ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် အခွန်နှုန်း လျှော့ချခြင်းကြောင့် Special Power ဖြင့် ရောင်းဝယ်ခြင်း လျော့ကျနိုင်ဟုဆို

ပို့စ်တင်ချိန် - 3/15/2014 05:04:00 PM


ရန်ကုန်၊ မတ် ၁၄

ပြည်ထောင်စုလွှတ်တော်က ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (အိမ်၊ ခြံ၊ မြေ အခွန်) နှုန်းထားများ လျှော့ချ သတ်မှတ်လိုက်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်း Special Power (အထူးကိုယ်စားလှယ် လွှဲစာ) ဖြင့် ရောင်းဝယ်ခြင်းများ လျော့ကျနိုင်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ သိရသည်။

“Special Power က သုံးပုံနှစ်ပုံလောက်ထိ လျော့ကျသွားမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဈေးကစားသူတွေနဲ့ ဝယ်ရောင်းတွေကတော့ ဒီလိုပဲ အရောင်းအဝယ် ပြုလုပ်နေတာကြောင့်ပါ” ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင် (MRESA) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထားများ လျှော့ချလိုက်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ တိုးတက်ပြီး ဈေးနှုန်း တည်ငြိမ်သွားဖွယ် ရှိကြောင်း ၎င်းကဆိုသည်။

“ကောင်းတာကတော့ အရောင်းအဝယ်ပိုင်းပေါ့။ အခွန် လျှော့လိုက်တော့ အရောင်းအဝယ်တွေ ကောင်းလာမှာပါ။ မကောင်းတာကတော့ မရောင်းဘဲ ဈေးကိုင်ထားမယ့်သူတွေ များလာမှာပါ” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ဆိုသည်။

ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက မတ်လ ၆ ရက်နေ့တွင် ပြည်သူလူထု၏ သဘောတရား များကို သိရှိလိုသည့် အတွက် အသင်းအဖွဲ့ ကိုယ်စားလှယ်များကို ဖိတ်ခေါ်၍ ဝင်ငွေခွန်နှင့် အကောက်ခွန် ကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်သင့်ကြောင်း အကြံပြုတင်ပြ ဆွေးနွေးစေကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၁ ရက်နေ့တွင် ဝင်ငွေခွန် ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအရ “ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေ” ဆိုသည့် စကားရပ်အစား “စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်” ဟု ပြင်ဆင်ခဲ့ပြီး ယင်းသို့ ကင်းလွတ်နေပါက အခွန်ဆောင်ရမည့် နှုန်းထားများမှာ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိ အခွန်ငွေ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိကို အခွန် ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း ၃၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံကာ တံဆိပ်ခေါင်းခွန် နှုန်းထားမှာ ၃ ရာခိုင်နှုန်း သတ်မှတ်ကြောင်း အတည်ပြုလိုက်သည်။

ယခင် စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန် (ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန်) နှုန်းထားမှာ ၃၀ ရခိုင်နှုန်းကို ဝင်ငွေခွန် ပေးဆောင်ခဲ့ရပြီး ၇ ရာခိုင်နှုန်းကို တံဆိပ်ခေါင်းခွန် အဖြစ် ပေးဆောင်ရကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

The Voice Weekly