ပျောက်နေသော တောင်ယာစိုက်ခင်း ရှင်းသူနှစ်ဦး လက်ပြန်ကြိုးတုတ်လျက် အသတ်ခံရ

ပို့စ်တင်ချိန် - 3/15/2014 10:19:00 AM


မြစ်ကြီးနား ၊ ၁၄-၃-၂၀၁၄

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက်(၁)နေ ဦးလဗျန် (ခ) ဂျေရဲ နှင့် ဦးလေး တော်စပ်သူ ဦးဘောမ်တိန့် တို့ နှစ်ဦးသည် ဝိုင်းမော်မြို့နယ် တော်လန်းယန် ကျေးရွာ တောင်ယာခင်း တွင် ဒညင်းပင် နှင့် ရေမနေပင် များ စိုက်ပျိုး ထားရှိ၍ ပေါင်းမြက် ကိုင်းများ ရှင်းလင်းရန် နှင့် တောင်ယာတဲ ဆောက်လုပ်ရန် မတ် ၃ ရက် နံနက် ၁ဝ နာရီတွင် လိုင်းကားဖြင့် ထွက်ခွာ သွားခဲ့ပြီး ဦးလဗျန် ၏ ဇနီးဖြစ်သူ ဒေါ်ခေါန်နော က ဆိုင်ကယ်ဖြင့် နောက်မှ လိုက်ကာ တောင်ယာသို့ မွန်းလွဲ ၁ နာရီ တွင် ရောက်ရှိ၍ ခင်ပွန်းနှင့် ဦးလေး ဖြစ်သူအား တောင်ယာ ရှင်းရမည့် နေရာ နှင့် တဲဆောက် လုပ်မည့် နေရာများအား သတ်မှတ် ပေးခဲ့ပြီး မတ် ၈ ရက်နေ့တွင် ဝိုင်းမော် နေအိမ်သို့ ပြန်လာရန် မှာကြားကာ လမ်းခွဲ ခဲ့ကြကြောင်း သိရသည်။

သို့သော်လည်း သတ်မှတ်ရက် တွင် ပြန်ရောက် လာခြင်း မရှိ၍ မတ် ၁ဝ ရက်နေ့တွင် တောင်ယာသို့ လိုက်သွားပြီး ရှာဖွေခဲ့ သော်လည်း မတွေ့ရှိ သဖြင့် မတ် ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ဆွေမျိုးများ နှင့် ထပ်မံ သွားရောက် ရှာဖွေရာ တောင်ယာတဲ ၏ အရှေ့ဘက် တစ်ဖာလုံခန့် အကွာ လျှိုမြှောင်ထဲ၌ ၄င်းတို့ နှစ်ဦးစလုံး လက်ပြန် ကြိုးတုတ်လျက် လည်ပင်း ပြတ်ရှ ဒဏ်ရာများနှင့် သေဆုံး နေကြောင်း တွေ့ရှိခဲ့ ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ခေါန်နော မှ တရားလိုပြု တိုင်ကြားရာ လူသတ်မှု ကျူးလွန်သူအား အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီး ရမိရေး ဆဒုံး မြို့နယ်ခွဲ နယ်မြေ ရဲစခန်းမှ (ပ) ၅/၂ဝ၁၄ ၊ ပုဒ်မ ၃ဝ၂ အရ အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း သိရှိရသည်။

Themyawadydaily