လက်မများကို ဖြတ်ပါ၊ မျက်နှာများကို ဖတ်ပါ

ပို့စ်တင်ချိန် - 3/15/2014 10:07:00 PM


ဖိုးထက်
မတ်လ ၁၅၊ ၂၀၁၄

ကိုတိုးနိုင် အခုတစ်လော အလိုလိုနေရင်း စိတ်တွေ တိုနေသည်။ သူ့ကျန်းမာရေးကလဲ ဒီနှစ်ပိုင်းအတွင်း တစ်ရှောင် ရှောင်။ ပေပေတေတေ အစား အချိန်မှန်မစား၊ ရေတောင် ကောင်းကောင်းမသောက်ဘဲ အလုပ်ဇောကပ်ပြီဆိုလျှင် ၂၄ နာရီမက ၄၈နာရီ လုပ်ရ လုပ်ရ သူ့ အမျိုး အလုပ်ကို လုပ်နေသလို အလုပ် လုပ်သူဆိုတော့ သူ့ကျန်းမာရေးက ချူချာသည်။ ကျောက်ကပ်နာသည်။ ဗိုက်အောင့်သည်။ မျက်စိနာသည်။ ကျောအောင့်သည်။ ပါးစပ်ထဲက အစိမ်းရည်တွေအံသည်။ ကြာတော့ သူ့မန်နေဂျာကိုယ်တိုင်က “မင်း ငါပြောတာကို နားထောင်မလား၊ အလုပ်ထွက်မလား၊ အခု အလုပ်ကိုရပ် အိမ်ကို ပြန်နား” လို့ ပြောရလောက်အောင် အလုပ်ကြိုးစားတာလား၊ သက်သက်မဲ့ပေကပ် လုပ်နေသလား မသိရလောက်အောင် အလုပ် လုပ်လွန်းလှသည်။

တကယ်တော့ ကိုတိုးနိုင်သူ့အကြောင်း သူသာ အသိဆုံး။ အလုပ်ကို သက်သက်မဲ့ စိတ်နှစ်လုပ်နေခြင်း ဖြစ်သည်။ ခေါင်းထဲကို အလုပ်က လွဲလို့ တစ်ခြားအရာတွေ ရောက်မလာအောင် နေ နေခြင်းဖြစ်သည်။ သူ့ခေါင်းထဲကို ရောက်မလာစေချင်တဲ့ အကြောင်းအရာတွေထဲမှာ သူ့ကောင်မလေး အကြောင်းပါသည်။ အသဲကွဲသမားကြီး တိုးနိုင်လို့ ပြောရအောင်လဲ သူ့ကောင်မလေးက သူ့ကို ပြစ်သွားပြီး နောက် ယောင်္ကျားနောက် ကောက်ကောက်ပါအောင် လိုက်သွားတာလဲ မဟုတ်။ ဒီလိုဆို ဘာဖြစ်သလဲ…

ကိုတိုးနိုင် အသက်က မငယ်တော့။ လူပျိုကြီး စာရင်းဝင်ပြီ။ အရင်ကတော့ ရည်းစားသနာ ထားဘူးသည်။ သူကိုယ်တိုင်လဲ ယူဖို့ ရည်ရွယ်သည်။ ဒါပေမယ့် ဖူးစာဆိုတာ ပြောရခက်သလို “မိန်းမဆိုတာ ဆောင်းလေပမာညီ အတွင်းသဘော ဘယ်မညီ ပြောင်းလဲတတ်သည်” ဆိုသည့် သီချင်းစာသားကို နှစ်သက်သူလဲ ဖြစ်သည်။ သူကံမကောင်းတာလဲ ပါသည်။ ဗုဒ္ဓဘာသာ အလိုအရ အရင်ဘ၀က ငါသူများ သားမယား ပြစ်မှားမိလို့ အခုဘ၀ ကောင်းကောင်းကန်းကန်း မိန်းမတွေနဲ့ မတွေ့ရတာဟု ခဏ ခဏ ပြောတတ်သည်။ ဒီလို ပြောလို့ သူ့ဘ၀မှာ မကောင်းမကန်း မိန်းမတွေ၊ ဗရုတ်သုတ်ခ မိန်းမတွေနဲ့ တွေ့ခဲ့တာတော့ မဟုတ်။

တစ်ခုတော့ ပြောစရာရှိသည်။ ကိုတိုးနိုင်က အူတိုသည်။ သ၀န်တိုသည်။ အတော်အသင့်ဆို တော်သေးသည်။ တစ်ခါတစ်ရံ လွန်လွန်ကြူးကြူး ဖြစ်လောက်အောင် အူတိုသည်။ နေမွန်းတည့် သူ့ကောင်မလေး အပြင်ကို ထီးမပါဘဲ ထွက်ရင်တောင် မင်း အရိပ်က ဘယ်သူနဲ့ အလေလိုက်နေသလဲလို့ နှမသားချင်းမစာမနာ စကားနာထိုးတတ်သည်။ သီးခံနိုင်တဲ့ မိန်းကလေးလဲ ဖြစ်၊ သူတကယ်ချစ်တတ်တာကို သိသူဆိုရင် အတော်အသင့် စကားများတာနဲ့ ပြီးသည်။ ခပ်ထက်ထက် ပြန်ပက်တတ်တဲ့ မိန်းကလေးနဲ့ တွေ့ရင် ကိုတိုးနိုင်က မင်းတို့ မိန်းမတွေက အာခံတွင်းထဲ ထည့်ငုံထားရင်တောင် စိတ်ချရတဲ့ အမျိုးမဟုတ်ဘူးဟု အလကား သက်သက်မဲ့ မိန်းမထုကြီး တစ်ရပ်လုံးကို စော်ကားမော်ကား ပြောတော့သည်။

