ထိုင်းဘုရင် ဥဒုမ္ဗရမဟာထေရ စေတီတော် ဌာပနာပိတ်ပွဲ MCDC အကြောင်းကြားစာကြောင့် ဖျက်သိမ်း

ပို့စ်တင်ချိန် - 3/15/2014 05:04:00 PM


မန္တလေး၊ မတ် ၁၄

မြန်မာပြည်ရောက် ထိုင်းသုံ့ပန်းများ တည်ထားသည်ဆိုသော ထိုင်းဘုရင် အထိမ်းအမှတ် ဒုမ္ဗရမဟာထေရ စေတီတော် ဌာပနာပိတ်ပွဲကို မတ်လ ၁၅ ရက်နေ့တွင် ကျင်းပရန် လျာထားသော်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ၏ အကြောင်းကြားစာကြောင့် ယင်းဌာပနာ ပိတ်ပွဲကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ရကြောင်း ရေသဖန်းပွင့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အသင်းဝင် ဦးလင်းလင်းက ပြောကြားသည်။

MCDC က မြန်မာ-ထိုင်းချစ်ကြည်ရေး အသင်းသို့ မတ်လ ၁၀ ရက်နေ့က ပေးပို့သည့် အကြောင်းကြားစာတွင် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက် လင်းဇင်းကုန်းတွင် Mahathera King UDUMBARA memorial monument and historica ဆောက်လုပ်ရန် တင်ပြထားသည့် ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ညှိနှိုင်း ဆောင်ရွက်နေသဖြင့် အသင်းက လက်ရှိဆောင်ရွက်နေသည့် အဆောက်အအုံများ အားလုံးကို အမြန်ဆုံး ဖျက်သိမ်းသွားရန် အကြောင်းကြား လာကြောင်း၊ ယင်းကြောင့် ဌာပနာပိတ်ပွဲအတွက် သင်္ချိုင်းဝန်းကျင်တွင် ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖျက်သိမ်းခြင်းနှင့် ဌာပနာပိတ်ပွဲ အတွက် ကြွရောက်လာမည့် မြန်မာ-ထိုင်း ခေါင်းဆောင်များကို အချိန်မီ အကြောင်းကြားခြင်း အပါအဝင် ပိတ်ပွဲ အစီအစဉ်ပါ ဖိတ်စာများကို လိုက်လံ သိမ်းဆည်းနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းဌာပနာပိတ်ပွဲတွင် လှူဒါန်းမည့် ဆင်းတုတော်နှင့် လှူဖွယ်ပစ္စည်းများကို ထိုင်း ဘုရင့်စေတီတော်ဟု ယူဆရသည့် စေတီရှေ့တွင် ခင်းကျင်း ပူဇော်ခံထားရှိမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“စည်ပင် အကြောင်းကြားစာမှာ ဌာပနာ ပိတ်ပွဲဖျက်သိမ်းဖို့ မပါဝင်ပါဘူး။ လက်ရှိ ဆောက်နေတဲ့ အဆောက်အအုံ အားလုံး ပါဝင်တယ်။ ဒီလို အကြောင်းကြားခြင်းဟာ ဌာပနာပိတ်ပွဲ မလုပ်နဲ့လို့ ပြောတာနဲ့ အတူတူပါပဲ” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက လင်းဇင်းကုန်း ကိစ္စနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားစာပေါ် မူတည်ပြီး ထိုင်းနိုင်ငံရှိ Royal Treasure ခေါ် ထိုင်းဘုရင့် ဘဏ္ဍာထိန်း အစည်းအဝေးတွင် တင်ပြရန် ရေသဖန်းပွင့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အသင်းဝင်တစ်ဦး ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း လက်ရှိတွင် အဆောက်အအုံများကို ဖျက်သိမ်းကာ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ သိမ်းဆည်းနေကြောင်း ယင်းအသင်း တာဝန်ရှိသူများက ပြောကြားသည်။

အမရပူရမြို့နယ် လင်းဇင်းကုန်းကိစ္စနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် MCDC က မတ်လ ၁၀ ရက်နေ့ ရက်စွဲ စာအမှတ် ၁၀၀၁/၉/ အယလ၃၈၉ ဖြင့် ရေသဖန်းပွင့် ထိုင်း-မြန်မာ ကြည်ချစ်ရေး အသင်းဥက္ကဋ္ဌထံသို့ အကြောင်းကြား ခဲ့သည်မှာ မှန်ကန်ကြောင်း MCDC ဥက္ကဋ္ဌရုံးက အတည်ပြု ပြောကြားသည်။

အဆိုပါ လင်းဇင်းကုန်း ကိစ္စနှင့် ပတ်သက်၍ MCDC က အကြောင်းကြားသည်ဟု အဆိုပါ တူးဖော်ရေး လုပ်ငန်းခွင် တာဝန်ခံ၏ အကြောင်းကြားချက်အရ သိရပြီး ခရီးသွားနေ၍ မည်သည့် မှတ်ချက်မှ ပေးရန် မရှိကြောင်း လင်းဇင်းကုန်း တူးဖော်ရေး ဆောင်ရွက်နေသည့် ရှေးဟောင်း သုတေသီ ဦးဝင်းမောင်က ဆိုသည်။

ထိုင်းဘုရင် သင်္ချိုင်းဟု ယူဆရသည့် လင်းဇင်းကုန်း တူးဖော်မှု တစ်နှစ်ပြည့် အခမ်းအနားသို့ ကြွဖူးပါကြောင်း၊ တူးဖော်ရေး နေရာများသည် ရှေးဟောင်းနေရာ ဖြစ်သဖြင့် မြို့နယ်အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်သောကြောင့် တူးဖော်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း အမရပူရမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးအဂ္ဂက မိန့်ကြားသည်။

ရေသဖန်းပွင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့ကို အဖွဲ့ဝင်ဆယ့် နှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၃ ခုနှစ်၌စတင်၍ ထိုင်းဘုရင် ဥဒုမ္ဗရမဟာထေရ သင်္ချိုင်းဟု ယူဆရသည့် နေရာကို စတင်တူးဖော်ခဲ့ရာ မန္တလေးမြို့ခံ စာရေးဆရာ ဆရာဝန် ဒေါက်တာ တင်မောင်ကြည်က ယင်းနေရာသည် ထိုင်းဘုရင် သင်္ချိုင်းနေရာ မဟုတ်ကြောင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် Silapakorn University တွင် စာတမ်းဖတ်ကြား ခဲ့သည်ဟု ရေသဖန်းပွင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly