Digicel အပါအ၀င် စင်ကာပူအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီသုံးခုက လိုင်စင်ရ တယ်လီနော၊ အူရီဒူး ကုမ္ပဏီတို့ဖြင့် ပူးပေါင်းကာ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု လုပ်ငန်းများ လုပ်ကိုင်မည်

ပို့စ်တင်ချိန် - 3/15/2014 11:44:00 AM


(ဆက်သွယ်ရေးလိုင်စင်ရ တယ်လီနောကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲတစ်ခုအား တွေ့ရစဉ်)

Digicel အပါအ၀င် စင်ကာပူအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီသုံးခုက လိုင်စင်ရ တယ်လီနော၊ အော်ရီဒူး ကုမ္ပဏီနှစ်ခုဖြင့် ပူးပေါင်းကာ မြန်မာ့ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု လုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားခဲ့ရာ မတ် ၃ ရက်တွင် ကော်မရှင်က ပြုလုပ်သည့် ၈/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ကိုင်ခွင့်ပြန်လည် ချထားပေးခဲ့ခြင်းဖြစ်ပြီး လုပ်ကိုင်မည့် ကုမ္ပဏီ အမည်များမှာ Myanmar Fiber Optic Communication Network Co.,Ltd၊ Digicel Myanmar Tower Co.,Ltd နှင့် Apollo Towers Myanmar Limited တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသုံးခုသည် ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု လုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး Digicel အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နိုင်ရန် ကုမ္ပဏီမှတ်ပုံတင်ခွင့်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရရှိထားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ဆွေးနွေးမှုများ ပြုလုပ်စဉ်က 4G မိုဘိုင်းကွန်ရက်ကို အကောင်အထည်ဖော်မည်ဟု ပြောကြားထားသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီနှင့် ကာတာနိုင်ငံအခြေစိုက် အော်ရီဒူး ကုမ္ပဏီတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် လိုင်စင်ပေးအပ် ခဲ့ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်ခြင်း မရှိသည့် ပြည်ပနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီအချို့မှ လိုင်စင်ရ ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ လုပ်ငန်းလုပ်ကိုင်ရန် စီစဉ်မှုများလည်း ရှိသည်။

အာရှ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် စင်ကာပူအခြေစိုက် Sing Tel (Singpore Telecommunications Limited) ကုမ္ပဏီမှလည်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခွင့်ကို ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်ခွင့်ပြုချက် ရယူထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး အဆိုပါကုမ္ပဏီသုံးခုမှ ရင်းနှီးမြှုပ်နှံငွေများ ထပ်မံဝင်ရောက်လာပါက နှစ်ဘီလျံနီးပါးသို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

Eleven Media Group