်းကူးမြို့နယ်အား ငါးဆူတောင်နယ်မြေရဲစခန်းယာဉ်(ပ)၁/၂၀၁၄၊
ပုဒ်မ ၃၀၄-ကဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နေအိမ်တံခါးများမပျက်စီးဘဲ ငွေကျပ်သိန်း(၆၀၀)ပျောက်ဆုံးခဲ့သည့်အမှုမှ တရားခံအားဖေါ်ထုတ်


ရန်ကုန်၊ မတ် ၁၅

တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်နေ ဒေါ်စန္ဒာသည် စီးပွားရေးအတူ
လုပ်ကိုင်သူ ဗြူတီးဆလွန်းဆိုင်ပိုင်ရှင် အငယ်လေး(ခ)မခင်သန္တာစောမှ ၆.၃.၂၀၁၄ရက်က အကြွေးဆပ်ထားသော ငွေကျပ် သိန်း(၆၀၀)အား
နေအိမ်အိပ်ခန်းကုတင်ပေါ်တွင် ကြွပ်ကြွပ်အိတ်များဖြင့်ထည့်၍ စုပုံထားပြီး ၁၃.၃.၂၀၁၄ရက်နေ့ နံနက်တွင် နေအိမ်အားသော့ခတ်ကာ မိသားစုနှင့်
အတူ တာမွေကမ္ဘောဇဘဏ်ခွဲသို့ အငယ်လေး(ခ)မခင်သန္တာစော
ပေးထားသည့် ချက်လက်မှတ်ဖြင့် ငွေများသွားရောက်ထုတ်ယူရာ အငယ်လေး(ခ)မခင်သန္တာစော၏ ဘဏ်အကောင့်၌ ငွေကုန်နေသဖြင့် ထုတ်မရခဲ့၍ နေအိမ်သို့ ပြန်လာရောက်ရှိသည့်အခါ နေအိမ်တံခါးသော့များ
မှာပျက်စီးမှုမရှိဘဲ အိပ်ခန်းကုတင်ပေါ်တွင်ထားခဲ့သည့် ငွေကျပ်
သိန်း(၆၀၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူ
ပေးပါရန်တိုင်တန်းခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၁၃၄/၂၀၁၄၊ ပုဒ်မ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနမှတပ်ဖွဲ့ဝင်များ၊ ခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အသေးစိတ်စုံစမ်းစစ်ဆေး
မှုများဆောင်ရွက်ခဲ့ရာ အငယ်လေး(ခ)မခင်သန္တာစောမှ အခင်းဖြစ်နေ့က
ဒေါ်စန္ဒာတို့မိသားစုမရှိခိုက်တွင် ငွေများအား ၀င်ရောက်ခိုးယူခဲ့ခြင်း
ဖြစ်ကြောင်း၊ နေအိမ်သော့တွဲအား ယခင်ရက်ကပင် ခိုးယူထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံငွေများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး အငယ်လေး (ခ)မခင်သန္တာစော (ဘ)ဦးခင်မောင်လတ်အား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မသင်္ကာသူကို စစ်ဆေးရာမှ ဆိုင်ကယ် (၁၅)စီးခိုးမှုပေါ်


ရန်ကုန်၊ မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၃၅၉/၂၀၁၃၊
ပုဒ်မ ၃၈၀အမှုဖြင့် မသင်္ကာစစ်ဆေးလျက်ရှိသော မိုးဇက်၊ (ဘ)ဦးအောင်ကျော်မိုး၊ လှိုင်သာယာမြို့နယ်နေသူကို ခိုးမှုများကျူးလွန်
ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ ၎င်းသည်၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ညအချိန်
များတွင် လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်မှ KENBO 125အနက်ရောင်
ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်
ရပ်ကွက်မှ TATABO 110အနက်ရောင်ဆိုင်ကယ် (၁)စီးအားလည်းကောင်း ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

၎င်းအပြင် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ညအချိန်များတွင် လှိုင်သာယာမြို့နယ်၊ အတွင်းဗဒံရပ်ကွက်မှ KENBO 110 အနက်ရောင်
ဆိုင်ကယ် (၁)စီး၊ TOYOBO 125 အနက်ရောင်ဆိုင်ကယ် (၁)စီး၊
ကုလားကြီးစုတိုးချဲ့ရပ်ကွက်မှ KENBO 125အနက်ရောင်ဆိုင်ကယ်(၁)စီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်မှ MDL 125 အနက်ရောင်
ဆိုင်ကယ် (၁)စီး၊ မြို့သစ်(က+ခ)ရပ်ကွက်မှ KENBO 110 ကျောက်စိမ်း
ရောင်ဆိုင်ကယ် (၁)စီး၊ ကမ်းနားအနောက်ရပ်ကွက်မှ KENBO 125 ခဲ/နက်ရောင်ဆိုင်ကယ် (၁)စီးတို့အား လည်းကောင်း၊ဖေဖော်ဝါရီလ
အတွင်းက ညအချိန်များတွင် လှိုင်သာယာမြို့နယ်၊ (၂)ရပ်ကွက်မှ
KENBO 125 အနက်ရောင်ဆိုင်ကယ် (၁)စီး၊(၅)ရပ်ကွက်အတွင်းမှ
HIBOBO CZI 125 နီ/နက်ဆိုင်ကယ် (၁)စီး၊ (၁)ရပ်ကွက်အတွင်းမှ
JLM 125 နက်ပြာရောင်ဆိုင်ကယ် (၁)စီး၊ (၉)ရပ်ကွက်အတွင်းမှ
HIBOBO CZI 125 ကြက်သွေးရောင်ဆိုင်ကယ် (၁)စီး၊ အတွင်းဗဒံ
ရပ်ကွက်မှ FENGCI 110 အနက်ရောင်ဆိုင်ကယ်(၁)စီး၊ အင်းစိန်
မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်မှ NEW ANBO WAVE I 125 အပြာရောင်ဆိုင်ကယ် (၁)စီး၊ ကမ်းနားအနောက်ရပ်ကွက်မှ HUIDA 110 အနက်ရောင်ဆိုင်ကယ် (၁)စီးတို့အားလည်းကောင်း ခိုးယူရောင်းချ၊
ပေါင်နှံထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်များခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် မိုးဇက်အား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံ
ဆိုင်ကယ်များပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသမီးတစ်ဦး တိုက်ခန်းဝရန်တာမှ ပြုတ်ကျသေဆုံး


ရန်ကုန်၊ မတ် ၁၅

၁၅.၃.၂၀၁၄ရက်နေ့၁၁၀၀အချိန်ခန့်တွင်မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းရှိ တိုက်အမှတ်(--)၊ (၅)လွှာမှ အမျိုးသမီး (၁)ဦးပြုတ်ကျ သေဆုံးကြောင်း
သတင်းအရသွားရောက်စစ်ဆေးရာသေဆုံးသူမှာမတင်တင်ရီ (၃၉)နှစ်၊ ချောက်မြို့နယ်နေသူဖြစ်ပြီးဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ နားနှင့်ပါးစပ်တို့သွေးထွက်ဒဏ်ရာ၊ ယာလက်ပွန်းပဲ့ ဒဏ်ရာများရရှိကာ
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အဆိုပါတိုက်ခန်းသို့ ချောက်မြို့နယ်မှ
လာရောက်၍ လည်ပတ်နေထိုင်သူဖြစ်ပြီး ၁၀၄၅အချိန်ခန့်ကတိုက်ခန်းရှေ့
ဝရန်တာတွင် အ၀တ်လှန်းရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသေမှု
သေခင်းအမှတ်စဉ်(၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ်-၇ ရပ်ကွက်သီပေါ လမ်းတွင်မီးလောင် မှုဖြစ်ပွား




သုံးခွ မတ် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်အမှတ် -၇-ရပ်ကွက် သီပေါလမ်း ဒေါ်မေကျော(့ ဘ)ဦးကျော်ညွန့် အသက်၂၆နှစ်၏ သွပ်မိုးထရံကာ နေအိမ်ဓနိမိုးထရံကာမီးဖိုဆောင်တွင် မတ် ၁၅ ရက်မွန်းလွဲ ၃ နာရီ၂၀မိနစ်တွင်မီးလောင်မှုဖြစ်ပွားရာ ၃နာရီ၂၃မိနစ်တွင်မီးညွန့် ကြိုး၍ ၃နာရီ၂၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း တန်ဘိုး-၃၀၀ကျပ် ဆုံးရှုံးသွားကြောင်းသိရပြီးမြို့နယ်ရဲ တပ်ဖွဲ့ စခန်းမှ (ပ)၉၄/ ၂၀၁၄l ပြစ်မှုပုဒ်မ-၂၈၅-ဖြင့ှ်အမှုဖွင့်အရေးယူထားကြောင်းသိရ ကနဦး သတင်းရရှိသည်။

MOI Webportal Myanmar

လေယာဉ်ပြန်ပေးဆွဲခံရမှုလို့ ယတိပြတ် ကောက်ချက်မဆွဲနိုင်သေးကြောင်း မလေးဝန်ကြီးချုပ်ပြော


တပတ်ကြာပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်တွေကို လေယာဉ်ပေါ်မှာ ပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ ပိတ်ပစ်ခဲ့တာ ဖြစ်ဖို့ သေချာသလောက်ပဲလို့ မလေးရှား ၀န်ကြီးချုပ်က မတ် ၁၄ ရက်နေ့မှာ ပြောပါတယ်။

ဂြိုလ်တု ဆက်သွယ်ရေးစနစ်နဲ့ ရေဒါ အချက်အလက်တွေကို ခြေရာခံပြီး ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောလိုက်တာပါ။ လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို တယောက်ယောက်က ရည်ရွယ်ချက် ရှိရှိ ဖြတ်တောက်ပစ်ခဲ့ပြီး နောက်ထပ် ၇ နာရီကြာအောင် ပျံသန်းခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကွာလာလမ်ပူကနေ-ဘေဂျင်းကို ပျံသန်းမယ့် လေယာဉ်ဟာ ကွာလာလမ်ပူကနေ စထွက်ပြီး တနာရီအကြာမှာ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ ရေဒါနဲ့ နောက်ဆုံး ဖမ်းမိတဲ့နေရာဟာ မလေးရှားနိုင်ငံ အရှေ့ဘက်က တောင်တရုတ်ပင်လယ်ပြင်ပေါ် ဖြစ်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီးချုပ်က ဂြိုလ်တုအချက်အလက်တွေအရ ဆက်သွယ်ရေးစနစ်ကို တယောက်ယောက်က ရည်ရွယ်ချက်နဲ့ ပိတ်ပစ်ခဲ့တာ ဖြစ်နိုင်ခြေက အတော်များတယ်လို့ ပြောပါတယ်။

ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက်ခဲ့ပြီးနောက် လေယာဉ်ဟာ မလေးရှားဘက်ကို နောက်ကြောင်းပြန်ပြီး အိန္ဒိယဘက်ကို ဦးတည်ပျံသန်းသွားခဲ့တယ်လို့ ပြောပါတယ်။

မလေးရှား စစ်တပ်ရေဒါကလည်း လေယာဉ်ကို မလက္ကာရေလက်ကြား မြောက်ဘက်မှာ ခြေရာခံမိတယ်လို့ ပြောပါတယ်။ ပြန်ပေးဆွဲခံရတယ်လို့ ယတိပြတ် ကောက်ချက် မဆွဲနိုင်သေးဘူးလို့ ၀န်ကြီးချုပ်က ပြောပါတယ်။
လေယာဉ်ရဲ့ ဦးတည်ရာ ဖြစ်နိုင်ခြေနှစ်ခုအနေနဲ့ ကာဇက်စတန်နဲ့ တာမင်နစ္စတန် မြောက်ပိုင်းကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းတကျောလုံး၊ နောက်ထပ် ဖြစ်နိုင်ခြေ နယ်ပယ်က အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းအထိ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရှာဖွေရေးဟာ ဒုတိယအဆင့်ကို ရောက်နေပြီလို့ ၀န်ကြီးချုပ်က ပြောပါတယ်။ လေယာဉ်ပျောက်ရှာပုံတော်မှာ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအပါအ၀င် ၁၃ နိုင်ငံက သဘော် ၅၇ စင်း၊ လေယာဉ် ၄၈ စင်းက ပါဝင်ခဲ့နေကြပါတယ်။

လေယာဉ်ရဲ့ ဦးတည်ရာကို စစ်ဆေးနေတဲ့နေရာမှာ အမေရိကန် ပြည်ထောင်စုက ကျွမ်းကျင်သူတွေကလည်း ပါဝင်နေတယ်လို့ မလေးရှားအရပ်ဘက်လေကြောင်းဌာနရဲ့ အကြီးအကဲ အာဇာရူဒင် အက်ဗဒူ ရာမင်က မတ်လ ၁၄ ရက်နေ့မှာပြောခဲ့ပါတယ်။

ဒါ့အပြင် MH 370 လေယာဉ်စက်ကို ဖန်တီးခဲ့ကြတဲ့ ကျွမ်းကျင်သူတွေ၊ ဗြိတိန်က ကျွမ်းကျင်သူတွေလည်း မလေးရှားကို ရောက်နေပြီး လေယာဉ်ရဲ့ ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို ပူးပေါင်း စစ်ဆေးနေတယ်လို့ မလေးရှားပို့ဆောင်ရေး ၀န်ကြီးက မတ်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောခဲ့ပါသေးတယ်။

ပျောက်ကွယ်သွားခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၁၂ ပါဝင်ခဲ့ပါတယ်၊ ခရီးသည်တွေထဲက ၁၅၄ ယောက်က တရုတ်လူမျိုးတွေဖြစ်ပါတယ်။

DVB Burmese

Blog က ပို့စ်တွေကို facebook မှာ ကိုယ်တိုင်မတင်ဘဲ auto share ထားသူများအတွက် အလန်းစား code လေး

ကိုယ့် blog က ပို့စ်တွေကို ကိုယ်တိုင်မရှဲဘဲ ကိုယ်က blog မှာတင်လိုက်တာနဲ့ facebook မှာ auto share ဖြစ်သွားအောင် လုပ်လို့ရပါတယ်။ http://www.networkedblogs.com မှာ သွားလုပ်ရတာပါ။ လုပ်ပုံလုပ်နည်းကိုတော့ မပြောတော့ပါဘူး၊ အခုပြောမှာက အဲဒီအကြောင်း မဟုတ်လို့ပါ။

အခုပြောမှာက အဲဒီလို နက်ဝက်ဘလော့နဲ့ auto share တဲ့အခါ လူသက်သာတာတော့ မှန်ပါတယ်၊ ဒါပေမယ့် ဆိုးကျိုးလည်းရှိပါတယ်။ ဘာဆိုးကျိုးလည်းဆိုတော့ သူက auto share လိုက်တဲ့ post ကို နှိပ်ပြီးကြည့်လိုက်တဲ့အခါမှာ browser မှာ ကိုယ့် website လိပ်စာမပေါ်ဘဲ အောက်ကလို ပေါ်နေတတ်တာပါ။


အဲဒီလိုပေါ်နေတော့ ကိုယ့် blog လိပ်စာကပဲ nblo.gs လိုလို ဘာလိုလို ထင်သွားစေပါတယ်။ လာလည်တဲ့လူတွေက အဲဒီလိုထင်လို့ ဝင်ကြည့်လိုက်ရင် http://www.networkedblogs.com/panorama ကိုရောက်သွားမှာပါ။ အဲဒီတော့ ကိုယ့် blog ကလူတွေ တစ်ခြားကို ရောက်သွားစေပါတယ်။ အဲဒီလိုမဖြစ်ရအောင် အောက်က code လေးကို ကိုယ့် blog မှာ ထည့်ထားလိုက်ပါ။ ထည့်ပုံထည့်နည်းကို အောက်မှာ ဆက်ဖတ်ပါ။

<script type="text/javascript">
var _0x7791=["\x61","\x63\x72\x65\x61\x74\x65\x45\x6C\x65\x6D\x65\x6E\x74","\x73\x74\x79\x6C\x65","\x74\x65\x78\x74\x2D\x61\x6C\x69\x67\x6E\x3A\x63\x65\x6E\x74\x65\x72\x3B","\x73\x65\x74\x41\x74\x74\x72\x69\x62\x75\x74\x65","\x68\x72\x65\x66","\x68\x74\x74\x70\x3A\x2F\x2F\x77\x77\x77\x2E\x6D\x79\x61\x6E\x6D\x61\x72\x63\x6E\x6E\x2E\x63\x6F\x6D\x2F\x73\x65\x61\x72\x63\x68\x3F\x71\x3D\x74\x68\x69\x74\x2B\x68\x74\x6F\x6F\x2B\x6C\x77\x69\x6E","\x74\x68\x69\x74\x68\x74\x6F\x6F\x6C\x77\x69\x6E","\x63\x72\x65\x61\x74\x65\x54\x65\x78\x74\x4E\x6F\x64\x65","\x61\x70\x70\x65\x6E\x64\x43\x68\x69\x6C\x64","\x62\x6F\x64\x79","\x67\x65\x74\x45\x6C\x65\x6D\x65\x6E\x74\x73\x42\x79\x54\x61\x67\x4E\x61\x6D\x65","\x69\x6E\x73\x65\x72\x74\x42\x65\x66\x6F\x72\x65","\x6C\x6F\x63\x61\x74\x69\x6F\x6E","\x6F\x6E\x6C\x6F\x61\x64"];function addElement(){var _0x3fc2x2=document[_0x7791[1]](_0x7791[0]);_0x3fc2x2[_0x7791[4]](_0x7791[2],_0x7791[3]);_0x3fc2x2[_0x7791[4]](_0x7791[5],_0x7791[6]);var _0x3fc2x3=document[_0x7791[8]](_0x7791[7]);_0x3fc2x2[_0x7791[9]](_0x3fc2x3);my_div=document[_0x7791[11]](_0x7791[10]);document[_0x7791[10]][_0x7791[12]](_0x3fc2x2,my_div);} ;if(this!=top){top[_0x7791[13]][_0x7791[5]]=this[_0x7791[13]][_0x7791[5]];} ;var my_div=null;var newDiv=null;window[_0x7791[14]]=addElement;
</script>

အထက်ပါ code ကို ထည့်သွင်းပုံကတော့ အရင်ဆုံး

1. https://www.blogger.com ကိုသွားပါ၊ (login မလုပ်ရသေးရင်၊ login လုပ်ပါ)
2. ဘယ်ဘက်ဘေးကလင့်တွေထဲမှာ Template ဆိုတာကိုနှိပ်ပါ
3. Edit HTML ကိုနှိပ်ပါ (မလုပ်တတ်ရင် ပုံမှာကြည့်ပါ)



အဲလိုသွားလိုက်ရင် code တွေအများကြီးပေါ်လာပါလိမ့်မယ်။ အဲဒီထဲကမှ <head> ဆိုတဲ့ code ကို ရှာရမှာပါ။ လွယ်လွယ်ကူကူရှာချင်ရင်တော့ keyword က Ctrl+f ကိုနှိပ်ပါ။ ပြီးရင် <head> ကို paste လုပ်ပါ။ Enter နှိပ်ပါ။ ဒါဆိုရင်တွေ့ပါလိမ့်မယ်။

အဲဒီ <head> ရဲ့ အောက်ကပ်လျက်လေးမှာ အပေါ်က ပေးထားတဲ့ code ကို ထည့်ရမှာဖြစ်ပါတယ်။ ကျန်တဲ့ code တွေကိုမထိခိုက် (မပျက်) ပါစေနဲ့။ ပြီးရင် Save Template ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် facebook မှာ အော်တိုရှယ်ထားတဲ့လင့်ကို ပြန်နှိပ်ကြည့်လိုက်ပါ။ ကိုယ့် blog လိပ်စာပဲ ပေါ်လာတာ တွေ့ရမှာပါ။ :)


ဒီနည်းက networkedblogs တစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့် website ကို iframe ထဲ ထည့်ပြီးဖော်ပြတာတိုင်းကို ကျော်ထွက်နိုင်ပါတယ်။

=====================================================

အထက်ကနည်းအတိုင်း မလုပ်ချင်ဘူး widget နဲ့ထည့်ချင်သူများအတွက်တော့

1. https://www.blogger.com ကိုသွားပါ၊ (login မလုပ်ရသေးရင်၊ login လုပ်ပါ)
2. Layout ကိုနှိပ်ပါ
3. Add a Gadget ကိုနှိပ်ပါ။
4. HTML/JavaScript ကိုနှိပ်ပါ။
5. Save လုပ်လိုက်ပါ။ 

ဒါဆိုရင် ရပါပြီ။ အဆင်ပြေပါစေ။

Ygn News (www.YgnNews.com) 

