ယူကရိန်း အကျပ်အတည်းအတွက် သံတမန်ရေးရာ အဖြေရှာရန် မျှော်လင့်ချက် ရှိသေးကြောင်း အိုဘားမားဆို

ပို့စ်တင်ချိန် - 3/15/2014 12:40:00 PM


မတ်လ ၁၅။

ယူကရိန်း အကျပ်အတည်းမှာ အရေးပါသော ရက်သတ္တပတ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် သံတမန်ရေးရာ နည်းလမ်းအရ ဖြေရှင်းရန် မျှော်လင့်လျက် ရှိသေးကြောင်း အမေရိကန် သမ္မတ ဘားရတ်အိုဘားမားမှ ပြောဆိုခဲ့သည်။

အိမ်ဖြူတော်ရှိ ဘဲဥပုံ ရုံးခန်းတွင် အိုင်းရစ်ရှ် ဝန်ကြီးချုပ် အန်ဒါကန်နီနှင့် တွေ့ဆုံလျက် ရှိသော အိုဘားမားမှ ရုရှားအနေဖြင့် တောင်ပိုင်း ရုရှားအနီးရှိ ခရိုင်းမီးယား ဒေသကို ဆုတ်ကိုင်ထားမှုကို ဖြေလျော့ခြင်း မပြုလျှင် နောက်ဆက်တွဲ အကျိုးသက်ရောက်မှု များကို ခံစားရမည်ဖြစ်ကြောင်း သတင်းထောက်များအား အကြိမ်ကြိမ် အခါခါ ပြောဆိုသွားခဲ့သည်။

ခရိုင်းမီးယားမှ ရုရှား လိုလားသော ပါလီမန်သည် ဒေသအနေဖြင့် ရုရှားနှင့် ပေါင်းစည်းရန် သင့်၊ မသင့်ကို တနင်္ဂနွေနေ့တွင် လူထု မဲဆန္ဒခံယူပွဲ ကျင်းပပြီး ဆုံးဖြတ်သွားမည် ဖြစ်သည်။

“ သံတမန်ရေးရာ ဖြေရှင်းချက်ကို တွေ့ရှိဖို့ ကျွန်တော်တို့ ဆက်လက်ပြီး မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာနဲ့ ပတ်သက်လာရင် အမေရိကန်နဲ့ ဥရောပဟာ အတူတကွ ရင်ဆိုင်ကြမှာပါ။ တကယ်လို့ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်သွားမယ်ဆိုရင် အကျိုးဆက်တွေကို ခံစားသွားစေရမှာပါ ” ဟု အိုဘားမားမှ ပြောဆိုခဲ့သည်။

လန်ဒန်တွင် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီးလာရို့ဗ်နှင့် တွေ့ဆုံလျက် ရှိသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ပြောဆိုသကဲ့သို့ပင် အိုဘားမားမှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရုရှား အနေဖြင့် ယူကရိန်း၏ အရှေ့တောင်ပိုင်း ဒေသများကို ကျူးကျော်သွားရန် ဆန္ဒမရှိကြောင်း၊ ယူကရိန်းနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများတွင် ဘုံ သဘောထား အမြင် မရှိကြောင်း နာရီ အနည်းငယ်ကြာအောင် ပြောဆိုဆွေးနွေးပြီးနောက်တွင် မစ္စတာ လာရို့ဗ်မှ ပြောကြားသွားသည်။

REF: Reuters
The Myanma Age