G.T.I ကျောင်းအဆောက်အဦးများနှင့် လွတ်ကင်းနေသော လယ်မြေများ ပြန်လည်လုပ်စားပိုင်ခွင့်ပေးရန် မူလလယ်သမားများ တောင်းဆို

ပို့စ်တင်ချိန် - 3/15/2014 03:36:00 PM


ယခင်စက်မှုလက်မှု အထက်တန်းကျောင်း ယခု G.T.I ကျောင်း အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် လယ်သမား ၁၃ဦး၏ လယ်ဧက ၆၀အား သိမ်းဆည်ခဲ့ရာ ယခု ကျောင်းအဆောက်အဦးများနှင့် လွတ်ကင်းနေ သော သိမ်းဆည်းခံ လယ်ယာမြေများအား ပြန်လည်လုပ်စားခွင့်ပေးရန် ဧရာဝတီတိုင်းဒေသကြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးစန်းမောင်အား မူလလယ်ပိုင်ရှင်များက တောင်းဆိုလိုက်သည်။

လယ်သမား ဦးမြသန်းက “၁၉၈၄ ဝန်းကျင်က စက်မှုလက်မှု အထက်တန်းကျောင်း ဆောက်ရန်အတွက် ကျွန်တော်တို့ လယ်မြေတွေကို သိမ်းခဲ့တယ် ပြီးတော့ စက်မှုလက်မှု အထက်တန်းကျောင်း ဖွင့်လှစ်ခဲ့တယ် ဒီကာလတစ်လျောက်လုံးမှာ အဆောက်အအုံများမှအပ ကျန်လယ်ယာမြေများကို ကျွန်တော်တို့ လယ်သမား အားလုံး လုပ်ပိုင်ခွင့်ရခဲ့တယ် ရရှိတဲ့အလျောက် လယ်သမားများ အားလုံးကလည်း နိုင်ငံတော်ကို တာဝန်ကျေစပါးများ ပေးဆောင်ခဲ့ပါတယ် စက်မှုလက်မှု အထက်တန်းကျောင်းမှ G.T.I ကျောင်းဆိုပြီးတော့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တဲ့ အချိန်မှာစပြီး လယ်ယာမြေ ပိုင်ဆိုင်သည့် လယ်သမား အားလုံး မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေများကို လုပ်စားခွင့်ဆုံးရှုံးခဲ့ပါတယ် ဒါကြောင့် လယ်သမားများ မိသားစုအားလုံး အလုပ်လက်မဲ့ ဘဝဖြင့် ယနေ့အထိ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန် စားသောက်နေရပါတယ်။ ကျွန်တော်တို့ လယ်မြေတွေကို အပိုင်မပေးချင်နေပါ လုပ်စားကိုင်ခွင့်တော့ ပေးပါလို့ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးစန်းမောင်ကို တောင်းဆိုရခြင်းဖြစ်ပါတယ်”ဟုပြောသည်။

ဝါးခယ်မမြို့၊စက်မှုလက်မှု အထက်တန်းကျောင်းကို (၁၉၈၄)ခုနှစ် ဝန်းကျင်ခန့်က ဆောက်လုပ်ရေး အဖွဲ့မှာ စတင်ဆောက်လုပ်ခဲ့ပြီး စတင် ဆောက်လုပ်စဉ်တွင် အဆောက်အဦးအတွက် လယ်မြေဧက(၃၀)ဝန်းကျင်ကို သိမ်းယူ၍ ဆောက်လုပ်ခဲ့သည်။

ယင်းနောက်(၁၉၉၀)ဝန်ကျင်နောက်ပိုင်း အဆောက်အဦးနှင့်ဆက်စပ်လျှက်ရှိသော လယ်ဧက(၃၀)ဝန်ကျင်ကို ထပ်မံသိမ်းဆည်ခဲ့ပြီး စက်မှုလက်မှုအထက်တန်းကျောင်းဖွင့်လှစ်ခဲ့သည့် ကာလတစ်လျှောက် ပိုလျှံနေသော လယ်မြေများကို မူလပိုင်ရှင် လယ်သမားအားလုံးသည် နိုင်ငံတော်မှ သတ်မှတ်ထားသည့် မြေခွန်နှင့် တာဝန်ကျေ စပါးများကို ထမ်းဆောင်ရသည့်အပြင် ၎င်းကျောင်းသို့လည်း တစ်ဧကလျှင် စပါး(၅)တင်းကို သီးစားခ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

၎င်းနောက် စက်မှုလက်မှုအထက်တန်းကျောင်းမှ G.T.I ကျောင်းသို့ (၂၀၀၀)ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ချိန်မှစ၍ ယင်းလယ်သမားများသည် လုပ်ကိုင်ခွင့်ဆုံးရှုံးခဲ့ပြီး တခြား လယ်သမားများကို တစ်နှစ်လျှင် စပါးတင်းရေ(၄၅၀)တင်း နှုန်းဖြင့် ငှားယမ်းချစားနေကြောင်း ဦးမြသန်းကပြောသည်။

ယင်းဖြစ်ရပ်များကို ဧရာဝတီတိုင်းဒေသကြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးစန်းမောင်အား သိမ်းဆည်ခံလယ်သမား ၁၃ဦးက တင်ပြလျှောက်ထားခဲ့ရာ(၁၁.၁၀.၂၀၁၃)ရက်က မူလလုပ်ကိုင်ခဲ့သော လယ်သမားများအား ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် စာပြန်ပို့ပေးခဲ့ကြောင်းသိရသည်။

၂၆.၁၀.၂၀၁၃ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးသန်းမှ လျှောက်ထားခဲ့သော လယ်သမား(၁၃)ဦးအား သံလျက်စွန်း စမ္မရိပ်သာ ကျောင်းတွင်တွေ့ဆုံကာ မိုးစပါးရိတ်သိမ်းပြီးသည်အထိ စောင့်ရန်နှင့် ဆောင်းရာသီအမီ ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဟု ပြောခဲ့ပြီး ယခုအချိန်ထိ လုပ်ကိုင်ခွင့် မရသေးကြောင်း ဦးမြသန်းကပြောသည်။

ယင်းအစည်းအဝေး တွင် မြို့နယ်လုပ်ချုပ်ရေးမှူး ဦးအေးသန်းနှင့်အတူ မြို့နယ်မြေစာရင်းဌာနမှ ဦးတင်ရွှေ (G.T.I)ကျောင်းအုပ် ဦးမင်းမင်းထွန်း၊ စီမံကိန်းဦးစီးမှူး ဦးတင်ဝင်း၊ မြိ့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ကိုဝင်ထွန်း၊ ကျေးရွာအုပ်ချုပ်ရေး မှူးစာရေး မသန္တာဆွေကျော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းတို့လည်း ပါဝင်ကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanma Age