မြန်မာ့လူမှုပါတ်ဝန်းကျင်မှာ တာဏှောယ္ခကို လူတိုင်းလိုလိုသိကြသည်။ ဒီ ဘီလူးက သူ့မိန်းမကို ချစ်လွန်းလို့ အတ္တအလွန်ကြီးပြီး အာခံတွင်းထဲ ထည့်ငုံထားသည်။ ဒါကို သိသွားသော ဇော်ဂျီတစ်ကောင်က ရှိန်းဆာယာ ဖိုမောက် ကိုယ်ပျောက်အောင် လုပ်၊ သူ့ခံတွင်းထဲဝင် သူ့မိန်းမနဲ့ မှောက်မှားသည်။ သူကတော့ သူ့ခံတွင်းထဲမှာ သူ့မိန်းမတစ်ယောက်တည်း အေးအေးချမ်းချမ်း ရှိနေတာဘဲ လေဆိုပြီး စိတ်ချလက်ချရှိခဲ့သည်။ ဒါကို သိမြင်နိုင်သော ရသေ့ကြီးက “ဟယ် လင်မယား သုံးယောက် ဘယ်သွားကြလို့မလဲ” ဆိုပြီး အပြောမှာ ဘီလူးက ဒက်ပေါက်သွားသည်။ သူက သရီးရှဲဒိုး နားလည်တဲ့ ဘီလူးကိုး။ ကွိုင်ပြီဆိုတာ ကြိုသိတဲ့ ကြာကူလီ ဇော်ဂျီကတော့ ကိုယ်ပျောက်ပြီး လစ်ပြေးလေပြီ။  ခံတွင်းထဲက ကြုပ်ကိုထုတ်စစ်တော့ သူထားသလို မဟုတ်တော့။ အနေ အထား အသိုတွေ ပျက်ယွန်းနေပြီ။ သူ့မိန်းမကို စစ်တော့ “အို ကျုပ်ဘယ်သိမလဲ၊ အာခံတွင်းထဲ အမှောင်ထဲဆိုတော့ ရှင်ထင်တာပေါ့” လို့ သူ့ကို ကွန်ပလိန်း ပြန်တက်သည်။ ဒီအကြောင်းကို လူရွှင်တော်တွေ ပျက်လုံးထုတ်တာ ကိုတိုးနိုင် ကြားဘူးသည်။ “အေးကွ ဒီမိန်းမ ကိုယ်သောက်တဲ့ ဆေးလိပ် ငါးမူးတန်မှန်းမသိ၊ တစ်ကျပ်တန်မှန်းမသိ” ဟု အဆင့်အတန်းရှိ ခါးအောက်ပိုင်း ပျက်လုံးမျိုးကို ကိုတိုးနိုင်ကြားဘူးသည်။

တာဏှောယ္ခဘီလူးလို သူ့ကောင်မလေးကို အာခံတွင်းထဲ ထည့်ငုံထားလို့ရရင် ကိုတိုးနိုင်က ငုံထားလောက်အောင် ချစ်သည်။ သ၀န်တိုသည်။ ဒါပေမယ့် သူ့ကောင်မလေးက ဘီလူးမိန်းမလို အငုံခံမယ့်သူ မဟုတ်တာတော့ သေချာသည်။ ကောင်မလေးဟုသုံးသာ သုံးရသည်။ သူ့ကောင်မလေးကလဲ အသက် သုံးဆယ်ကျော် အပျိုကြီး စာရင်း ၀င်စ။ ပြီးတော့ သူ့ကောင်မလေးက ခေသူမဟုတ်။ မခေဆို နိုင်ငံခြားမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် အလုပ် လုပ်နေတာ ငါးနှစ်ကျော် ခြောက်နှစ်စွန်းစွန်း။ ကိုယ့်အားကို ကိုယ်သိသည်။ ကိုယ့်အစွမ်းအစ ကိုယ်သိသည်။ အတော်အသင့် ယောင်္ကျားမျိုးကတော့ ဖုတ်လေသည့် ငပိ ရှိသည်လို့ ထင်သည့် မိန်းမမျိုး မဟုတ်။ အတွေ့အကြုံလဲ များဟန်ရှိသည်။ ကိုတိုးနိုင်ကတော့ သူ့ဘာသာ ဘာတွေ အတွေ့အကြုံ ရှိခဲ့ ရှိခဲ့ သူနဲ့ လက်ထပ်ဖို့ အထိ ရည်ရွယ်ပြီး စဉ်းစားသည်။ အရင်ကလို ရည်စား လက်တည့်စမ်း ထားလို့ ကောင်းတဲ့ အရွယ်မဟုတ်တော့တာလဲ ပါမှာပေါ့လေ။ မိန်းမတစ်ယောက်ကို ချစ်ရတာလွယ်သည်။ မုန်းမေ့လိုက်ဖို့ ခက်တယ်ဆိုတာ ကိုတိုးနိုင်ကတော့ ဘယ်ပညာရှိ သဘောတူတူ၊ မတူတူ သူကိုယ်တိုင် သတ်မှတ်သည်။

