တိုက်ပွဲများ လျှော့ချရေး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ဆက်ဆံရေး ရုံးများ သုံးလတစ်ကြိမ် တွေ့ဆုံမည်

ပို့စ်တင်ချိန် - 3/15/2014 12:58:00 PM


ရန်ကုန်၊ မတ် ၁၄

ရှမ်းပြည်နယ် အတွင်းရှိ တိုက်ပွဲများ လျှော့ချရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေး ရုံးများ သုံးလတစ်ကြိမ် တွေ့ဆုံရန် နှစ်ဖက် သဘောတူညီမှု ရရှိကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုများ ရှိနေသောကြောင့် တောင်ကြီးမြို့တွင် မတ်လ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တိုင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခြောက်ဖွဲ့မှ ဆက်ဆံရေးရုံး တာဝန်ခံများ တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာတွင် တပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ဖြစ်ပွားခြင်းသည် နှစ်ဖက် သတင်းအချက်အလက် ဖလှယ်မှု အားနည်းခြင်းကြောင့်ဟု သုံးသပ်ပြီး နှစ်ဖက် အဖွဲ့အစည်းများက သုံးလတစ်ကြိမ် တွေ့ဆုံရန် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းဦးက ဆိုသည်။

“လျှော့ချဖို့ ဆိုတာထက် ထပ်မဖြစ်အောင် ဘယ်လို လုပ်နိုင်မလဲ ဆိုတာကို ဆွေးနွေးတာပါ။ နောက်ပြီး တပ်ပိုင်းဆိုင်ရာ ရွှေ့ပြောင်းရေး ကိုတော့ ထပ်ပြီး ညှိနှိုင်းရမှာပါ” ဟု ၎င်းကဆိုသည်။

မတ်လဆန်းပိုင်းတွင် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အချို့တွင် အစိုးနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိတွေ့မှုများ ဖြစ်ပွားခဲ့ခြင်းမှာ အစိုးရဘက်မှ နယ်မြေ ရှင်းလင်းခြင်း မဟုတ်ဘဲ တပ်အပြောင်းအရွှေ့ လမ်းကြောင်းများ ကြိုတင် ချိတ်ဆက်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ သတင်းအချက်အလက် ဆက်သွယ်ရေးကို ပိုမို မြန်ဆန်စေမည့် နည်းလမ်းများကို ပူးပေါင်း ညှိနှိုင်းသွားရန် လိုအပ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) မှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

အဆိုပါ နှစ်ရက်တိုင် ပြုလုပ်သော တွေဆုံညှိနှိုင်းပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/SSA)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA)၊ မိုင်းလား လက်နက်ကိုင်တပ်ဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့မှ ကိုယ်စားလှယ်များနှင့် ပြည်နယ်အစိုးရ၊ တပ်ပိုင်းဆိုင်ရာ အရာရှိများ၊ မြန်မာငြိမ်းချမ်းရေး စင်တာမှ အရာရှိများ တက်ရောက် ဆွေးနွေးခဲ့သည်။

The Voice Weekly