ဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်ပစ္စည်း ၂၁ မျိုးကို FDA က စစ်ဆေးရာ ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ကိုးမျိုးတွင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ

ပို့စ်တင်ချိန် - 3/15/2014 11:59:00 AM

(ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား တွေ့ရစဉ်)

ဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်ပစ္စည်း ၂၁ မျိုးကို အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က ဈေးကွက်ကောက် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ကိုးမျိုးတွင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အလှကုန်ပစ္စည်းကိုးမျိုးမှာ Ornets(Thailand) Co.,Ltd မှထုတ်လုပ်သည့် Mellano-Cream No.1(7g)၊ Mellano-Night Cream No.2(7g)၊ Mellano-Facial Nourishing Cream No.3(7g) နှင့် ထိုင်းနိုင်ငံထုတ်ဟု ပါရှိသည့် Polla Gold-Super White Perfects Cream(10g)၊ Polla-Anti-Melasma Cream(New Night Cream)(5g) နှင့် Nineteen Nano 19-Whitening Nano Night Repair Cream နှင့် Jiao Nuo Cosmetics ကုမ္ပဏီမှ ထုတ်လုပ်သည့် Baschi-Day Cream(Whitening Cream)(5ml)၊ Baschi-Night Cream(Whitening Cream)(5ml) တို့ဖြစ်ကြောင်း သိရသည်။

ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အလှကုန်ပစ္စည်း ကိုးမျိုးမှာ FDA တွင် မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသဖြင့် သုံးစွဲရန် မသင့်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) အနေဖြင့်လည်း ၂၀၁၁ ခုနှစ်အတွင်း၌ ASEAN Cosmetic Directive အရ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများ အနေဖြင့် FDA သို့ လာရောက်၍ မှတ်တမ်း (Notification) ပြုလုပ်ရန်ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း အချို့တံဆိပ်များမှာ မှတ်တမ်းတင်ထားပြီး မှတ်တမ်းမတင်ထားသည့် အလှကုန် တံဆိပ်များလည်း ဈေးကွက်အတွင်း ရောင်းချမှုရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုဘဲ တင်ပို့တင်သွင်းခွင့်ပြုသည့် အမိန့်ကြော်ငြာစာ အမှတ် ၁၆/၂၀၁၃ ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာတွင် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရန် မလိုသည့် စာရင်းတွင် ပို့ကုန်ပစ္စည်း ၁၅၂ မျိုးနှင့် သွင်းကုန်ပစ္စည်း ၁၆၆ မျိုးပါဝင်ပြီး တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန် မလိုအပ်သည့် ကုန်စည်စာရင်း အမှတ်စဉ် ၃၆ တွင် အလှကုန်ပစ္စည်းမျိုးစုံဟု ဖော်ပြပါရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ တင်သွင်းရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများ အားလုံးမှာ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထောက်ခံချက်လုံးဝ မရှိကြောင်း သိရသည်။

Eleven Media Group