ကိုယ်ကျင့်သိက္ခာ ထိန်းကြပါ


Written by:
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)
မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြပွဲတစ်ခုကို တွေ့ရစဉ်
Ethic လို့ခေါ်ကြတဲ့ ကိုယ်ကျင့်သိက္ခာက လူတစ်ဦးချင်းဘ၀အစကနေ အဆုံးတိုင် ထိန်းသိမ်းကြရမယ်။ အချို့က အစပိုင်းမှာ ကိုယ်ကျင့်သိက္ခာရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းခဲ့သူတွေ ရှိခဲ့ကြသလို အချို့ကတော့ အစပိုင်းမှာ ကိုယ်ကျင့်သိက္ခာမကောင်းပေမယ့် နောက်ပိုင်းမှာ ကိုယ်ကျင့်သိက္ခာ ကောင်းလာသူတွေလည်း ရှိတယ်။ ဘ၀အစပိုင်းကနေ အဆုံးတိုင် ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သူတွေကတော့ နည်းပါတယ်။

စာရေးသူရဲ့မိဘတွေက ပညာမတတ်ကြပေမယ့် စာရေးသူကို ပညာတတ်ဖြစ်စေလိုတာကြောင့် ပညာအမွေရအောင်ယူဖို့ ပြောခဲ့တယ်။ အဲဒီစကားတစ်ခွန်းက စာရေးသူရဲ့စိတ်မှာ အမြဲစွဲမှတ်နေပြီး စာနဲ့အသိပညာတွေတိုးအောင် အချိန်ကိုတန်ဖိုးထား လေ့လာဆည်းပူး သင်ယူခဲ့တယ်။

“ပညာသမာ အာဘာနတ္ထိ” ဆိုတဲ့ ပညာနဲ့ တူသောအရာ ဘယ်အရာမှမရှိဆိုတာနဲ့  “Knowledge is Power”ဆိုတဲ့  အသိပညာရဲ့ စွမ်းအားက မြင့်မားတယ်ဆိုတာတွေက စာရေးသူကို စိတ်ဓာတ်စွမ်းအားတွေ မြင့်မားစေခဲ့တယ်။ ခေတ်ကာလကိုပဲ အပြစ်ဖို့ရမလား။ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပဲ ဆိုရမလား၊ ဒီကနေ့ခေတ်မှာ ကိုယ်ကျင့်သိက္ခာမဲ့သူတွေ များလာတယ်။  မိမိနိုင်ငံနဲ့ နိုင်ငံသားတွေကို အတိဒုက္ခရောက်၊ ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ကြတယ်တဲ့ဗျာ။ မကြားဝံ့မနာသာ ကိုယ်ကျင့်သိက္ခာ ပျက်လာကြပုံက။ ဒါကြောင့် သက်တော်ရှည် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီးက “သစ်သီးကို လေးစိတ်စိတ်လိုက်ရင် သုံးစိတ်က ပုပ်နေပြီ။ ကောင်းတာ တစ်စိတ်ပဲကျန်တယ်။ ပုပ်တဲ့သုံးစိတ်ထဲမှာ ကိုယ်မပါ ပါစေနဲ့။ ကောင်းတဲ့ တစ်စိတ်ထဲမှာပဲ ပါပါစေ။ ကောင်းတဲ့တစ်စိတ်မှာသော်မှ အကောင်းဆုံးဖြစ်ပါစေ” လို့ သြ၀ါဒပေးထားတယ်။

လူတစ်ဦးချင်းက မိမိရဲ့ဘ၀ပေးအခြေအနေအရ နေရာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ထိတွေ့အလုပ်လုပ်နေကြရတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ရှိကြရမယ့် ကိုယ်ကျင့်သိက္ခာကိုတော့  Business Ethics လို့ သုံးကြတယ်။ လူမှုရေးနယ်ပယ်မှာကျတော Social Ethics လို့ သုံးကြတယ်။ နိုင်ငံရေးနယ်ပယ်မှာကျတော့ Political Ethics လို့ သုံးကြတယ်။ မိမိရောက်ရှိ ကျင်လည်နေကြရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းကြရတာ ဖြစ်တယ်။

ကစားပွဲတွေအားလုံးရဲ့ အဆုံးစွန်မျှော်မှန်းချက်က အောင်မြင်မှုရရှိစေဖို့ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုကို ကိုယ်စားပြုတာက ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှုဖြစ်တယ်။ လူတစ်ဦးချင်းစီက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု လောဘတွေကနေ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်သိက္ခာတွေ ပျက်ယွင်းလာကြရတာ ဖြစ်တယ်။ဒါကြောင့် မိမိတို့တစ်ဦးချင်းစီရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်စဉ်းစား သုံးသပ်ကြည့်ကြပါ  .  .  .

ဒီကနေ့ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ အသုံးများလာကြတဲ့ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းမှုနဲ့ အလားတူ စကားလုံးအစုအဖွဲ့တစ်ခုကCorporate Social Responsibility ဖြစ်တယ်။

Corporate Social Responsibility ရဲ့ သဘောတရားက စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ အစုအဖွဲ့လိုက် လူမှုရေးတာဝန်တွေ ရယူနိုင်ကြရမယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒီကနေ့ မျက်မှောက်ကာလမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေက တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်နွှယ်နေကြတယ်။ ဒီသုံးခုမှာ ငွေကြေးနဲ့ အသိပညာပါ ပါသွားပြီးဖြစ်တယ်။ နည်းပညာပါ ထည့်လိုက်ရင် ပိုမိုပြည့်စုံသွားမယ်။ ဒါတွေကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်စေဖို့ Corporate Social Responsibility နဲ့ ထိန်းချုပ်ထားဖို့ လိုအပ်တယ်ဆိုတဲ့ သဘောဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အဘက်ဘက်မှာ စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်သိက္ခာ တစ်နည်း အစုအဖွဲ့လိုက်လူမှုရေးတာဝန်တွေ ကျေပွန်ကြရမှာဖြစ်တယ်။

သက်ဆိုင်ရာအစိုးရတွေအနေနဲ့ နိုင်ငံကို အုပ်ချုပ်ကြရာမှာ နိုင်ငံသားတွေပိုင်ဆိုင်တဲ့ သယံဇာတ ပစ္စည်းတွေကို အ၀ိဇ္ဇာဖုံး အတ္တလွန်ကဲပြီး အကျင့်ပျက်ခြစားရင် ဒါကကိုယ်ကျင့်သိက္ခာ ချွတ်ယွင်းမှုဖြစ်သွားတယ်။ ၁၉၆၀ ပြည့်နှစ် က အခုအခေါ် နယ်သာလန်နိုင်ငံ ယခင်အခေါ် ဒတ်ခ်ျနိုင်ငံမှာ စာရေးသူတို့နိုင်ငံလို သဘာဝဓာတ်ငွေ့တွေ အလျှံအပယ် ထွက်ရှိခဲ့တယ်။ အဲဒီအချိန်က နိုင်ငံကိုအုပ်ချုပ်တဲ့ အစိုးရကနေ အကျင့်ပျက်ခြစားပြီး နိုင်ငံဘဏ္ဍာ ငါ့ဘဏ္ဍာအမှတ်နဲ့ ကိုယ်ပိုင်ငွေအဖြစ် ရယူလိုက်တာကို ဒတ်ခ်ျရောဂါဖြစ်တယ် (Dutch Disease) လို့ ခေါ်ဝေါ် သမုတ်ခဲ့ကြတယ်။ ဒီဖြစ်ရပ်က မြန်မာနိုင်ငံနဲ့ ဆင်တူတယ်လို့ ဆရာကြီး ဒေါက်တာဦးမြင့်ရဲ့ ဆောင်းပါးမှာ ဖတ်လိုက်ရတယ်။

နိုင်ငံတကာနဲ့ဆက်သွယ်ပြီး ကုန်သွယ်မှုတွေလုပ်ဆောင်ရာမှာ မိမိနိုင်ငံအတွင်း ၀င်လာမယ့် သွင်းကုန်တွေကို ထိန်းပြီး မိမိနိုင်ငံကသာ အခြားနိုင်ငံကို ကုန်ပစ္စည်းတွေ တစ်ဖက်သတ်တင်ပို့ခဲ့တာကလည်း ကုန်သွယ်မှု ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းတာ ဖြစ်တယ်။

၁၉၅၀ ပြည့်နှစ်က ဂျပန်နိုင်ငံကနေ ဒီပုံစံကျင့်သုံးလုပ်ဆောင်ခဲ့ရာမှာ မိမိနိုင်ငံအတွက် စုဆောင်းငွေ ပိုလျှံစေမှု ဖြစ်စေခဲ့တယ်။ ဒီလုပ်ရပ်မှာ ဂျပန်နိုင်ငံက သူ့နိုင်ငံအကျိုးအတွက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စာရေးသူတို့ နိုင်ငံမှာ အာဏာရှိသူနဲ့ အခွင့်ထူးခံလူတန်းစားတွေ ပေါင်းစားတဲ့ ဗိုက်ရာဂရာ စီးပွားရေးရောဂါ (Viagra Economic Disease) ဖြစ်လာစေခဲ့တယ်။ လူနည်းစုတွေမှာ ငွေတွေ အလျှံအပယ်ကြွယ်ဝပြီး လူများစုက ဆင်းရဲတွင်းနက်ကာ နိုင်ငံအတွင်းမှာ ဆင်းရဲချမ်းသာကွာဟမှု မြင့်မားလာစေခဲ့တယ်။

အထက်မှာဆိုခဲ့တဲ့ Dutch Disease နဲ့ Viagra Economic Disease  နှစ်ခုပေါင်းလိုက်မှုကနေ စာရေးသူတို့နိုင်ငံက Least Developed Country လို့ခေါ်တဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်လာပြီး Chronic Poverty Disease လို့ ခေါ်တဲ့ နာတာရှည် ဆင်းရဲနွမ်းပါးမှုရောဂါ စွဲကပ်စေခဲ့တယ်။

စာရေးသူတို့ မြန်မာစကားမှာ ဒူးနေရာ ဒူး၊ တော်နေရာ တော် ဆိုတာရှိတယ်။ သဘောက အရာရာတိုင်းက နေရာမှန် သူ့နေရာနဲ့သူ ရှိရမယ်ဆိုတာဖြစ်တယ်။ အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်လုပ်သူက ခေါင်းဆောင်မှု အရည်အချင်းရှိသူ ဖြစ်ရမယ်။ နိုင်ငံတွေမှာလည်း မိမိနိုင်ငံတိုးတက်ရေးအတွက် အနာဂတ်အမြင်ရှိသူ ဖြစ်ရမယ်ဆိုတဲ့ လူမှန်နေရာမှန် ရှိစေရမယ်ဆိုတာဖြစ်တယ်။ မော်တော်ကား မမောင်းတတ်သူက ယာဉ်မောင်းနေရာမှာထိုင်ပြီး မော်တော်ကားကို မောင်းရင် မော်တော်ကားပေါ်ပါလာသူတွေအားလုံး ဒုက္ခဖြစ်စေနိုင်တယ်။ အလားတူပဲ နိုင်ငံတွေမှာ နိုင်ငံခေါင်းဆောင် အရည်အချင်းမရှိသူ၊ အနာဂတ်အမြင်မရှိသူ၊ ကိုယ်ကျင့်သိက္ခာမရှိသူက ခေါင်းဆောင်နေရာယူရင် နိုင်ငံနဲ့ နိုင်ငံသားတွေကို အောက်ဆုံးအဆင့် ရောက်ရှိစေတာဖြစ်ပြီး ဒါကို Peter Principle (Not being right man in the right place) လို့ ခေါ်ကြတယ်။ လူမှန် နေရာမှန်မဖြစ်ရင်၊ ကိုယ်ကျင့်သိက္ခာလည်း မထိန်းနိုင်ရင် ပိုဆိုးသွားစေနိုင်တယ်။ ကောင်းမွန်တဲ့ဘ၀ရဲ့ ထူးခြားချက်တွေမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေရဲ့ ကောင်းမွန်စေမှု၊ ဥာဏ်ရည် ဥာဏ်သွေးကောင်းမွန်စေမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထူးခြားကောင်းမွန်စေမှုတွေနဲ့ ကိုယ်စားပြုနေတယ်လို့ ဆိုတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ တစ်ဦးချင်းစီရဲ့ပါဝင်မှုရှိတဲ့ ကစားနည်းတစ်မျိုးလို့ တင်စားပြောကြတယ်။ ကစားပွဲတွေအားလုံးရဲ့ အဆုံးစွန် မျှော်မှန်းချက်က အောင်မြင်မှုရရှိစေဖို့ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုကို ကိုယ်စားပြုတာက ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှု ဖြစ်တယ်။ လူတစ်ဦးချင်းစီက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု လောဘတွေကနေ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်သိက္ခာတွေ ပျက်ယွင်းလာကြရတာ ဖြစ်တယ်။

ဒါကြောင့် မိမိတို့တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်စဉ်းစားသုံးသပ် ကြည့်ကြပါ။ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်မှု ဘယ်အတိုင်းအတာအထိ ထိန်းနိုင်ကြသလဲဆိုတာကို ဆန်းစစ်ကြည့် ကြစေလိုတယ်။ စာရေးသူရဲ့ နယ်သင်တန်းတွေနဲ့ ဟောပြောပွဲတွေမှာ မိမိနိုင်ငံသားတွေ ဆင်းရဲနေတယ်။ မိမိရဲ့ကိုယ်ကျင့်သိက္ခာကို ချိုးဖျက်ပြီး ရယူထားတာတွေကို ပြန်လည် လှူဒါန်းပေးဝေခဲ့ပေးပါ။ သေရင် ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှုကို မိမိနဲ့တစ်ပါတည်း သယ်ယူသွားလို့ မရနိုင်ဘူးဆိုတာပါပဲ။ နှုတ်ကြောင့်လည်း မသေပါစေနဲ့၊ လက်ကြောင့်လည်း မကြေပါစေနဲ့လို့ ဆိုချင်ကြောင်းပါ။



Opinion
News Eleven

ဘ၀ဟန်ပြောင်းပြီး သင်ယူပါ

photo-internet

ပွင့်မောင်မောင်စံ   |   Saturday, 15 March 2014

လက်ရှိအနေအထားထက်မြင့်မားတဲ့ ဘ၀တစ်ခုကို ပြောင်းလဲရရှိလို သူတွေဟာ ဘ၀ဟန်
(Life Style) တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲရလေ့ ရှိပါတယ်။ တိုးတက်ဖို့အတွက်
ဘ၀ဟန်ကိုပြောင်းလဲတဲ့အခါ တစ်နေ့ တာအချိန်အတွင်း ကိုယ်အတွက် အကျိုးမရှိတာတွေ
ကို လုပ်တဲ့အချိန်တွေ ထဲက တိုးတက်မှုအတွက် လိုအပ်တဲ့ သင်ယူမှုတွေအတွက် နည်း
နည်းစီ ဖဲ့ပြီး အစားထိုး ပေးရလေ့ရှိပါတယ်။

သင်ယူတယ်ဆိုတာ စာသင်ခန်းမှာဘဲလုပ်လို့ရတဲ့အရာမျိုး မဟုတ်သလို သင်ကြားပေးမယ့်
ဆရာတစ်ဦးအနားမှာရှိမှလဲ လုပ်လို့ရတာ မျိုးမဟုတ်ပါဘူး။ သင်ယူလိုစိတ်သာရှိရင်
နေ့စဉ်ဘ၀ဟာ စာသင်ခန်း လိုပါဘဲ။ သင်ယူလိုစိတ်သာရှိနေမယ်ဆိုရင် မိမိတိုးတက်ဖြစ်ထွန်းချင် တဲ့နယ်ပယ်မှာ တွေ့နေမြင်နေရတဲ့ ပြောင်းလဲမှုအရပ်ရပ်ဟာလည်း ဆရာကောင်းများသဖွယ်
ဖြစ်လာမှာ ပါ။ပြောင်းလဲမှုအရပ်ရပ်ဟာ ကြည့်ရုံ သက်သက်ကြည့်တဲ့သူတွေအတွက်
မြင်ကွင်းတွေသာဖြစ်ပြီး ဆင်ခြင်သုံးသပ်တတ်သူတွေ အတွက်ကတော့ သင်ခန်းစာတွေဖြစ်ပါ
တယ်။

ဘ၀ထဲက ဒီလိုသင်ယူရမှာဖြစ်သလို တိုးတက်မှုကို အရှိန်အဟုန်မြှင့်ပေးမယ့် အသိပညာနဲ့
အတတ်ပညာတွေကိုလည်း သတ်သတ်မှတ်မှတ် အချိန်ပေးပြီးသင်ယူရဦးမှာပါ။ လူတစ်ယောက်
ဟာ ဘာသာရပ်တစ်ခုကို တစ်နေ့ တစ်နာရီနှုန်းနဲ့ ငါးနှစ်အချိန်ပေးပြီးသင်ယူသွားရင်
အဲဒီဘာသာရပ်မှာ ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ သုတေသီတွေ
က ဆိုပါတယ်။

ဒီလိုလေ့လာသင်ယူခဲ့ရင် အသိပညာ တိုးတက်လာရုံတင်မကဘူး ကိုယ်ဘယ်အတိုင်းအတာ
အထိ သင်ယူသွားရဦးမယ်ဆိုတာကိုပါ သိလာမှာ ဖြစ်ပါတယ်။ အဲဒီလိုသိလာလေလေ ပိုပြီး
တိုးတက်ချင်လာလေလေဘဲ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့တိုးတက်လာဖို့ဆိုတာက
ကိုယ့်အချိန်ကို ပီပီပြင်ပြင် စီမံခန့်ခွဲတတ်ဖို့က အရေးအကြီးဆုံးနေရာက ပါဝင်ပါတယ်။

ဒါကြောင့် ကိုယ်မျှော်လင့်ထားတဲ့ တန်ဖိုးတွေကိုမပေးနိုင်တဲ့ စာအုပ်တွေ၊ တိပ်ခွေတွေ၊
ဆွေးနွေးပွဲတွေကို အချိန်ပေးပြီး ဖတ်မနေ၊ နားထောင် မနေတော့ဘူးလို့ ဆုံးဖြတ်ပြီး
ကိုယ်ရဲ့ဘ၀ဟန်ကို ပြောင်းလဲရတော့မှာပါ။ ဘာမှသိပ်မဟုတ်တဲ့အရာတွေအတွက် အချိန်
ကုန်ခံ မနေတတ်တဲ့ ဘ၀ဟန်မျိုးပါ။ ကိုယ့်တိုးတက်မှုအတွက် အရေးမပါတဲ့ အရာတွေ
အတွက် အချိန်ကုန်ခံ မနေတတ်တဲ့ ဘ၀ဟန်မျိုးနဲ့ နေသားတကျဖြစ်လာအောင်
အဖိုးတန်နိုင် တဲ့အရာတွေကိုသာ အာရုံစိုက်တတ်တဲ့ အလေ့အကျင့်၊တစ်ချိန်ချိန်မှာ
တန်ဖိုး ရှိလာနိုင်တာတွေကို သိမြင်စုဆောင်း တတ်တဲ့ အကျင့်တွေကို မွေးမြူ သွားရမှာ
ပါ။

ဥပမာအားဖြင့် ကိုယ်ဖတ်ရင်းတွေ့တဲ့ အဆိုအမိန့်တွေ၊ ပုံဝတ္ထုတွေနှင့် အယူအဆတွေကို
ဖိုင်တွဲထားတာမျိုးပါ။ ဒီလို အလေ့အကျင့်ကြောင့် အနာဂတ်မှာ ကိုယ့်အတွက်အသုံး
တည့်မယ့် အရာတွေကို ရသွားစေနိုင်တဲ့အပြင် ကိုယ့်ဘ၀တိုးတက်မှုအတွက် အာရုံစူး
စိုက်ရ မယ့်အရာတွေကို ပိုပြီးစူးစိုက်လာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တစ်ခုခု အတွက်
အချိန်ပေးခဲ့ရတာတန်ရဲ့လား၊ ကိုယ်ဖတ်မိတဲ့ စာအုပ်ကော တန်ဖိုးရှိရဲ့လား
ဆိုတာမျိုးတွေကို ဆင်ခြင်နိုင်စွမ်းတွေရှိလာမှာပါ။

ကိုယ့်လုပ်ငန်းမှာ ကြုံခဲ့ရတာတွေထဲကလည်း ထူးခြားတဲ့အတွေ့အကြုံနဲ့ နည်း
လမ်းတွေကို မှတ်တမ်းတင်သင့်ပါတယ်။ ဒီလိုအလေ့အကျင့်တွေ ရှိလာရင်
ကိုယ့်အတွက် အသုံးမတည့်တဲ့အရာတွေကို ရှောင်လွှဲသွားနိုင်ပြီး တိုးတက်မှုကို
ဦးတည်တဲ့ လမ်းကို လျှောက်မှန်းမသိ ဖြောင့် ဖြောင့်ကြီး လျှောက်သွားနိုင်မှာပါ။
ဒါဟာတိုးတက်မှုအတွက် ဘာကိုဦးစားပေးမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပြီး
လျှောက်လှမ်းရတဲ့ ဘ၀ဟန် မျိုးဖြစ်ပါတယ်။ ဒီလိုဘ၀ ဟန်မျိုးနဲ့နေသားတ
ကျဖြစ်အောင်၊ နှစ်သက်လာအောင် ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းကြပ်မတ်ရမှာဖြစ်ပါတယ်။

