ထားဝယ်စီမံကိန်းမှ ရေကာတာ တည်ဆောက်ရန် စီစဉ်နေသည့် ကလုံးထားချောင်းတွင် ဒေသခံများစုပေါင်း၍ နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကျင်းပ

ပို့စ်တင်ချိန် - 3/15/2014 11:46:00 AM


(တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံးထားကျေးရွာနံဘေး ကလုံးထားချောင်းတွင် ဒေသခံများစုပေါင်း၍ နိုင်ငံတကာမြစ်ချောင်းများနေ့ အခမ်းအနားကို မတ် ၁၄ ရက် နံနက်က ကျင်းပစဉ် (ဓာတ်ပုံ- ဖြိုးဇင်(ထားဝယ်)))

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့ နယ်ရှိ ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းမှ ရေကာတာ တည်ဆောက်ရန် စီစဉ်လျက်ရှိသော ကလုံးထားကျေးရွာတွင် မတ် ၁၄ ရက် နံနက်က နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို ရွာနံဘေးရှိ ကလုံးထားချောင်း အတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီတွင် ရေကာတာ တည်ဆောက်ရန် စီစဉ်လျက်ရှိသည့် ကလုံးထာချောင်းအတွင်း ရေကာတာ တည်ဆောက်ပါက ရေနစ်မြုပ်မည့် ဒေသခံကျေးရွာများနှင့် အနီးရှိကျေးရွာများမှ ဒေသခံများ၊ ထားဝယ် တိုင်းရင်းသားများပါတီ၊ NLD ပါတီ(ထားဝယ်မြို့နယ်)မှ ကိုယ်စားလှယ်များ၊ ထားဝယ်ဖွံ့ ဖြိုးရေးအဖွဲ့ (DDA) နှင့် ဒသခံလူမှု အဖွဲ့အစည်းများမှ တက်ရောက်သူဦးရေ ၅၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

"ဒီဒေသအတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေကို အကြောင်းမကြားဘဲနဲ့ တောမီးရှို့ခွင့်မပြုဘူး။ ချောင်းအတွင်းမှာ တားမြစ်ထားတဲ့ ငါးဖမ်းနည်းတွေဖြစ်တဲ့ ယမ်းခွဲတာ၊ လျှပ်စစ်ရှော့ရိုက်တာနဲ့ ဆေးခတ်ပြီး ငါးဖမ်းတာကို လုံးဝခွင့်မပြုဘူး။ ဒီချောင်းအတွင်းမှာ ထားဝယ်စီမံကိန်းက ရေကာတာ ဆောက်ဖို့လုပ်ရင် တစ်ရွာလုံးရေ မြှုပ်ခံရပါလိမ့်မယ်။ ၁၉၉၄ ခုနှစ်လောက်တုန်းက ဒီဘက်ဒေသမှာ သဘာဝဘေးကြုံခဲ့ရပြီး မြေပြို၊ တောင်ပြိုတာတွေ ဖြစ်ခဲ့ဖူးတယ်။ ဒီတော့ ဒီရေကာတာ ဆောက်ပြီးရင် ဒီလိုဘေးတွေ မကြုံရဘူးလို့ မပြောနိုင်ဘူး။ ကြုံလာခဲ့ရင် ရေကာတာ ကျိုးပေါက်ပြီး အောက်ဘက်ကရွာတွေ ရေနစ်သေကုန်မှာပါ။ ဒီတော့ဒီချောင်းကို ထိန်းသိမ်းဖို့ အားလုံးတာဝန်ရှိပါတယ်" ဟု တလိုင်းယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကံမြင့်က ဆိုသည်။

လက်ရှိအခြေအနေအရ ရေကာတာ တည်ဆောက်မှုကို ဒေသခံများ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားသော်လည်း စီမံကိန်း လမ်းဖောက်လုပ်မှုများကြောင့် လမ်းပေါ်မှမြေသားများ ချောင်းအတွင်းသို့ ကျဆင်းခဲ့သဖြင့် ချောင်းရေညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

"မြစ်ချောင်းလို့ ပြောလိုက်တိုင်း ရေစီးနေတာ မဟုတ်ပါဘူး။ မြန်မာပြည်အလယ်ပိုင်း ဒေသမှာ မိုးရွာရင် ရေတွေဒလဟောစီးပြီး မိုးမရွာရင်ရေမရှိတဲ့ ချောင်းတွေအများကြီးပါ။ အဲဒါဘာလို့လဲဆိုတော့ ချောင်းတစ်လျှောက်မှာရှိတဲ့ ရေဝေရေလဲ ဒေသတွေကို မထိန်းသိမ်းတာနဲ့ သစ်ပင်တွေမရှိလို့ပါ။ ချောင်းဆိုတာမျိုးက အခုလိုရေအမြဲ စီးဆင်းနေဖို့အတွက် ၀ိုင်းဝန်းစောင့်ရှောက်ဖို့ လိုပါတယ်" ဟု တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်း စီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။

အခမ်းအနားတွင် တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးမှ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ ၀ိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။ ကလုံးထားရွာမှာ ထားဝယ်မြို့မှ ၁၆ မိုင်ခန့်အကွာ ထားဝယ်-ရေး လမ်းမကြီးနံဘေးမှ အတွင်းသို့ ခြောက်မိုင်ခန့် သွားရောက်ရပြီး သာယာလှပသော ရေတံခွန်နှင့် သဘာဝပတ်ဝန်းကျင် အနေအထားများရှိသော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group