ဘ၀က တစ်ခါတစ်ရံ အလွန်ရှုပ်ထွေးသည်။ ပြီးတော့ သူလို လူပျိုကြီးတွေအတွက် ပိုလို့တောင် ရှုပ်ထွေးနေတတ်သည်။ ရှုပ်အောင် လုပ်တာလဲ သူကိုယ်တိုင် ဖြစ်မှန်းမသိ ဖြစ်နေသေးသည်။ ကိုတိုးနိုင်က သူ့ကောင်မလေးကို သ၀န်တိုကြောင်း ပြောနေဖို့ မလိုဟုသတ်မှတ်သည်။ အချိန်တန် ဒင်းသိလိမ့်မယ်လို့ ထင်သည်။ အဲဒီမှာ ရှုပ်ထွေးကုန်သည်။ သူ့ကောင်မလေးက မသိတတ်ရမယ်ဆိုလျှင် တကမ္ဘာလုံးက မသိတတ်သမျှတွေ ချီး ငှားပြီး မသိတတ်ချင်သောသူ ဖြစ်နေတတ်သည်။

တစ်ခါကဆိုလျှင် သူ့ဘဏ်စာရင်းထဲက ငွေလက်ကျန် သူမသုံးရဘဲ ပျောက်နေသည်။ ကိုတိုးနိုင်က ငွေရေး ကြေးရေးမှာ မပူမပင်ရပေမယ့် ဇယားကျသူပီပီ မျက်စိမျက်နှာ ပျက်ချင်သည်။ ဒါကို သူ့ကောင်မလေး အပျိုကြီးလေးက “အမလေး ဖြစ်နေလိုက်တာ ဒီလောက်ပိုက်ဆံလေး ပျောက်တာများ” ဟု လွှတ်ခနဲ့ သူ့ကို ပြောမိသည်။ ကိုတိုးနိုင် ပြဿနာ ရှာတာ မဆုံးတော့။ နောက်ဆုံးတော့ ကောင်မလေးက သူ့ကို တောင်းပန်သလိုလိုနဲ့ “ ကို ဒီလောက် စိတ်ဆိုးတတ်မှန်း မသိလို့ ဒီလိုဘဲ ပြောမိတာပါ” ဟု သူ့ကို ဆော်တာ ခံလိုက်ရသည်။

ကိုတိုးနိုင်ဖြစ်စေချင်တာက “ဟာ..ဟုတ်လား ဘယ်တုံးက ဘာသုံးသေးလဲ။ သေချာ ပြန်စဉ်းစားပါအုံး။ လာ.. အေးအေးဆေးဆေး ခေါင်းအေးအေးထားပြီး စဉ်းစားကြရအောင်” ဆိုသည့် မိန်းကလေးမျိုး ဖြစ်စေချင်သည်။ ဒါပေမယ့် ရန်ဖြစ်လိုက်ရ၊ အဖုအထုံး ဖြစ်လိုက်ရတာဘဲ အဖတ်တင်သည်။

အဆိုးဆုံးက သူ့ကောင်မလေးက FB မှာ ဆယ်လီဗြယ်တီ စာရင်း ခပ်ဝင်ချင်ချင် ဖြစ်နေ တာလဲ ပါသည်။ ဓာတ်ပုံလေး တစ်ပုံရိုက်ပြီး ကဗျာလေး တစ်ပုဒ် တင်လိုက်ရင်ဘဲ သူ့ကောင်မလေးက like ပေါင်း တစ်ရာကျော်၊ comment တွေက ပြန်ပြောလို့ မပြီးနိုင်လောက်အောင် ပရိတ်သတ်ရှိသောသူ။ ကိုတိုးနိုင်က FB မသုံးတာ မဟုတ်။ ဒါပေသိ သူက သူ့ခံစားချက်တွေ၊ သူ့ရင်ထဲမှာ ဖြစ်နေတာတွေကို သူများကို သိပ်မသိစေချင်သောလူ အမျိုး အစားထဲမှာ ပါသည်။ သူ့ကောင်မလေးကတော့ ခေါင်းကိုက် ဖင်နာတာက အစ အွန်လိုင်းမှာ ပေးသိချင်သောသူ။

ကိုတိုးနိုင် သူ့ကောင်မလေးကို propose မလုပ်ခင်ကတည်းက သူ့ကောင်မလေး FB ကို မွှေနှောက်ပြီးသား။ ဒင်းလေးသည် ခေသူမဟုတ်လို့ သူသိသည်။ နိုင်ငံရေးမှာ ဒီမိုကရေစီ ဘက်တော်သား။ ဒေါ်စု ပရိတ်သတ် အခိုင်အမာတစ်ယောက်။ ဒါကို ကိုတိုးနိုင်က အပေါင်းမှတ်ပေးသည်။ ကဗျာတွေ ရှယ်ထားတာ တွေ့သည်။ နောက်ထပ် အပေါင်းမှတ်။ သူလဲ ကဗျာကြိုက်သူကိုး။ တိုက်ဆိုင်တာက သူကြိုက်သော ကဗျာဆရာ တွေ ဖြစ်သည့် ကိုသိန်းဇော်၊ မောင်ခိုင်မာ ကဗျာတွေကို သူ့ကောင်မလေးက ရှယ်ထားတာ တွေ့သည်။ စိတ်တူ ကိုယ်တူတွေ့ရတာ နောက်ကျသကွာလို့ တစ်ယောက်တည်း ညည်းမိသည်အထိ သူ့ကောင်မလေးကို အမှတ်တွေ ဗုံးဗောလအော ပေးပြစ်သည်။ ဒီလိုနဲ့ FB မှာ သူ့ကောင်မလေးကို လေ့လာပြီး အပြင်မှာ ချစ်ရေးဆိုသည်။ FB အလွန်အကျွံသုံးတာလေးတော့ ငါ ပြင်လို့ ရနိုင်ကောင်းပါရဲ့လို့ စိတ်ထဲကလဲ တေးထားသေးသည်။

