ဖရဲစိုက်ရန် လယ်မြေများ ငှားရမ်းပါက လယ်မြေများပျက်စီးနိုင်သဖြင့် တောင်သူများ ဂရုပြုသင့်

ပို့စ်တင်ချိန် - 3/15/2014 12:41:00 PM


ကျောက်မဲ၊ မတ်လ ၁၅။

ကျောက်မဲမြို့နယ်အတွင်း တရုတ်လုပ်ငန်းရှင်များမှ လယ်ယာမြေများငှားရမ်း၍ ဖရဲစိုက်ပျိုးမှုများ လုပ်ကိုင်လာလျက် ရှိနေရာ မြေသြဇာနှင့်ဓာတ်မြေသြဇာသုံးစွဲမှု များပြားသဖြင့် ရေရှည်တွင် လယ်ယာမြေများ ပျက်စီးနိုင်၍ ငှားရမ်းမည့် တောင်သူများအနေဖြင့် ဂရုပြုသင့်ကြောင်း ကျောက်မဲမြို့ တောင်သူအချို့ထံမှ သတင်းရရှိသည်။

“ပိုးသတ်ဆေး၊ ဟိုမုန်းဆေးတွေကို သူတို့ရဲ့ ဖရဲတစ်ရာသီအတွက် သီးနှံအောင်ဖို့ဆိုပြီး တအားသုံးတယ်၊ ဒီလိုသုံးတဲ့ နေရာမှာ တောင်သူအကျိုးပြုအင်းဆက်တွေဖြစ်တဲ့ တီကောင်၊ မြေထိုးပိုးလိုမျိုး မြေဖွပေးတတ်တဲ့ မြင်နိုင်တဲ့ အင်းဆက်တွေ ရှိသလို မမြင်နိုင်တဲ့ တောင်သူအကျိုးပြု အင်းဆက်တွေလည်း နလန်မထူနိုင်ဘူးဆိုရင် ရေရှည်မှာ
မြေဆီလွှာခမ်းခြောက်ပြီး လယ်မြေတွေပျက်စီးနိုင်ပါတယ်” ဟု ကျောက်မဲမြို့၊ ဗူးခါးကျေးရွာမှ တောင်သူ ဦးခင်မောင်ညွှန့်ကပြောသည်။

လက်ရှိတွင် ကျောက်မဲဒေသအတွင်း တရုတ်လုပ်ငန်းရှင်များက လယ်မြေတစ်ဧကလျှင် ကျပ်သုံးသိန်းကျော် ဈေးပေးငှားရမ်း၍ ဧက (၅၀၀) အထိ ဖရဲစိုက်ပျိုးနေပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှ အလုပ်သမားများအား ခေါ်ယူအသုံးပြုနေကြောင်း ပိုးသတ်ဆေးဖျော်စပ်မှုအတွက် တရုတ်လုပ်ငန်းရှင်များကသာ ဖျော်စပ်ပေးပြီး
ဆေးဖျန်းချိန်တွင် မြန်မာအလုပ်သမားများအား ဆေးဖျန်းရာတွင် အသုံးပြုရမည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုစေရန် ညွှန်ကြားမှုအားနည်းကြောင်း ဖရဲစိုက်ပျိုးပြီးမြေမှာ နောင်အချိန်တွင် မြေဆီဆုံးရှုံးမှု ခံရနိုင်သဖြင့် လယ်ယာမြေများငှားရမ်းပေးမည့် တောင်သူများအနေဖြင့် မငှားရမ်းမီ သေချာစဉ်းစား သုံးသပ်ရန်လိုကြောင်း ကျောက်မဲမြို့တောင်သူအချို့က သုံးသပ်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age