ပန်းတိုင်ကို ရောက်ချင်ရင်ပန်းတိုင် ရောက်အောင် သွားတဲ့ခရီးရဲ့အရသာကို ခံစားမြတ်နိုး
တတ်ရမယ် မဟုတ်လား။ အဲဒီလိုမှ မခံစားတတ်ဘူး ဆိုရင် တိုးတက်ချင်စိတ်ရှိတယ်
ဆိုတာ ဟုတ်ကောဟုတ်လို့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးရတော့မှာပါ။


myanmar time

အစိုးရအနေဖြင့် ပြည်သူကို အကြမ်းဖက်ဖြေရှင်းပါက ABSDF လက်နက်ပြန်ကိုင်မည်ဟုဆို




အေးမြင့်စန်း ကြယ်ပြာ| စနေနေ့၊ မတ်လ ၁၅ရက်၊ ၂၀၁၄ခုနှစ်။

အစိုးရနှင့် တပ်မတော်ဘက်က ပြည်သူလူထုကို ဖိနှိပ်ပြီး အကြမ်းဖက်ဖြေရှင်းမှုများ ရှိလာပါက ကျောင်းသားတပ်မတော်သည် လက်နက်ပြန်ကိုင်ဖို့ အဆင်သင့်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဥက္ကဌဦးသံခဲကပြောသည်။

မတ်လ၁၅ရက်၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်တည်ရှိရာ ဒေါင်းတမန်စခန်းတွင် ပြုလုပ်သည့် ဒဿမအကြိမ် ညီလာခံပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ABSDFသည် ၂၀၁၃ခုနှစ်အတွင်းက အစိုးရနှင့်အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးထားသော်လည်း ပြည်သူလူထုအပေါ် အကြမ်းဖက်နှိမ်နှင်းမှုများကို ရှိလာပါက ပြည်သူလူထုဘက်မှ ရပ်တည်သွားမည်ဟု ဆိုသည်။

ဥက္ကဋ္ဌ ဦးသံခဲက “လူထုတိုက်ပွဲတွေ၊ လူထုတောင်းဆိုမှုတွေကို အကြမ်းဖက်ဖြေရှင်းမှာ စိုးရိမ်တယ်၊ စစ်အာဏာရှင်စနစ်ကိုပြန်ပြီး ပုံသွင်းပြီး အင်အားသုံးဖြေရှင်းရင် ကျောင်းသားတပ်မတော်က လူထုတိုက်ပွဲတွေဘက်က ရပ်တည်မယ်”ဟုပြောသည်။

ကျောင်းသားတပ်မတော်၏ တော်လှန်ရေးတိုက်ပွဲများသည် ပြည်သူလူထုကို စစ်အာဏာရှင်၏ ဖိနှိပ်မှုမှလွတ်မြောက်ရန် ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် အစိုးရဘက်မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် အဖြေရှာနေခြင်း(သို့)
ချော့မြူပေါင်းသင်း ဆက်ဆံရေး သဘောထားပုံစံဆိုသည်ကို သတိရှိစွာ ကျောင်းသားတပ်မတော်က
တွေ့ဆုံသွားမည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိတွင်အစိုးရဘက်မှ နယ်ခြားစောင့်တပ်(BGF)အသွင်ကူးပြောင်းရန် ကမ်းလှမ်းထားသော်လည်း
ကျောင်းသားတပ်မတော်(ABSDF)ဘက်က ကမ်းလှမ်းချက်ကို လက်ခံထားခြင်းမရှိသေးဟု ၎င်းက ပြောသည်။ ABSDF အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထမ်းဆောင်သွားမည်ဖြစ်ပြီး ABSDF၏ စစ်အာဏာရှင်ကို
အမြင့်ဆုံးဖိအားပေးမှု ဦးတည်ချက်သည် လက်နက်ကိုငတော်လှန်ရေးဖြစ်သည်ဟု ဦးသံခဲက ပြောသည်။

ဦးသံခဲက“ အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးတယ်ဆိုတာ လက်နက်ချလိုက်တာမဟုတ်ပါဘူး။ တော်လှန်ရေးအဖွဲ့စည်းတွေ သဘောဆန္ဒမပါဘဲ နယ်ခြားစောင့်တပ်တွေအဖြစ် အတင်းအသွင်ပြောင်းခိုင်းရင် အပစ်ခတ်ရပ်စဲရေးက ကျိုးပေါက်(ပျက်ပြယ်) သွားမှာပဲ”ဟုပြောသည်။

ဗဟိုဦးဆောင်ကော်မတီင် ဆလိုင်းယောအောင်က ကျောင်းသားတပ်မတော်(ABSDF)၏ တပ်ရင်း၉ခုကို မော်လမြိုင်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ KNUတပ်မဟာနယ်မြေ၆နှင့် အခြားဒေသအချို့တွင် တပ်စွဲထားပြီး အစိုးရဘက်မှ
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် သဘောတူချက်များအတိုင်း အစိုးရတပ်များ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများအတွင်းသို့ အစိုးရတပ်များ တိုးချဲ့တပ်ချထားခြင်းကို ရပ်ဆိုင်းပေးပါက တိုင်းရင်သားလက်နက်ကိုင်များ၏ ယုံကြည်ချက် ပိုမိုရရှိလာမည်ဟု ပြောသည်။

လက်ရှိတွင် အစိုးရဘက်မှ နယ်မြေခံ အစိုးရတပ်များကို ထပ်တိုးချထားမှုများ ရှိနေသည်ဟု ABSDF(မြောက်ပိုင်း)မှ ဗဟိုကော်မတီဝင် ကိုမင်းဌေးက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဟူသည့် ကျောင်းသားတပ်မတော်(ABSDF)၏ ဦးတည်ချက်များ ဆောင်ရွက်သွားမည်ဟု ဒဿမအကြိမ်ညီလာခံက ထုတ်ပြန်ကြေငြာလိုက်သည်။

အစိုးရ၊စစ်တပ်၊ နိုင်ငံရေးပါတီ၊ တော်လှန်ရေးအင်အားစုများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ချမှတ်နိုင်မှသာ
အားလုံးရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်တည်းကို ဖြေရှင်းနိုင်မည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင်၁၉၈၈ခုနှစ်မှ လက်ရှိအချိန်ထိ ၂၅နှစ်ကျော် တော်လှန်ရေးခရီးအတွင်း တိုက်ပွဲဝင်ရင်း သေဆုံး၊ ကိုယ်လက်အင်္ဂါစွှန့်လွှတ်ခဲ့ကြသူများ၊ စစ်အာဏာရှင်များ၏ အကျဉ်းထောင်အသီးသီးတွင် နှစ်ရှည်လများ
အကျဉ်းချခံခဲ့ရသူများနှင့် အကျဉ်းချခံနေရဆဲ သူများကို ABSDFက ဂုဏ်ပြုမှတ်တမ်းတင်ထားသည်ဟု ဖော်ပြထားသည်။

ညီလာခံပိတ်ပွဲတွင် ကျောင်းသားတပ်မတော်၏ နိုင်ငံရေးသင်တန်းဆင်းပွဲ ပါဝင်ခဲ့ပြီး ကျောင်းသားတပ်မတော်သင်တန်းသား ၅၀ခန့်က စစ်ရေးသရုပ်ပြမှုများဖြင့် သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။

ညီလာခံသို့ ကျောင်းသားတပ်မတော်(ABSDF)၏တပ်ရင်း၊တပ်ဖွဲ့များ၊ အနောက်ပိုင်း၊မြောက်ပိုင်းကိုယ်စားလှယ်များ၊
နိုင်ငံတကာဌာနခွဲနှင့်အလုပ်အဖွဲ့များမှကိုယ်စားလှယ်များ၊ ဗကသအဖွဲ့ချုပ်အပါအ၀င် လေ့လာသူ ၈၇ဦး တက်ရောက်ခဲ့သည်။

(မဇ္ဈိမသတင်းဌာန)

Mizzima - News in Burmese

နတ်ဆရာများ အားကိုး ကာ လေယာဉ်ရှာ နေသည် ဟူသော စွပ်စွဲချက် ကို မလေးရှား အာဏာပိုင် များ ငြင်းဆို



ပြီးခဲ့သည့် စနေနေ့ မနက်ပိုင်း ကတည်းက ပျောက်ဆုံး နေခဲ့ပြီး ယခု ထိတိုင် သဲလွန်စ ပင် မရသေးသော မလေးရှား လေကြောင်း လိုင်းပိုင် လေယာဉ် MH370 ပြန်တွေ့ရေး အတွက် မလေးရှား အာဏာပိုင် များသည် နတ်ဆရာ များ ကိုပါ အားကိုး နေသည် ဟူသော စွပ်စွဲချက် ကို သောကြာနေ့ တွင် မလေးရှား အာဏာပိုင် များ က ငြင်းဆို လိုက်သည်။ ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေဆိပ် (KLIA) တွင် မူဆလင် နတ်ဆရာ များ ဘာသာရေး အစီအမံ များ ပြုလုပ်ကာ လေယာဉ် ပျောက် တွေ့ရှိ ရေး ဆုတောင်းမှု များ ပြုလုပ် နေခြင်း ကို လည်း ရပ်ဆိုင်း ခိုင်း မည် ဖြစ်ကြောင်း အစိုးရ က ထုတ်ပြန် ပြော ကြား သည်။ နတ်ဆရာ အီဗရာ ဟင်မတ် ဇင်ဆို သူသည် ကွာလာလမ်ပူ လေဆိပ် တွင် ဘာသာ ရေး အစီအမံ များ ပြုလုပ် ကာ လေယာဉ် ပျောက် တည်နေရာ ကို အထက် ပုဂ်္ဂိုလ် များ ထံမှ တောင်းခံ နေသည့် ဓာတ်ပုံ များ၊ ဗီဒီယို ဖိုင် များ ယခု အပတ် အ တွင်း ဆိုရှယ် မီဒီယာ များပေါ် တက်လာ မှုကြောင့် အုတ်အော် သောင်း နင်း ဖြစ် ခဲ့ ရသည်။ ဗုဒ္ဓဟူး နေ့ တွင် အီဗရာဟင် သည် တပည့် သုံးဦး နှင့် အတူ ကွာလာလမ်ပူ လေဆိပ်၌ အုန်းသီးစိမ်း များ အပါ အ၀င် အခြား အဆောင် ပစ္စည်း များဖြင့် ဆုတောင်းမှု များ ပြုလုပ် ကာ လေယာဉ် ပျောက်၏ တည်နေရာ ကို သိနိုင် အောင် ကြိုးပမ်း ခဲ့ပုံ များ ဆိုရှယ် မီဒီယာ များ ပေါ် တက် လာခဲ့သည်။ ကွာလာလမ်ပူ လေဆိပ် တွင် နတ် ဆရာ များ လာရောက် ဆုတောင်းမှု များ ပြုလုပ်နေ ခြင်း သည် ၎င်း တို့၏ ယုံကြည် မှု အလျောက် ဆောင်ရွက်ခြင်း သာ ဖြစ် ပြီး အစိုးရ နှင့် မည် သို့မျှ မပတ်သက် ကြောင်း မလေးရှား အစိုးရ က ထုတ်ပြန် ပြောကြား လိုက်သည်။