ခက်သည်။ အတော်ခက်သည်။ ကိုတိုးနိုင် ထင်သလို အသက်သုံးဆယ်ကျော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေ နိုင်သော မိန်းမတစ်ယောက်ကို သူသဘောမကျသော FB အသုံးကြမ်းတာကြီးအား ပြင်ဖို့ အတော်ကြီး ခက်တယ်ဆိုတာ လျှော့တွက်မိခြင်း ဖြစ်သည်။ နောက်ပြီးတော့ သူ့ကောင်မလေးက သူနဲ့ နှစ်ယောက်တည်း ထိုင်နေချိန်မှာ သူ့ကောင်မလေးက “FB က အမတွေကို ကိုနဲ့ အတူတူ ဓာတ်ပုံရိုက်ပြီး ပို့ရအုံးမယ်။ သူတို့ကို အသိပေးမယ်လို့ ပြောထားတယ်” ဟု ပြောလာချိန်မှာ ကိုတိုးနိုင် စိတ်ပေါက်ပေမယ့် ကောင်းကောင်းမွန်မွန်ပြောသည်။ “အွန်လိုင်းက သူငယ်ချင်းတွေကိုများကွာ…ငါတို့မှာ အလေးအနက်ထားစရာတွေ ဒီလောက် ရှားနေသလား” လို့ပြောတော့ ကောင်မလေးက သဘောပေါက်သလိုလို ရှိသွားသည်။ “အင်းပါ..” လို့ ပြောသည်။ သိပ်တော့ ကျေနပ်ဟန်မတူ။

သဘောပေါက်သွားသလိုလို ရှိတာသည် တကယ် သဘောပေါက်တာ မဟုတ်။ နောက်ထပ်တစ်ခါကြုံရပြန်သည်။ တိုက်ဘဲ တိုက်ဆိုင်လွန်းတယ်လို့ ဆိုရမှာလား မသိ။ သူဘဲ ကံမကောင်းတာလား။ သူ့ကောင်မလေးကဘဲ မသိတတ်နိုင်လွန်းတာလား သူမသိ။ ဖြစ်ပုံက…

ကိုတိုးနိုင်က သူ့မိခင် ကုပ္မဏီရှိရာ စင်္ကာပူနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံလေး တစ်ခုကို လွန်းပျံသွားနေရသောသူ။ သူ့မန်နေဂျာက အသက်လဲကြီးပြီ၊ မိသားစုနဲ့ နေချင်သူဆိုတော့ လူလွတ်လဲဖြစ်၊ အလုပ်ကလဲ ကြိုးစား၊ စိတ်ချရသော သူ့ကို ခေါက်တုံ့ခေါက်ပြန်သွားစေခဲ့ခြင်းက ပြဿနာ ဖြစ်စေခဲ့သည်။ အလုပ်ပြဿနာ မဟုတ်။ အလုပ်က သူမရှိရင် မဖြစ်နိုင်လောက်အောင် ကိုတိုးနိုင်က အလုပ်ကြိုးစား ပေးခဲ့သည်။ အလုပ် အပေါ်မှာ စိတ်ကောင်းကောင်းထားပေးသည်။ ပြဿနာယူလာသူ သူ့ကောင်မလေးက အဲဒီအရှေ့ အလယ်ပိုင်းနိုင်ငံမှာ သူတို့ရဲ့ FB ပေါ်ကအွန်လိုင်း မိသားစုဝင် ယောက်င်္ကျားတစ်ယောက်ရှိတယ်။ အဲဒါ လူကြုံထည့်ပေးသူရှိလို့ ယူသွားပေးအုံးနော်လို့ ဆိုလာတော့ ကိုတိုးနိုင် ဒေါသက ငယ်ထိပ်အထက်က ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုကို ထပ် တပ်ပြီးထွက်ချင်လောက်အောင် စိတ်ဆိုးသည်။ ရန်တွေ အကြီးအကျယ်ဖြစ်သည်။ ကောင်မလေးကလဲ ရိုးသားသူမို့လို့လား မသိ။ “ဒါလေး ပြောတာ ဘာဖြစ်လဲ” လို့ ပြန်ပြောတော့ ကိုတိုးနိုင်သာ သွေးတိုးရောဂါရှိလျှင် ဗိုင်းခနဲ့ ပြစ်လဲပြီး သေနိုင်သည်။

