တရုတ်တွင် ဖြစ်ပွားနေသည့် H7N9 ကြက်ငှက်တုပ်ကွေး မကူးစက်ရန် ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 3/15/2014 12:09:00 AM


မန္တလေး၊ မတ် ၁၃

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ဖြစ်ပွားနေပြီး ကူးစက်ရန် လွယ်ကူသည့် လူကို သေစေနိုင်သော H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပြည်တွင်းသို့ ကူးစက်မှု မရှိစေရေးအတွက် အဓိက ဖြတ်သန်း သွားလာရာ နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီးတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ပူးပေါင်းကာ စာရင်းကောက်ခြင်း၊ ရောဂါပိုး စစ်ဆေးခြင်းနှင့် အသိပညာပေး သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ပြောကြားသည်။

နယ်စပ် လမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းသို့ တရုတ်နိုင်ငံမှ ကြက်သားပေါက်များ တရားမဝင် ဝင်ရောက်မှု ရှိနေသဖြင့် အဆိုပါ ကြက်သားပေါက်မှ တစ်ဆင့် H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (မန္တလေး) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က ပြောကြားသည်။
“ပြည်တွင်းမှာ ဒီရောဂါပိုး ဖြစ်နေပြီလား ဆိုတာတော့ တရားဝင် ထွက်မလာသေးတဲ့အတွက် ပြောလို့မရသေးပါဘူး။ ကြက်အရောင်းအဝယ် လုပ်တဲ့ နေရာတွေကနေလည်း ကူးစက်နိုင်လို့ သတိထားသင့်တယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင်း ငါးမြို့နယ်ရှိ တိရစ္ဆာန်ကု ဆရာဝန်များ၊ ကြက်မွေးမြူရေး လုပ်ငန်းရှင်များကို အဆိုပါ ရောဂါပိုးနှင့် ပတ်သက်၍ FAO က ဧပြီလမှစတင်ကာ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာကျော်ထင်က ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြင်ဦးလွင်၊ မတ္တရာ၊ အမရပူရ၊ စဥ့်ကိုင်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ယင်းရောဂါဆိုင်ရာ သင်တန်းများ ပေးသွားမည့်အပြင် ရောဂါပိုး စစ်နိုင်သည့် စက်ကိုလည်း FAO က ကူညီပေးမည် ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်သန်းက ထပ်မံဆိုသည်။

H7N9 ရောဂါပိုးမှာ ကြက်များတွင် ဖြစ်ပွားလျှင် ကြက်သေသော်လည်း H7N9 ရောဂါပိုးမှာ ကြက်များတွင် ဖြစ်ပွားပါက သေစေနိုင်ခြင်း မရှိသော်လည်း ရောဂါပိုးပါသော ကြက်ကို စားမိပါက လူကိုသေစေနိုင်ကြောင်း ဒေါက်တာ ကျော်ထင်က အသိပေး ပြောကြားသည်။

“ကြက်ကို ကျက်အောင် ချက်စားဖို့ လိုပါတယ်။ ကျက်အောင်ချက်ရင်တော့ မကူးနိုင်ဘူး။ ဒါပေမဲ့ ကြက်မွေးမြူတဲ့သူတွေ ကြက်ကိုင်တွယ် နေတဲ့သူတွေ တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုစိုက်ဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး ရောဂါပိုးနှင့် ပတ်သက်၍ အများပြည်သူကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice Weekly