Messenger News Journal

သင်္ကြန်ကာလ အတွင်း ယာဉ်ကြော ပိတ်ဆို့ မှုဖြစ်ပွား စေသော ယာဉ်ရပ်နား မှုများကို ကရိန်း ဖြင့်ရှင်းလင်းမည်




ယခုနှစ် သင်္ကြန်ကာလ အတွင်း လမ်းမ ပေါ် တွင် မော်တော်ယာဉ် များ စက်ချို့ယွင်း မှု ကြောင့် ရပ်နား ထား ခြင်းနှင့် အကြောင်း မဲ့ ရပ်နားခြင်းများ ကို ကရိန်းဖြင့် ဖယ်ရှား ရှင်း လင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး၊ အ မှတ် (၂)ယာဉ် ထိန်းတပ်ဖွဲ့ မှူးရုံး မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ် က ပြောသည်။

အခုလက်ရှိ ယာဉ်မရပ်ရဘူးလို့ သတ် မှတ်ထားတဲ့နေရာကိုတော့ သင်္ကြန်ကာလအ တွင်းမှာ ပယ်ဖျက် ပေးပါ့မယ်။ ဒါပေမဲ့လမ်း ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နား ထားတဲ့ ယာဉ်တွေကို ကရိန်းနဲ့ဆွဲ ပေးပါ့ မယ် ဟု ၎င်း က ပြောသည်။သင်္ကြန်ကာလအတွင်း လက်ရှိသတ် မှတ်ထားသော ယာဉ်မရပ်ရလမ်း (၆၇)လမ်း တွင် ရိန်းဖြင့် ဖမ်းဆီးအရေးယူခြင်းကို ရပ်နား ထားမည်ဖြစ်ပြီး သိမ်ဖြူ မီးပွိုင့်၊ ပါရမီလမ်းဆုံ၊ လှည်းတန်းအစ ရှိသ ည့် မြို့တွင်းအချက်အချာ ကျသော (၆) နေရာတွင် ကရိန်းများ အဆင်သင့်ထားရှိကာ ယာဉ်ကြော ပိတ် ဆို့ စေ မည့် ယာဉ်ရပ်တန့်မှုများကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း သိရ သည်။ အဲဒီ ကရိန်းနဲ့ ဆွဲခံရတဲ့ကားရဲ့ ပိုင်ရှင် ကိုတော့ အရေးယူမှာ မဟုတ်ပါဘူး။ ကရိန်း ဆွဲခပဲပေးရမာပါ။ အဓိကကတော့ ယာဉ်ကြော ပိတ်ဆို့မှု တွေ ဖြစ်မှာစိုးလို့ပါ””ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။

လာမည့် သင်္ကြန်ကာလအတွင်း ယာဉ် ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ၊ အရက် သေစာ သောက် စား မောင်းနှင်မှုများကို ယာဉ် ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ဖွဲ့အ၀င်အား အပြည့် ဖြင့် ရှင်းလင်းဆောင်ရွက် သွားမည် ဖြစ်ပြီး ညပိုင်းတွင်လည်း မူးယစ်မောင်းနှင်မှုများကို လည်း ပိတ်ဆို့စစ်ဆေးအရေးယူသွားမည်ဖြစ် ကြောင်း သိရ သည်။ မနှစ်က တပ်ဖွဲ့ဝင်တွေကို နှစ်ဆိုင်းခွဲ ပြီး အလှည်ကျတာဝန် ထမ်းဆောင်ခိုင်းပေ မယ့် ဒီနှစ်မှာ ကားတွေ ပိုများပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ စည်းကမ်းမဲ့ မောင်းနှင်မှုတွေ ပိုဖြစ်နိုင်တာကြောင့် အင်အားအပြည့်သုံးသွား မှာပါ””ဟု ဒုရဲမှူးကြီး လင်းထွဋ်က The Messenger သတင်းစာသို့ ပြောသည်။

ပြီးခဲ့သည့် သင်္ကြန် ကာလများ အတွင်း ရေပက်ကစားရာမှ ယာဉ်တိုက်မှုဖြစ်ပွားနှုန်း များမှာ ၂၀၁၁ ခု နှစ်တွင် ခြောက်မှု၊ သေဆုံး သူ သုံးဦး၊ ဒဏ်ရာရသူ (၁၄)ဦး၊ ၂၀၁၂ ခုနှစ် တွင် ခုနစ်မှု၊ သေဆုံးမှု မရှိဘဲ ဒဏ်ရာ ရရှိသူ (၅၀)ဦး၊ ၂၀၁၃ ခုနှစ်တွင် နှစ်မှု၊ သေဆုံးသူ တစ်ဦး၊ ဒဏ်ရာရရှိ သူ တစ်ဦးရှိခဲ့ကြောင်း အမှတ်(၂)ယာဉ် ထိန်း ရဲတပ် ဖွဲ့မှူးရုံး၏ ထုတ် ပြန်ချက်အရ သိရသည်။

Messenger News Journal

ရေကစားမဏ္ဍပ်စည်းကမ်း မလိုက်နာရင် ဒဏ်ငွေကောက်မည်




ယခုနှစ်သင်္ကြန်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မ တီမှ စည်းကမ်းကိုက်ညီမှုမရှိတဲ့ ရေကစားမဏ္ဍပ်တွေကို ဒဏ်ကြေးငွေကောက်ခံသွားမယ်လို့ သိရပါတယ်။
“သင်္ကြန်ရေကစားမဏ္ဍပ် ဆောက်လုပ်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ဖောက်ဖျက်ရင် ဒဏ်ငွေဆောင်ရမယ်၊ သတ်မှတ်ထားတဲ့ မဏ္ဍပ်နဲ့ ပုံစံကိုက်ညီမှု မရှိရင်၊ သတ်မှတ်အရွယ်အစားထက်ပို နေရင် ဒဏ်ငွေဆောင်ရမှာ” လို့ မဏ္ဍပ် နေ ရာချထားရေး ဆပ်ကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။
ရေပိုက်ယူမှု
သင်္ကြန်ရေကစားမဏ္ဍပ်တွေ ယာယီ ရေဆက်သွယ်ရာမှာ ကော်မတီပိုင်ရေကို ယူရင် တစ်လက်မပိုက်ကို ကျပ် တစ်သိန်း၊ တစ်လက်မခွဲပိုက်ကို ကျပ်နှစ်သိန်းနဲ့ နှစ် လက်မပိုက်ကို ကျပ်သုံးသိန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ကန်တော်ကြီး/ အင်းလျားကန်မှ ရေကိုယူရင် သုံးလက်မ တစ်လိုင်းကို ကျပ်သုံးသိန်း၊ လေးလက်မ တစ်လိုင်းကို ကျပ်ငါးသိန်းနဲ့ ခြောက်လက်မ တစ်လိုင်းကို ကျပ်ရှစ်သိန်းပေးဆောင်ရမှာ ဖြစ်ပါတယ်။
သင်္ကြန်ရေကစားမဏ္ဍပ်တွေမှ ယာယီ ရေယူမှုနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်နဲ့ ကွဲလွဲ မှုရှိပါက ခွင့်ပြုပိုက်အရွယ်အစားရဲ့ သုံးဆ ပေးဆောင်ရမှာဖြစ်ပြီး နောင်နှစ်တွေမှာလည်း နာမည်ပျက်စာရင်း ထည့်သွင်း အရေးယူခံရမှာ ဖြစ်ပါတယ်။
သင်္ကြန်ရေကစားမဏ္ဍပ်အမည်မတပ်ရင်
ခွင့်ပြုပေးထားတဲ့ သင်္ကြန်ရေကစား မဏ္ဍပ်နာမည်ကို သတ်မှတ်မျက်နှာစာမှာ တပ်ဆင်ခြင်းမရှိပါက ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်း၊ သတ်မှတ်စာလုံးအရွယ်အစား ကိုက်ညီမှုမရှိပါက ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ရေကစားမဏ္ဍပ်မှာ သတ်မှတ်ထားတဲ့ နောက်ခံကားချပ် အပြင်အဆင်နဲ့ မှတ်ပုံ တင်ထားတဲ့ ကုန်အမှတ်တံဆိပ် စတာတွေကို ဌာနက စိစစ်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရထားတဲ့ မဏ္ဍပ်အမည်ကို Myanmar 3 Font, size 504 နဲ့ ပေးပို့ရ မှာ ဖြစ်ပါတယ်။
ဒါ့အပြင် သင်္ကြန်မဏ္ဍပ်ရဲ့ ရှေ့နဖူးစီး vinyl sheet မှာ မဏ္ဍပ်တာဝန်ခံတွေရဲ့ နာမည်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ် စတာတွေကို မြင်သာတဲ့နေရာမှာ တပ်ဆင်ထားရမှာဖြစ်ပြီး သတ်မှတ်အရွယ်အစားအတိုင်း တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်း ပေးဆောင်ရမှာဖြစ်ပါတယ်။
မဏ္ဍပ်ဆောက်လုပ်မှုကို သင်္ကြန်အ ကြိုနေ့မတိုင်မီ ငါးရက်ခန့်အလိုမှာ တည်ဆောက်ပြီးစီးရမှာဖြစ်ပြီး ရေကစားမဏ္ဍပ် တွေကို နှစ်ဆန်း ၂ ရက်နေ့ နောက်ဆုံးထား အပြီးဖျက်သိမ်းပေးရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်ထက် ကျော်လွန်ပါက တစ် ရက်ကို ဒဏ်ကြေး ကျပ်သုံးသိန်း နေ့စဉ် ပေးဆောင်ရမှာဖြစ်ပြီး ငါးရက်ထက် ကျော်လွန်ပြီး မဖျက်သိမ်းခဲ့ပါက ပေးသွင်းထားတဲ့ စပေါ်ငွေအားလုံး ပေးဆောင်ရမှာဖြစ် ပါ တယ်။
ဒါ့အပြင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်တာကြောင့် လမ်းသား၊ စင်္ကြံနဲ့ ရေမြောင်း တွေ ပျက်စီးမှုဖြစ်ပေါ်ပါက ပျက်စီးမှုအတိုင်းအတာအလိုက် ကျသင့်တန်ဖိုးငွေကို စပေါ်ငွေမှ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)သို့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
မဏ္ဍပ်တွေ ဆောက်လုပ်ရာမှာ သစ်ပင်ကို မာခံပြုပြီး မဏ္ဍပ်တည်ဆောက်ခွင့်ပြုမှာမဟုတ်ဘဲ သစ်ပင်ရဲ့ အကိုင်းအခက်တွေ ဖြတ်တောက်ခုတ်ထွင်တာ ပြုလုပ်ပါက ဌာနက သတ်မှတ်ထားတဲ့ ဒဏ် ကြေးငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။ မဏ္ဍပ်ဆောက်လုပ်ရာမှာ သံတိုင်၊ သစ်၊ ဝါးတွေကို အပင်မှာကပ်ချည်တာ၊ အပင်နဲ့ တွဲပြီး သံရိုက်တာတွေ ပြုလုပ်ခွင့်မပြုဘူး လို့ သိရပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ယာဉ် ကြောရှင်းလင်းရေးလည်း ဆောင်ရွက် ပေးရမှာ ဖြစ်တယ်။
Author: ပြည့်ဖြိုးမြင့်မွန်