ထို ကိစ္စအဆုံးသတ်မှာ သူ့ကောင်မလေးက သူ့FB အကောင့်ကို ဒီအက်တီဗိတ်လုပ်ပြီး သူ့ကို ချော့သည်။ တကယ်ဆိုရင် ပြဿနာက ပြီးပြီ။ မပြီးနိုင် မစီးနိုင် ပြဿနာ ရှာနေသော သူ့ကို သူ့ကောင်မလေးက လဲ ခွင့်လွှတ်သည်။ သူ့ကို ပိုတိုးပြီး ဂရုစိုက်လာသည်။ ကိုတိုးနိုင် ပျော်မဆုံး မော်မဆုံး။ သူ့အမေနဲ့ ဖုံးဆက်စဉ်မှာ အမေဖြစ်သူက “နင့်အိမ်ထောင်ပြုအုံးမှာလား” သူသော မေးခွန်းကို အရင်လို ပြတ်ပြတ်သားသား “အိုဗျာ ရှုပ်တယ်” လို့ မဖြေဘဲ “ဟဲ..ဟဲ အမေကလဲ ကျွန်တော်က ငယ်ပါသေးတယ်ဗျ” လို့ အနှောင့်မလွတ် အသွားမလွတ် ပြန်ဖြေခဲ့သည်။ ဒင်းလေးနဲ့ ငါအိမ်ထောင်ပြုရင် အခု ငါ့အသက်က ဘယ်လောက် ငါ့ သား၊ သမီးမွေးလာရင် အသက်ကြီးမှ အိမ်ထောင်ပြုတော့ ဒေါင်းလေးတွေများ မွေးလာမလား။ အို…ကျန်းမာအောင်အစားကောင်း ကောင်း ဆေးကောင်းကောင်းနဲ့ဆို အဆင်ပြေမှာပါလေ။ ငါ့အသက် ၆၀ ကျော်အထိ ကျန်းမာအောင်နေရမယ်။ အရက်လျှော့သောက်မှ။ လမ်းလျှောက်မှ။ ဒါမှ ငါ့သား၊ သမီးတွေ အသက် သုံးဆယ်အရွယ်အထိ ငါကျန်းမာမှာလို့ သူ့အတွေးနဲ့ သူ အိပ်မပျော်ဖြစ်နေတတ်သည်။

လူတစ်ယောက်ရဲ့ အစွဲဗီဇကို ဖျောက်ဖို့ ဘယ်အရာက ကူညီပေးနိုင်သလဲ။ ဒါတော့ ကိုတိုးနိုင်သေချာမသိ။ သူ့ရဲ့ ဇီဇာကြောင်တာ၊ ဂဂျီးဂဂျောင်ကြချင်တာ၊ အူတိုလွန်းတာတွေကို သူ့ကောင်မလေးက သီးခံရှာသည်။ဒါပေသိ ကိုတိုးနိုင်ရဲ့ အနာဂတ် Family Plan ကြီး ဆွဲလို့ မပြီးခင်မှာ နောက်ထပ်တစ်ခါ FB နဲ့ ပါတ်သက်ပြီး ညှိမရလောက်အောင် ပြဿနာ အကြီးကြီး ထပ်ဖြစ်ကြသည်။ တကယ်ဆိုရင် ကိုတိုးနိုင်က နားလည်ခွင့်လွှတ် သဘောထားကြီးသော ဦးစံရှားလို၊ စနေမောင်မောင်ကြီးလို လူဆိုရင်တော့ ပြဿနာ ဒီလောက် မကြီးနိုင်။ ကိုတိုးနိုင်သည် ကိုတိုးနိုင် ဖြစ်သည်ဟု ဆိုယုံသာ ရှိသည်။

ဖြစ်ပုံက အဲဒီည။ နှစ်ကူးည။ ကိုတိုးနိုင်နဲ့ သူ့ကောင်မလေး လျှောက်လည်ကြသည်။ “နှစ်ကူးချိန်စောင့်မှာ နဲ့ ပြန်ရမှာ သွားရမှာနဲ့ အိမ်ပြန်မနေပါနဲ့တော့ကွာ။ ကိုနဲ့ လိုက်ခဲ့ပါတော့။” ဟု ကိုတိုးနိုင် မရိုးမသား စည်းရုံးတာကို သူ့ကောင်မလေးကလဲ သိသိကြီးနဲ့ “အင်းလေ ဒါဆို လဲ ပြီးရော”လို့ အဖြေပေးသည်။ တကယ်ကျတော့ နှစ်ယောက်သား ဖွင့်သာ မပြောတာ။ သူ့ဘာသာ လုံလောက်ကြွယ်ဝသော အတွေ့အကြုံတွေ ရှိကြသူတွေဆိုတာ အပြန်အလှန်သိထားသူတွေ။ ဒီကိစ္စကိုတော့ ကိုတိုးနိုင်က ပြဿနာ မရှာ။ ငါနဲ့ မတွေ့ခင်ကတည်းက ဖြစ်ထားတဲ့ ကိစ္စတွေဘဲလေလို့ ယောင်္ကျားပီပီ နှမြောစိတ်ရှိပေမယ့် ဖြေတွေးလေး တွေးပေးသည်။ ခက်တာက သူ့ကောင်မလေးဘဲ ဖြစ်သည်။ ဒီလောက် အသက်သုံးဆယ်ကျော် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သော ယောင်္ကျားနဲ့ မိန်းမ ပထမဆုံး ချိန်းတွေ့သော ညမှာဘဲ FB သုံးချင်ခြင်းဖြစ်သည်။ သာမန် ယောင်္ကျား တစ်ယောက်ဆိုလျှင် ဘာပြဿနာမှ ဖြစ်မှာ မဟုတ်။ ကိုတိုးနိုင်တာ သာမန်ယောင်္ကျား မဟုတ်။ အလွန် ပြဿနာ ရှာသောသူ။ မထင် မထင်သလို ရှေ့မကြည့် နောက်မကြည့် ကိုယ်မှန်တယ်ထင်ရင် စုတ်ပြတ်သတ်နေအောင် နှမသားချင်းမစာနာ ပြောတတ်သောသူ။

