ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ရှာဖွေမှု ဒုတိယမြောက် အပတ်တွင်းသို့ ဝင်ရောက်လာ

ပို့စ်တင်ချိန် - 3/15/2014 12:41:00 PM


မတ်လ ၁၅။

လူပေါင်း ၂၃၉ ယောက် ပါဝင်သည့် မလေးရှား လေကြောင်းအမှတ် MH 370 ပျောက်ဆုံးသွားသည်မှ တစ်ပတ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း တွေ့ရှိရခြင်း မရှိသေးဘဲ ကြီးမားသည့် နိုင်ငံတကာ ပူးပေါင်း ရှာဖွေမှု အဖွဲ့မှ ဆက်လက် ကြိုးစား ရှာဖွေလျက် ရှိသည်။

ယခု အချိန်များတွင် မလေးရှား ကျွန်းဆွယ် အနောက်ပိုင်း၌ ရှာဖွေမှုများကို ပိုမို အာရုံစိုက် ပြုလုပ်လျက် ရှိသည်။

ဘင်္ဂလား ပင်လယ်အော်နှင့် အိန္ဒိယ သမုဒ္ဒရာ အစိတ်အပိုင်းများတွင် ရှာဖွေရန်အတွက် ရေတပ်မှ သဘောင်္တစ်စင်းနှင့် ထောက်လှမ်းရေး လေယာဉ်များကို အမေရိကန်မှ စေလွှတ်ထားခဲ့သည်။

လေယာဉ်သည် ပျောက်ဆုံးသွားပြီးနောက် အနည်းဆုံး ငါးနာရီခန့် ဆက်လက် ပျံသန်းနေဖွယ် ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ ရေဒါ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သော်လည်း လေယာဉ်မှ အလိုအလျောက် သတင်း အချက်အလက်များကို ဂြိုလ်တုသို့ ဆက်လက် ပေးပို့လျက် ရှိကြောင်း သိရှိရသောကြောင့် ဖြစ်သည်။ လေယာဉ်နှင့် လေကြောင်း ထိန်းသိမ်းရေး နောက်ဆုံး အဆက်အသွယ် ရရှိမှုမှာ မလေးရှား အရှေ့ပိုင်း တောင်တရုတ်ပင်လယ်တွင် ပျံသန်းနေစဉ် ဖြစ်သည်။

လေယာဉ်ပေါ်တွင် ပါရှိသော ဂြိုလ်တု စံနစ်ကို ဆောင်ရွက်ခဲ့သည့် လန်ဒန် အခြေစိုက် တယ်လီကွန်မြူကေးရှင်း ကုမ္ပဏီ Inmarsat မှ လေယာဉ်အမှတ် MH370 ၏ အလိုအလျောက် ထုတ်လွှင့်ခဲ့သော အချက်ပြမှုများကို ပျောက်ဆုံးသွားသည်ဟု သတင်းပို့ပြီးနောက် ငါးနာရီခန့် ကြာအောင် ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းအချက်ပြမှုများသည် လေယာဉ်အနေဖြင့် မပျက်စီးပဲ အကောင်းအတိုင်း တည်ရှိနေမှသာ ထုတ်လွှင့်နိုင်မည် ဖြစ်ခြင်းကြောင့် ယခု အချိန်၌ ရှာဖွေရေး အဖွဲ့များသည် အိန္ဒိယ သမုဒ္ဒရာအတွင်း အာရုံစိုက် ရှာဖွေနေကြခြင်း ဖြစ်သည်။ လေယာဉ်ကို ရေဒါပေါ်တွင် တွေ့ရှိရပြီးနောက် မိုင်ပေါင်း တစ်ထောင်ကျော်ကို ဆက်လက် ပျံသန်းခဲ့သည်ဟု ဦးဆောင် ရှာဖွေသူများမှ ယုံကြည်လျက် ရှိကြသည်။

သတင်း အချက်အလက်သစ်ကြောင့် အမေရိကန် အနေဖြင့် အိန္ဒိယ သမုဒ္ဒရာတွင် ရှာဖွေမှုများကို အာရုံစိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးက ပြောဆိုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောဆိုသွားခြင်း မရှိပေ။

မလေးရှား အစိုးရမှ အကူအညီ တောင်းခံမှုကြောင့် အိန္ဒိယ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်များမှာလည်း ဝင်ရောက် ကူညီ ရှာဖွေလျက် ရှိသည်။ အိန္ဒိယ ရေယာဉ် ခြောက်စီးနှင့် လေယာဉ် ငါးစီးတို့သည် အန်ဒမန် ပင်လယ်အတွင်းတွင် ပျောက်ဆုံးနေသော လေယာဉ်ကို လိုက်လံ ရှာဖွေလျက် ရှိကြောင်း အိန္ဒိယ ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒီကေ ရှာမားမှ သောကြာနေ့က ပြောဆိုခဲ့သည်။

နောက်ဆုံး ရရှိသော သတင်းများကို အမေရိကန်မှ အထူး အလေးပေး  လုပ်ဆောင်လျှက် ရှိကြောင်း ကွာလာလမ်ပူရှိ BBC သတင်းထောက် ဂျော်နသန်ဟတ်ဒ်မှ ပြောဆိုသွားသည်။ သို့ရာတွင် မှားယွင်းသော သတင်း အချက်အလက်များစွာ ပေါ်ထွက်ခဲ့ခြင်းကြောင့် သတိထား ဆောင်ရွက်သွားရန်လည်း သတိပေး ပြောဆိုခဲ့သည်။

REF: BBC
The Myanma Age