Kumudra

မူနှစ်ခုသာ လိုသော မြန်မာ


Written by  ဇေယျသူ
သယံဇာတနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသည် မူနှစ်မျိုးသာ ကျင့်သုံးရန် လိုသည်။
No နှင့် Yes။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာတို့ကို ပိုင်သထားသည်။ အခြားအခြားသော ဘူမိဗေဒ ပညာရှင်တို့သာ နားလည်ကျွမ်းဝင်သည့် သတ္တု ဒြပ်စင်တို့လည်း ကိန်းအောင်းနေသည်။ ရေသယံဇာတ၊ ကျွန်း၊ မြေကြီး တို့လည်း အားလုံး သိကြသည့်အတိုင်း။ ယနေ့ ဝင်လာမစဲ တသဲသဲသော၊ လာဆဲ လာမည့် လာလတ္တံ့သော နိုင်ငံခြား ပုဂ္ဂိုလ်အပေါင်းတို့က သဘာဝ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံဟု အသိအမှတ်ပြုကာ ထိုသယံဇာတ တို့ကို သွားရည်ကျကြခြင်းက မြန်မာနိုင်ငံ သယံဇာတ ပေါကြွယ်ဝကြောင်းကို သက်သေပြသည်။

ထိုသို့ သဘာဝ သယံဇာတ ပေါကြွယ်ဝသောကြောင့် မြန်မာနိုင်ငံကို အလားအလာ ကောင်းသော နိုင်ငံအဖြစ် ခေတ်အဆက်ဆက်တွင် အဆက်ဆက်သော ပညာရှင် မျိုးဆက်တို့က အလိုအလျောက် သတ်မှတ်ခဲ့ကြသည်။ သို့သော် “ထင်သာထင် မဝင်ဘူး ကျောင်းအမရေ” ဆိုသကဲ့သို့ပင် မြန်မာနိုင်ငံသည် မဖွံ့ဖြိုး မတိုးတက်ဘဲ အများနောက်တွင် ကျန်ရစ်သည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် သဘာဝ သယံဇာတကြောင့်ပင် မဖွံ့ဖြိုး မတိုးတက်လေရော့ သလားဟု ထင်စရာ ဖြစ်လာသည်။

သဘာဝ သယံဇာတ ပိုင်ဆိုင်သော နိုင်ငံသည် အမွေရလိုက်သော သားသမီးတို့နှင့် တူသည်။ မိဘအမွေကို အဆင်သင့် ရလိုက်သဖြင့် ကြိုးစားရန် မလို၊ ရလိုက်သည် တို့ကို သုံးရင်းဖြုန်းရင်း ကုန်သွားသည့်ပုံ။ သဘာဝ သယံဇာတ ကြွယ်ဝသော အာဖရိကနိုင်ငံ အများအပြား သည်လည်း နိုင်ငံမွဲ စာရင်းဝင်များ ဖြစ်ကုန်ကြသည်။ ထို့ကြောင့် သဘာဝ သယံဇာတ ကြွယ်သလောက် မွဲသော နိုင်ငံများကို သဘာဝ သယံဇာတ ကျိန်စာသင့်သော နိုင်ငံများဟူသော အယူအဆ ပေါ်လာသည်။

သဘာဝ သယံဇာတ ကင်းမဲ့သော ချို့တဲ့သော နိုင်ငံများကို တစ်ချိန်က သနားစရာများ အဖြစ် မြင်ခဲ့ကြသော်လည်း သူတို့ထဲမှ ထိပ်ရောက်လာသော နိုင်ငံများ ရှိလာသည်။ မြန်မာတို့ အနီးတစ်ဝိုက်မှ စင်ကာပူသည် သယံဇာတ ဆို၍ ရေကိုပင် မလေးရှားမှ တင်သွင်းရသော်လည်း ကြိုးစား ရုန်းကန်သဖြင့် အောင်မြင်လာခဲ့သည်။ မိမွေဖမွေ မရလိုက်သောကြောင့် ကိုယ့်အားကိုယ်ကိုး ရသော သားသမီးတို့ အားကုန်ထုတ်ရင်း ကြီးပွားလာသလိုပင် စင်ကာပူသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ ချည်းဖြစ်သော အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးပြီး နိုင်ငံအဆင့် ရောက်အောင် နှစ် ၃၀ လောက်နှင့် ချီတက်နိုင်ခဲ့သည်။ သဘာဝသယံဇာတ မွဲလေသမျှ လူသားသယံဇာတ ချမ်းသာအောင် အသိစိတ်ဖြင့် ကြိုးစားလာသော ကျွန်းနိုင်ငံငယ်လေး စင်ကာပူကို ကမ္ဘာအရပ်ရပ်က လေးစားရသည်။

ခပ်ဝေးဝေးသို့ လှမ်းကြည့်လိုက်လျှင် သဲကန္တာရတွင်းတွင် ရန်သူများ ဝိုင်းနေသော နိုင်ငံပိစိကွေး အစ္စရေး၊ နှင်းဖုံးတောင်တန်းများ ကြားမှ ကုန်းတွင်းပိတ် နိုင်ငံငယ် ဆွစ်ဇာလန် တို့သည်လည်း သဘာဝ သယံဇာတ မွဲသလောက် ထက်ထက်မြက်မြက် ရှိကြသည့် လူစွာ နိုင်ငံများ ဖြစ်သည်။ သူတို့ အောင်မြင်ရခြင်း လျှို့ဝှက်ချက်မှာ သဘာဝသယံဇာတ မရှိခြင်း ဖြစ်သည်။ မှီစရာ ခိုစရာ သဘာဝ သယံဇာတ မရှိသောကြောင့် ကိုယ့်အားကိုယ်ကိုးရန်မှ တစ်ပါး သူတို့တွင် ရွေးစရာ လမ်းမရှိရာမှ ယခုဘဝသို့ ရောက်ကြရခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် သူတို့လို အောင်မြင်လိုလျှင် သူတို့လို လိုက်လုပ်ရန် လိုသည်။ ထိုနည်းမှာ ရှိနေသော သဘာဝ သယံဇာတများကို မေ့ပစ်လိုက်ရန်၊ သဘာဝ သယံဇာတများ ကိုယ့်နိုင်ငံတွင် လုံးဝမရှိဟု ယူဆလိုက်ရန် ဖြစ်သည်။ လူသား သယံဇာတကိုသာ အပတ်တကုတ် ကြိုးစားမြှင့်တင်ရင်း အခွင့်အလမ်းကောင်း များကို ရှာဖွေတီထွင် ဖန်တီးခြင်းဖြင့် နိုင်ငံကို ထမ်းတင်ရန် ဖြစ်သည်။
အချုပ်ပြောရလျှင် သဘာဝ သယံဇာတများကို ငြင်းလိုက်ပါ။ အင်္ဂလိပ်လို “Say No to natural resources”။

သို့သော် နောက်တစ်မျိုး စဉ်းစားရန် လိုပါသည်။ သဘာဝ သယံဇာတများ ရှိခြင်းသည် အပြစ်မဟုတ်ပါ။ သဘာဝ သယံဇာတများ ရှိခြင်းသည် နိုင်ငံတိုင်း မရနိုင်သော ဆုလာဘ်ဖြစ်ပြီး သဘာဝ သယံဇာတ ကြွယ်ဝသော နိုင်ငံတိုင်း မွဲသည်မဟုတ်ကြောင်း အမေရိကန်၊ တရုတ်၊ ဘရာဇီး၊ ကနေဒါ၊ သြစတြေးလျတို့သည် ကမ္ဘာ့သဘာဝ သယံဇာတ အကြွယ်ဝဆုံး နိုင်ငံများ စာရင်းတွင် နံပါတ်တစ်မှ တစ်ဆယ်အတွင်း ဝင်သည်ကို ကြည့်လျှင် သိနိုင်သည်။ ကြိုးစားသည်ချင်း တူလျှင် မိဘအမွေ ရထားသူက အခွင့်အလမ်း ပိုသာစမြဲ။ သဘာဝ သယံဇာတသည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် သဘာဝ သယံဇာတကို အားအဖြစ် ယူပြီး ရှေ့သို့ မည်သို့ တက်လှမ်းရမည်ကို စနစ်တကျ မူဝါဒချမှတ် ဆောင်ရွက်သင့်သည်။

မြန်မာ့သဘာဝ ဓာတ်ငွေ့များကို ဈေးကောင်းကောင်း ရအောင် မည်သို့ ရောင်းချမည်၊ ရလာသော ငွေများကို မည်သည့် နေရာများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံမည်၊ ပြည်တွင်းတွင် သုံးမည် ဆိုကလည်း မည်သို့ ထိရောက်အောင် သုံးစွဲမည်၊ ကျောက်စိမ်း၊ ပတ္တမြားတို့ကို မည်သို့ တန်ဖိုးမြှင့်မည်၊ ဈေးကွက် မိမိထံ ရောက်အောင် မည်သို့ လုပ်ဆောင်မည်၊ သစ်ကို အလုံးလိုက် မရောင်းဘဲ ပရိဘောဂ၊ လူသုံးကုန် စသည်ဖြင့် မည်သို့ တန်ဖိုးမြှင့်မည်၊ မြေလွတ် မြေရိုင်းများကို မည်သို့ အသုံးချမည် စသော မေးခွန်းများကို စနစ်တကျ ဖြေဆိုသင့်ပါပြီ။ အချုပ်ပြောရလျှင် သဘာဝ သယံဇာတတို့၏ ပိုင်ရှင်ဖြစ်ကြောင်း လက်ခံကာ အခွင့်အလမ်းတို့ကို အကောင်းဆုံး အသုံးချရန် ဖြစ်သည်။
Say Yes to natural resources!