ကောင်မလေးက သူ့ အိုင်ဖုန်းလေးကို ထုတ်ပြီး “ဒီညကစပြီး FB ပြန်သုံးမယ်နော်..ကို” ဟု ပြောသည်။ ကိုတိုးနိုင်ရင်ထဲ ကျင်ခနဲ့ ဖြစ်သွားသည်။ ဒါပေမယ့် “FB ပြန်သုံးချင် သုံးပါကွာ”ဟု ပြောက ပြောထားသေးသည်။ သူ့ကောင်မလေး စိတ်ကို နားလည်သူဟု သူ့ ကိုယ်သူ ထင်သူပီပီ အင်းမလှုပ်၊ အဲမလှုပ် ပြန်ကြည့်လိုက်သည်။ နှစ်ကူး မီးပန်းတွေ ကောင်းကင်ထဲမှာ လင်းထိန်နေအောင် လင်းနေပေမယ့် သူ့မျက်နှာကြီး ညိုသွားတာ ကောင်မလေးက သိသွားဟန်တူသည်။ “အို..မျက်နှာကြီးက မကြိုက်ဘူး ထင်တယ်။ မသုံးတော့ပါဘူးလေ” ဆိုပြီး သူ့ဖုန်းကို ပြန်ထည့်လိုက်သည်။ ကိုတိုးနိုင်တကယ့်ကိုဘဲ သူ့ကောင်မလေးကို အစိမ်းလိုက် ဂျိုးဂျိုး ဂျွတ်ဂျွတ်မြည်ပြီး ၀ါးစားရ လောက်အောင် ချစ်သွားသည်။ သိတတ်တယ်။ ငါ မကြိုက်တာ နားလည်တဲ့ မိန်းမဘဲဟု တွေးလိုက်သေးသည်။

သူတို့ တည်းခိုမယ့် နေရာရောက်တော့ ကောင်မလေးနဲ့ သူ ရင်ခုန်သည်။ ကလေးတွေ မဟုတ်ကြပေမယ့် တကယ် ချစ်ရ ခင်ရသော သူနဲ့ အတူနေရရင် ဆိုတဲ့ အတွေးနဲ့ သူ့ကောင်မလေးတော့ မသိ။ ကိုတိုးနိုင်ကတော့ ဂဏှာမငြိမ်။ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်သော်လည်း သူ့ရင်ခုန်သံ သူပြန်ကြားနေရသည်။ အီးပါချင်သလို ရှူပေါက်ချင်သလိုလို ဖြစ်လာသော သူ့ကိုယ်သူ ငြိမ်သက်စေဖို့ အိမ်သာထဲ ၀င်ပြီး ထိုင်နေလိုက်သည်။ ကောင်မလေး လွတ်လွတ်လပ်လပ် နေပါစေလို့လဲ တွေးလိုက်သေးသည်။ သူအိမ်သာထဲက ပြန်ထွက်တော့ ကောင်မလေး လက်ထဲမှာ တယ်လီဖုန်း။ လက်မလေးနဲ့ ပွတ်သပ်ပြီး သူ့ဖုန်းလေးကို သုံးနေသည်။ သူ့သူငယ်ချင်းတွေ ဖုန်းခေါ်ထားတာ စစ်နေတာနေမှာပါ လို့ တွေးပေးလိုက်သည်။

ကိုတိုးနိုင်တွေးထင်ပေးသလို မဟုတ်။ သူ့ကောင်မလေး FB သုံးနေခြင်းဖြစ်သည်။ ကိုတိုးနိုင် ဒေါသထွက်ရတာထက် စိတ်အပျက်ကြီး ပျက်သွားသည်။ ၀မ်းလဲ နည်းသွားသည်။ သူမကြိုက်မှန်းလဲ သူလက်ထပ်မယ်လို့ ရည်ရွယ်ထားတဲ့ ကောင်မလေးကလဲ ကောင်းကောင်းသိသည်။ သုံးချင်သုံးပါလို့ ပြောထားပါပေမယ့် နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် ပထမဆုံးတွေ့ရသော ဘ၀ရဲ့ မေ့မရနိုင်တဲ့ ညတစ်ညထက် သူ့FB ကြီးက ပိုအရေးကြီးနေတာ ကိုတိုးနိုင် ငိုချင်သွားသည်။ ကိုတိုးနိုင်သာ ကလေးတစ်ယောက်ဖြစ်လျှင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အာဗြဲကြီးနဲ့ ငိုမှာ သေချာသည်။

