လူသတ်မူ သံသယဖြင့် ဒုချီးရားတန်းရွာမှ ဘင်္ဂလီ ၈ ဦးကို တရားစွဲ

ပို့စ်တင်ချိန် - 3/15/2014 12:43:00 PM



(နိရဉ္စရာ- ၁၅ မတ်လ ၂၀၁၄) / တင့်ဆွေမောင်

ဖမ်းဆီးထိန်းခံထားရသည့် ဘင်္ဂလီ လူမျိုး ၁၆ ဦး အထဲမှ ၈ ဦးမှာ တပ်ကြပ်ကြီး အောင်ကျော်သိန်းအား သတ်ဖြတ်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူများဟု ရဲတပ်ဖွဲ့ က သံသယ ရှိသဖြင့် ယခုလ ၁၁ ရက်နေ့က ရုံးတင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

“ ဒုချီးရားတန်း ဖြစ်စဉ်နဲ့ ဆက်စပ် ဖမ်းဆီးထားတာက ၁၆ ဦးပါ။ ဒီအထဲက ၈ ဦးက တပ်ကြပ် အောင်ကျော်သိန်းကို သတ်ဖြတ်ရာမှာ ပါဝင်နိုင်သူတွေလို့ သံသယရှိတဲ့ အတွက် ဒီလ ၁၁ ရက်နေ့မှာ ရုံးတင် တရား စွဲဆိုခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

၎င်းတို့ (၈) ဦးမှာ ဒုချီးရားတန်တောင်ရွာမှ ရှောင်ရှင်ရှူးအာလောင် (ဘ) ဘော်ဒီ အာလောင်၊ ဒုချီးရာတန်း အလယ်ရွာမှ ဇာဟိတာလောင် (ဘ) အာလီမာမတ်၊ ဒုချီးရားတန်းတောင်ရွာမှ  ရှောင်ရှူးအာလောင်(ဘ) ဒွီလာ၊ ဒုချီးရားတန်းအလယ်ရွာမှ မူစတာကာမာ (ဘ)ဘာလီဟူဆိန်း၊ ဒုချီးရားတန်အလယ်ရွာမှ ရို့မာလီ(ဘ) ဟာလူ၊ ဒုချီးရားတန်းမြောက်ရွာမှ မာမက်ရော်ဖီ(ဘ) ဇာမာလူဒိန်၊ ဒုချီးရားတန်းအလယ်ရွာမှ  ဟာမက်အူဒိန်(ဘ) နေဇာအူဒိန်၊ ဒူးချီးရားတန်းအလယ်ရွာမှ  ခေါ်ဘီမူလာ(ဘ) နေဇာအူဒိန် တို့ ဖြစ်ကြသည်။

“ သူတို့ပါဝင်တယ်ဆိုတာကို ဘယ်လို သိသလဲဆိုရင် မျက်မြင် သက်သေတွေနဲ့ စစ်ဆေးချက်တွေ အရ သိရတာ ဖြစ်တယ်။ အခု တရားစွဲပြီးဆိုတော့ သူတို့ကို ရုံးတင်တဲ့အခါ ပိုမို ပြည့်ပြည့်စုံစုံ သိရမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းဦးဆောင်သော ကင်းလှည့်တပ်ဖွဲ့တစ်ခုသည် ဒုချီရားတန်း အလယ်ရွာ အရောက်တွင် ဘင်္ဂလီကျေးရွာသားများ၏ ၀ိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး တပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ယင်းအချိန်မှ စပြီး ပျောက်ဆုံးနေခဲ့သည်။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ သွေးစွန်းနေသော ယူနီဖောင်းနှင့် အဝတ်အစားများကို ၎င်းကျေးရွာမှ ပြန်လည် တွေ့ရှိခဲ့သော်လည်း လက်နက်နှင့် အတူ ဦးအောင်ကျော်သိန်းမှာ ယနေ့ထိ ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက တပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ သေဆုံးသွားပြီဟု ခန့်မှန်းထားကြသည်။

Narinjara