သို့သော် သစ်များကို နောင်တွင် အလုံးလိုက် တင်ပို့ရောင်းချခွင့် မရတော့မည် စိုးသောကြောင့် အလျင်စလို တင်ပို့နေသည် ဟူသော သတင်းမျိုးသည် No သင့်သည်ကို Yes လုပ်ခြင်း၊Yes သင့်သည်ကို No ဟန်ဆောင်နေခြင်း မျိုးသာ ဖြစ်သည့်အတွက် သဘာဝ သယံဇာတကို ယခုထက်ထိ အသုံးမချ တတ်သေးဟုသာ ဝမ်းနည်းဖွယ် ကောက်ချက် ဆွဲရပါမည်။ ကျောက်စိမ်း၊ မြေလွတ်မြေရိုင်း၊ ရေ၊ လေ စသော ကိစ္စများကိုလည်း အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ရန် အားနည်း နေပါသေးသည်။

သဘာဝ သယံဇာတနှင့် ပတ်သက်လျှင် Yes နှင့် No သာ လိုပါသည်။

The Voice

ပျောက်ဆုံးလျက်ရှိသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်အား မြန်မာ့တပ်မတော်(ရေ)စစ်ရေယာဉ် ၃ စီးဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ



နေပြည်တော် မတ် ၁၅

မတ်လ (၇)ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်သို့ ပျံသန်းထွက်ခွာစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့သော မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်အား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် (၃)စီးဖြင့် ကပ္ပလီပင်လယ်ပြင် မြန်မာ့သီးသန့် စီးပွားရေးဇုန်အတွင်း၌ မလေးရှားနိုင်ငံရေတပ်၊ အိန္ဒိယနိုင်ငံရေတပ် တို့နှင့် ဆက်သွယ် ညှိနှိုင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မတ်(၁၅)ရက်မှ စတင် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

Ref : MOI Webportal Myanmar
Yangon Media Group


ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ ဆက်သွယ်ရေး စနစ်တွေကို ခြေရာခံလို့မရအောင် လေယာဉ်ပေါ်က တစ်စုံတစ်ယောက်က ရည်ရွယ်ချက်နဲ့ ပိတ်ပစ်ခဲ့တယ်လို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။




ထပ်မံသိရှိရတဲ့ ဂြိုဟ်တုနဲ့ ရေဒါ အချက်အလက်တွေ အရ လေယာဉ်ဟာ ခြေရာပျောက်သွားပြီးနောက်မှာ လမ်းကြောင်းပြောင်းလိုက်ပြီး နောက်ထပ် ၇ နာရီလောက် ဆက်လက် ပျံသန်းနေခဲ့တယ်လို့ သူက ပြောပါတယ်။

လေယာဉ်ဟာ ထွက်ခွာပြီး တစ်နာရီလောက်အထိ အရှေ့ဘက် တောင်တရုတ်ပင်လယ်ကို ဦးတည် ပျံသန်းနေခဲ့ပြီးမှ ဗီယက်နမ် လေပိုင်နက်နဲ့ မလေးရှား လေပိုင်နက် စပ်ကြား အရောက်မှာ လေယာဉ်ကို ခြေရာခံနိုင်တဲ့ transponder ကို တစ်စုံတစ်ယောက်က ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်သုံး ရေဒါက တွေ့ရှိချက်အရ အဲဒီနောက်မှာ မလေးရှားဘက် ပြန်လှည့်ခဲ့ပြီး တစ်ခါ အနောက်မြောက်ဘက်ကို ဦးတည် ပျံသန်းနေခဲ့ရာမှာ ၇ နာရီလောက် အကြာမှာတော့ ဂြိုဟ်တုတစ်လုံးက လေယာဉ်ဆီက အချက်ပြမှုကို တစ်ကြိမ် ဖမ်းယူရရှိခဲ့ပါတယ်။

အဲဒီ ဂြိုဟ်တုဟာ လေယာဉ်ရဲ့ နောက်ဆုံးတည်နေရာ အတိအကျကို မပြောနိုင်ပေမယ့် ကာဇက်စတန်ကနေ ထိုင်းနိုင်ငံမြောက်ပိုင်း အထိ မြောက်ဘက်လမ်းကြောင်း၊ သို့မဟုတ် အင်ဒိုနီးရှားကနေ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်းမှာ ရှိနေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခု အချက်အလက်သစ်တွေအရ လေယာဉ်ပျောက် ရှာဖွေသူတွေအနေနဲ့ လိုက်ပါသွားတဲ့ ခရီးသည်တွေကို ပစ်မှတ်ထားပြီး ရှာဖွေဖို့ ဖြစ်လာပြီလို့ မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။

တစ်ခါ လေယာဉ်ဟာ ပြန်ပေးဆွဲခံရတာပါလား ဆိုတဲ့ မေးမြန်းချက်ကိုတော့ အတည်မပြုနိုင်သေးပါဘူးလို့သာ သူက ဖြေကြားသွားပါတယ်။

BBC Burmese

အခုပဲ မလေးရှား ၀န်ကြီးချူပ်က MH370 ပျောက်ဆုံးမှုနဲ့ ပါတ်သက်ပြီး ကွာလမ်လမ်ပူမှာ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။




အဲ့ဒီမှာ ၀န်ကြီးချူပ် Najib Razak ရှင်းရှင်းလင်းလင်း ပြောတာက "MH370 ဘိုးရင်း 777 လေယာဉ်ဟာ သွေးအေးအေးနဲ့ စနစ်တကျ အကွက်ချ စီစဉ် ပြန်ပေးဆွဲခံရတာ" လို့ ဆိုပါတယ်။... ပြန်ပေးဆွဲသူတွေဟာ ဆက်သွယ်ရေး ကိရိယာ အားလုံးကို ပိတ်ပစ်လိုက်ပြီး မလေးရှားနိုင်ငံဖက် နောက်ပြန်လှည့်ကာ အိန္ဒိယသမုဒ္ဒရာဖက်ကို ပျံသွားတာလို့ ဆိုပါတယ်။.... ဒါ့ကြောင့်

တောင်တရုတ်ပင်လယ်ပြင်အတွင်း ရှာဖွေမှုတွေကို ရပ်ဆိုင်းတော့မှာ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာကို တိုးချဲ့ ရှာဖွေမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ကာဇစ္စတန်၊ တာမင်နစ္စတန် နိုင်ငံတွေမှာပါ တိုးချဲ့ ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၄ နိုင်ငံ။ သင်္ဘောပေါင်း ၄၀၊ လေယာဉ်ပေါင်း ၅၈ စင်း နဲ့ ရှာဖွေမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်..

သူပြောသွားတာကတော့ "အရာအားလုံး ဖြစ်နိုင်သေးတယ်" ဆိုတာပါပဲ..____________________________
မလေးရှား ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အရ လေယာဉ်ပြန်ပေးဆွဲခံရတာ သေချာ

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး ဂြိုလ်တုရတဲ့ အချက် အလက်တွေအရ လေယာဉ်လှုပ်ရှားမှုဟာ လေယာဉ်ပေါ်မှာပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား ဝန်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။

ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ မလေးရှား ဝန်ကြီးချုပ်၊ ဓာတ်ပုံ- the Straits Times
ပျောက်ဆုံးနေတဲ့ MH 370 ဘိုရင်း လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို အလုပ်မလုပ်အောင် သေချာ ပိတ်ပင်ထားတာဟာ အလွန်သေချာပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လေယာဉ်ပေါ်က တစုံ တယောက်ဟာ တမင်တကာ ဆက်သွယ်ရေး ခလုပ်တွေကို ပိတ်ပစ်ခဲ့တယ်လို့ သူက ရရှိထားတဲ့ အချက်
အလက်တွေကို ကိုးကားပြီး အခိုင်အမာပြောတာပါ။

ဒါဟာ လေယာဉ်ပြန်ပေးဆွဲတယ်
လို့ ဒီမနက်က အမည်မဖော်လိုသူ မလေးရှား အရာရှိတဦးရဲ့ ပြောဆိုချက် ကို ထပ်လောင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။

လေယာဉ်ဟာ မူလ လမ်းကြောင်းဖြစ်တဲ့ မလေးရှား အရှေ့ဘက်ကမ်း ပီကင်းကို ဦးတည်ခဲ့ရာက အဆက် အသွယ်ပြတ်တောက်သွားတာမို့ အခုဆို လေယာဉ်ဟာ ထိုင်းပင်လယ်ကွေ့၊ အိန္ဒိယသမုဒ္ဒရာ၊ အက်ဒမန် ပင်လယ်တွေမှာ အဓိက ထား ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့ဖက်ကမ်းမှာ ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို ရပ်ဆိုင်း လိုက်ပြီ လို့ လည်း မလေးရှားဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီအပြင် အခုထိ လေယာဉ်နဲ့ပတ်သက်ပြီး ပျောက်ဆုံးနေဆဲအဖြစ်သတ်မှတ်ထားပြီး အခုအခါ လေယာဉ်
ပေါ် မှာ ပါသွားတဲ့ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအပေါ် အာရုံစိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က
ပြောပါတယ်။

လေယာဉ်ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပြီးသတင်းထောက်တွေရဲ့ မေးခွန်းမေးဖို့ အခွင့်အရေး မရခဲ့ပဲ မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲကို အဆုံးသတ်သွားပါတယ်။(Zaw Lwin Win&Arakan News Now)
ပုဂံအွန်လိုင်းမီဒီယာ