တိုတိုဘဲ ပြောကြပါစို့ရဲ့။ အဲဒီကိစ္စက ကိုတိုးနိုင်တို့ နှစ်ယောက်အကြားမှာ အဟကြီး ဖြစ်သွားသည်။ နည်းနည်းနောနော အဟကြီး မဟုတ်။ အောက်ခြေကို မမြင်ရသော ချောက်ကြီး ခြားသွားခဲ့သည်။ ကောင်မလေးက ဒုတိယအကြိမ် သူ့ FB အကောင့်ကို ဒီအက်တီဗိတ်လုပ်ပြီး ချော့သည်။ သူ့ယုံကြည်မှုကို ပြန်ယူသည်။ ကိုတိုးနိုင်ကလဲ ကိုတိုးနိုင်။ သူ့စိတ်ထဲ ထင်ရာ မြင်ရာကို အမှန်လို့ ထင်မြင်ယူဆသူ။ မိစ္ဆာဒိဌိအယူရှိတယ်လို့ ဆိုရမှာလား မသိ။ “ဒီမိန်းမ ဒီလောက်တောင် FB ကို စွဲလမ်းနေတာ။ နောက်ပြီး အွန်လိုင်းမှာများ ရည်းစားသနာတွေ ရှိနေသလား မသိ”ဟု မယုံကြည်မှုမျိုးတွေ တွေးမိလာသည်။ ကောင်မလေးက သူ့အမှားကို သူသိသည်။ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာ သည်။ ကိုတိုးနိုင်က အစွဲအလမ်းကြီးသည်။ လူတွေကို မယုံကြည်တတ်သော ပါးစပ်ကြမ်းသူ ပီပီ စကားတွေ လွန်ကုန်သည်။ ကောင်မလေးက နောက်ဆုံးမှာ သီးမခံနိုင်တော့ဘဲ “နင်ဟာ မိန်းမလို မိန်းမရ နိုင်လွန်းတယ်”ဟု မိန်းမတစ်ယောက်က မိန်းမသားထုကြီး ကို စော်ကားမှု ဖြစ်စေသော ရင့်သီးသော စကားကို ဆိုလာသည်။

တော်ဖလာ၊ ပီတာဒရပ်ကား ဆိုသော လူများက ခေတ်တွေကို လှိုင်းလုံးကြီးတွေနဲ့ တင်စားခဲ့သည်။ လက်ရှိခေတ်ကြီးက တတိယလှိုင်းတဲ့။ နည်းပညာခေတ်တဲ့လေ။ နောက်ပြီး အခု စမတ်ဖုန်းတွေ ပေါ်လာတော့ Thumb Age တဲ့။ လက်မလေးနဲ့ ခရီးသွား ဟန်လွှဲ ကိုယ်ပြောချင်ရာ ပြောနိုင်သော၊ ဖောက်ထုတ်ချနိုင်သော ခေတ်တဲ့။ ကိုတိုးနိုင်ကတော့ စာအနည်းငယ် ဖတ်သူပီပီ တတိယလှိုင်းသိသည်။ Thumb Age သိသည်။ သူ့ လက်ချောင်းတွေရဲ့ အလုပ် ခုနှစ်ဆယ် ရာခိုင်နှုန်းကျော် အလုပ်လုပ်သော သူ့လက်မကြီးကို မုန်းလာသည်။ လက်မကိုတော့ မဖြတ်နိုင်။ သူလုပ်နိုင်တာတာ တစ်ခုတော့ ရှိသည်။ လက်မ အလုပ်တွေကို လျှော့ချပြစ်ဖို့။

ပထမဆုံး သူလုပ်တာက သူ့စမတ်ဖုံးကို ဟိုးရှေးရှေးတုံးက Nokia 6070 ဖုန်းနဲ့ လဲလိုက်သည်။ ဒါတောင် ခလုပ်တွေ နှိပ်တာတောင်မှ သူ့လက်ညှိုး တုတ်တုတ်ကြီးနဲ့ နှိပ်သည်။ အရင်ကလို ကားပေါ်မှာ၊ ရထားပေါ်မှာ၊ လေယာဉ်ပေါ်မှာ လက်မကြီးနဲ့ ပွတ်ကာ ပွတ်ကာ အချိန်မကုန်တော့။ တိမ်တွေထဲမှာ သူ့ကောင်မလေးမျက်နှာကို ရှာကြည့်သည်။ တွေ့တော့ တွေ့သည်။ သူ့ကောင်မလေးကို သူ့ကို လှည့်မကြည့်ဘဲ တယ်လီဖုန်းကို လက်မဖြင့် ပွတ်ပြီး အသုံးပြုနေသည်။

ဒီနေ့တော့ ကိုတိုးနိုင် အိမ်ကို စောစော ပြန်လာသည်။ လူတစ်ကိုယ်လုံးလဲ မျက်တွင်းဟောက်ပက်။ ဆံပင်က ဆီမရှိ။ ရေကောင်းကောင်းချိုးထားဟန်မရှိသော ပုံစံဖြင့် သူ့အခန်းကို အနားယူဖို့ ပြန်လာခဲ့သည်။ သူကတော့ အလုပ်ဆက်လုပ်ချင်သေးသည်။ သို့သော သူ့ကိုယ်ခန္ဓာအပြင်ကရော အတွင်းပိုင်း ကလီစာတွေကပါ ဆန္ဒပြ၊ ဖီဆန် လာပြီ။ အဆိုးဆုံးက သူ့မန်နေဂျာ။ “မင်းသေသွားရင် ငါတာဝန်မယူနိုင်ဘူး” ဟု ဆိုကာ သူ့ကို ဂုတ်ဆွဲ၊ ကားပေါ်တင် အခန်းအထိ ကားမောင်းပြီး လိုက်ပို့သည်။

အခန်းရောက်တော့ ကိုတိုးနိုင် လန်းသွားအောင် ရေကို Bath Top ထဲ အချိန်အကြာကြီး စိမ်နေသည်။ သူ့ကောင်မလေး FB မှာ သူ့ကို ရည်ရွယ်ပြီး အမှားကို အမှန်ထင်နေကြသော လူများ၊ စိတ်ကို ထိန်းချုပ်ဖို့ တရားထိုင်ဖို့ လိုကြောင်းတင်ထားသော ပို့စ်ကို ပြန်တွေးပြီး ၀င်သက် ထွက်သက် မှတ်နေသည်။ လူက တည်ငြိမ်သလိုလို ရှိသွားသည်။

