နောင်တ

ပို့စ်တင်ချိန် - 3/15/2014 12:58:00 PM


       နောင်တဆိုတာ ပြန်ပြင်လို့မရတဲ့ အရာတစ်ခုပါ။ လုပ်သင့်တာကို မလုပ်မိခဲ့လို့ နောင်တရတယ်။ မလုပ်သင့်တာကို လုပ်မိခဲ့လို့လည်း နောင်တရတယ်။ နောင်တရနေတဲ့သူရဲ့ ရင်ထဲမှာ ပူလောင်မှုတွေ၊ ၀မ်းနည်းမူတွေ၊ စိုးရိမ်မူတွေ ဖြစ်ပေါ်နေတယ်။ အရမ်းကို ခံရခတ်ပါတယ်။ အထူးသဖြင့် အသက်ရှင်စဉ်မှာ ကုသိုလ်မေ့လျော့နေခဲ့တဲ့သူ၊ အကုသိုလ်တွေကို မြိန်ရေရှက်ရည်နဲ့ ပြုလုပ်ခဲ့တဲ့သူဟာ သေခါနီးမှာ နောင် တရတယ်။ နောက်ဘ၀မှာလဲ နောင်တရတယ်။
       
       ဘုရားလက်ထက်က သူဌေးသားလေးယောက်ဟာ ကုသိုလ်ကို မေ့၊ အကုသိုလ်တွေ တစ်ခုခုပြီး တစ်ခု မွေ့လျှော်ခဲ့လို့ နောင်တကို ရင်မှာပိုက် ငရဲမှာ ဆက်တိုက်ခံနေရတယ်။ အသိဟာ နောက်ကျ သွားပါပြီ။ ကိုယ်လုပ်တဲ့ကံရဲ့အကျိုးကို ခံစားဖို့ကလွဲလို့ အခြားမရှိ။ ဒါကြောင့် သက်ရှိလူသား အားလုံး အသိရှိတုန်းမှာ နောင်တရမယ့်အလုပ်ကို မလုပ်ကြပါနဲ့။

        ရှေးအခါက ဇနသန္ဓမင်းဆိုတာရှိခဲ့တယ်။ ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့ အတွက် ထောင်တံခါးတွေ ဟင်းလင်း ဖွင့်ထားရတယ်။ အမှုအခင်းမရှိလို့ တရားရုံးတွေ ပိတ်ထားရတယ်။ ၁၅ ရက် ဥပုသ်နေ့တိုင်း ဥပုသ်ဆောက်တည်ပြီး မင်းရင်ပြင်မှာ တိုင်းသူပြည်သားတွေကို နောင်တဆယ်မျိုး မဖြစ်ရအောင် ကုသိုလ်တရားတွေ မမေ့ဖို့ အမြဲဆုံးမပါတယ်။ လူတွေဟာလည်း သူတော်ကောင်းမင်းရဲ့ စကားနားထောင်လို့ ကုသိုလ်တွေပြုကြတယ်။ သေတော့ နတ်ရွာသုဂတိလားကြရတယ်။

        နောင်တဆယ်မျိုးကတော့......
၁။ အချိန်ရှိခိုက် ငယ်ရွယ်စဉ်မှာ ပညာမသင်ခဲ့မိလေခြင်း၊
၂။ ဥစ္စာမစုဆောင်းမိခဲ့လေခြင်း၊
၃။ သူတစ်ပါးရဲ့ အချစ်ကို ဖျက်ဆီးခဲ့မိလေခြင်း၊
၎။ သူတစ်ပါးအသက်ကို သတ်ခဲ့မိလေခြင်း၊
၅။ သူတစ်ပါးသားမယားကို ပြစ်မှားခဲ့မိလေခြင်း၊
၆။ ဥစ္စာပစ္စည်းရှိလျှက် မလှူမိခဲ့လေခြင်း၊
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း၊
၈။ မိဘကို မလုပ်ကျွေးခဲ့မိလေခြင်း၊
၉။ ပညာရှိထံနည်းခံ၍ မသင်ကြားခဲ့မိလေခြင်း၊
၁၀။ မြတ်သောအကျင့်ကို မကျင့်ခဲ့မိလေခြင်းတို့ပဲ ဖြစ်ပါတယ်။

အားလုံးပဲ နောင်တဆယ်မျိုးမှ ကင်းဝေးကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