ရေချိုးခန်းက ထွက်တော့ အခန်းဖော် ပြန်ရောက်နေပြီ။ ဒီလူကလဲ မြန်မာ။ မြန်မာ အချင်းချင်းပေမယ့် အလုပ်သဘောသဘာဝမတူတာရော၊ အလုပ်နေရာ တစ်ခြားစီဖြစ်နေတာရော၊ တွေ့ကရာနေရာ ဖြစ်သလို ၀င်အိပ်တတ်သော ကိုတိုးနိုင်နဲ့ သိပ်မတွေ့ဖြစ်။ အခုတော့ သူက ကိုတိုးနိုင်ကို ဘာစကားမှန်းမသိ လှမ်းပြောလိုက်သည်။ ကိုတိုးနိုင် သဲသဲကွဲကွဲ မကြား။

“ဘာပြောတာလဲဗျ”
“လေယာဉ်မတွေ့သေးဘူးတဲ့ဗျ။ ခင်ဗျား သိပြီးပလား။”

“ဘယ်လေယာဉ်လဲဗျ။ မသိဘူး။ ကျွန်တော်က အခုမှ Camp ထဲက ပြန်လာတာလေ”
“ခင်ဗျားဗျာ ဒါလေးတောင် မသိဘူး။ ဒါနဲ့ ဒေါ်စုနဲ့ ဦးသိန်းစိန်တွေ့တာ ခင်ဗျားသိပြီးပလား”

“မသိဘူးဗျာ။ ကျွန်တော် အင်တာနက် မသုံးတာ နှစ်ပါတ်ပြည့်တော့မယ် ထင်တယ်။ တွေ့တာ မတွေ့တာထက်စာရင် ပိုကောင်းတာပေါ့ဗျာ”
“အခုတစ်လော ၉၆၉ တွေလဲ ငြိမ်တယ်နော်။ ခင်ဗျား ဘာကြားသေးလဲ”

“သိပါဘူးဗျာ။ ကျွန်တော် အိပ်လိုက်အုံးမယ်ဗျာ။ ပင်ပန်းနေပြီ။”
“နေစမ်းပါအုံး။ ခင်ဗျားကလဲ တစ်ခန်းထဲနေပေမယ့် တစ်ခါတစ်လေမှ တွေ့ရတာ။ အချိန်လဲရ အိမ်လဲ ရောက်တုံး ဖေ့စ်ဘုတ်သုံးစမ်းပါဗျာ”

“ဟေ့လူ..တော်ဗျာ..ကျုပ်မျက်နှာကို ကြည့်ဗျာ။ ကျုပ် အရမ်းအိပ်ချင်နေပြီ။ ခင်ဗျား ငြိမ်ငြိမ်သက်သက်နေဗျာ” ဟု ကိုတိုးနိုင် သူ့ အခန်းဖော် ကို ငေါက်လိုက်သည်။ သူ့အသံက ဒေါသသံဘဲ ပါသွားသလား။ သူ့မျက်နှာကဘဲ တကယ်ပင်ပန်းနွမ်းနယ်နေတာကို ပြနေသလား။ တစ်ခုခုတော့ တစ်ခုခု။ အခန်းဖော် အသံတိတ်သွားသည်။

ကိုတိုးနိုင် ခဏခြင်း အိပ်ပျော်သွားသည်။

သူအိပ်မက်တွေ မက်သည်။
အိပ်မက်ထဲမှာ သူက လူတွေရဲ့ မျက်နှာအရောင်တွေကို လိုက်ဖတ်နေသည်။

အများစုက အလင်းပြန်နေသော မျက်နှာကြီးတွေ။ ကြောက်စရာ လန့်စရာ။ နောက်ဆုံးတစ်ယောက်ကို ကြည့်လိုက်တော့ သူ့ကောင်မလေးမျက်နှာကို တွေ့သည်။ သူ့ကောင်မလေး မျက်နှာကလဲ အတူတူဘဲ။ တစ်ခုခုရဲ့ အလင်းရောင်ပြန်ဟပ်နေသော မျက်နှာ။
ကောင်မလေးက သူ့ကို မြင်သွားသည်။ သူ့ဘက်ကို လှည့်ကြည့်ပြီး ညာဘက်လက်ကို မြှောက်ပြသည်။

ဘုရား…ဘုရား…သူ့ကောင်မလေး ညာဘက်လက်မကြီး မရှိတော့ပါလား။

အိပ်မက်ထဲမှာ ကိုတိုးနိုင် ပျော်နေသလား၊ စိုးရိမ်နေသလား မသိ။ တစ်ခါတစ်ရံ သူ့မျက်နှာက ပြုံးလာသည်။

တစ်ခါတစ်ရံ သူ့မျက်နှာက ၀မ်းနည်းရိပ်သန်းနေသည်။


သူ့ဘေးက အခန်းဖော်ကတော့ ကိုတိုးနိုင် မျက်နှာကို မကြည့်ဘဲ ကွန်ပြူတာ စကရင်ပေါ်ရှိ FB ကြည့်နေသူဆိုတော့ ကိုတိုးနိုင်တစ်ယောက်ထဲ ပြုံးလိုက်…မဲ့လိုက်…တည်လိုက်…

မိုးမခ