ဆရာတော် ဦးဇနကနှင့် အုံတုံပင် ကျေးရွာပဋိပက္ခအကြောင်း မေးမြန်းခန်း
ပို့စ်တင်ချိန် - 3/15/2014 12:24:00 AM
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ အုံတုံပင် ကျေးရွာရှိ ရွာသူရွာသားများပိုင် လယ်ယာမြေများအား ရဲတပ်ရင်း ဆောက်လုပ်ရန်အတွက်  မတ်လ ၇ ရက်နေ့က ဘူဒိုဇာများဖြင့် ရှင်းလင်းနေစဉ် ဒေသခံ ရွာသူရွာသားများနှင့် လုံထိန်း ရဲတပ်ဖွဲ့များအကြား အခင်းဖြစ်ပွားခဲ့ရာ ယင်းပဋိပက္ခ ဖြစ်စဉ်အား ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူနေသည့် အရှင်ဇနက အပါအ၀င် ဒေသခံများအား လုံထိန်းရဲတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။ ယင်းသို့ ရိုက်နှက်ဖမ်းဆီးရာ၌ အမျိုးသမီး လုံထိန်းရဲမေများလည်း ပါဝင်ပြီး အရှင်ဇနကအား ဖမ်းဆီးစဉ်က ခြေထောက်ဖြင့် ကန်ကျောက်ခြင်းများ ဖြစ်ခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြ လာသည့်အတွက် အဆိုပါနေ့က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်နှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါသည်။
ပြဿနာက ဘယ်လိုပုံစံမျိုး စဖြစ်တာလဲ ပြောပြပေးပါဦး အရှင်ဘုရား။
၆ ရက်နေ့ကစပြီးတော့ ၀မ်ပေါင်ကနေပြီး ဘူဒိုဇာကြီး ၂ စီးရယ်၊ အသေးလေး ၁ စီးရယ်၊ ၃ စီးပေါ့နော်။ အရှေ့ဘက် အနောက်ဘက် ထိုးနေကြတာ။ မနက်ပိုင်းတုန်းကတော့ သဘောတူတယ်ဆိုတဲ့ မြေတွေပဲ ဘူဒိုဇာနဲ့ ထိုးပြီးတော့ နေ့လယ်ပိုင်းကျတော့ သဘောမတူတဲ့ အခင်းတွေကို ၀ိုင်းပြီးတော့ ထိုးနေကြတာ။ အဲနေ့က သားအမိ နှစ်ယောက်ကို အချုပ်ကားပေါ် တင်တယ်။ ဖမ်းတယ်ပေါ့နော်။ ဘယ်အချိန်ကျမှ ပြန်လွှတ်ပေးလဲ ဆိုတော့ အလုပ်တွေပြီးတဲ့အချိန်ကျမှ နှစ်နာရီခွဲ ပတ်ဝန်းကျင်ကျမှ ကန့်ကွက်တဲ့သူတွေက ၀ိုင်းအော်ကြတဲ့ အခါကျမှ အဲဒီတော့မှ ကားပေါ်က ချပေးတယ်။ ဘာလို့ဖမ်းတာလဲ ဆိုတော့ သူရဦးရွှေမန်းရဲ့ အမိန့်စာကို သတင်းထဲ ပါလာလို့ သွားပြလို့ ဆိုပြီးတော့။
သူရဦးရွှေမန်းရဲ့ အမိန့်စာဆိုတာ ဘာအမိန့်စာကို ပြောတာလဲ မသိဘူး။
ဆောင်းရာသီစမှဆို ဆောင်းရာသီစမှပေါ့။ မိုးရာသီအမီဆို မိုးရာသီပေါ့။ သီးနှံတွေ စိုက်နိုင်ဆိုပြီး သိမ်းထားတဲ့ မြေတွေကို ပြန်ပေးဖို့ အမိန့်ထွက်ခဲ့တာပေါ့။ ၅ ရက်နေ့လား ၄ ရက်နေ့က သတင်းစာလား မသိဘူး။ အဲနေ့ ကတော့ ရုန်းရင်းဆန်ခတ် မဖြစ်ခဲ့ ဘူး။ ၇ ရက်နေ့ မနက်ခင်း ၉ နာရီ ပတ်ဝန်းကျင်ကျတော့ သဘောမတူတဲ့ အခင်းတွေပါ ထိုးတော့တာ။
ဘုန်းဘုန်းနဲ့ ပြဿနာတက်တဲ့ ကိစ္စကရော ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်တာလဲ မသိဘူးခင်ဗျ။
သဘောမတူတဲ့ အခင်းတွေကို ထိုးတဲ့အချိန်မှာ ကန့်ကွက်တဲ့ သူတွေကိုပြောတယ်။ အကြမ်းမဖက်ကြနဲ့။ ခဲတွေ ဘာတွေနဲ့ တုတ်တွေမလုပ်နဲ့ ပြောထားတာပေါ့။ ပြီးတော့ ဘယ်လိုကနေ ဘယ်လို ဖြစ်တာလဲ မသိဘူး။ ခဲတွေပါတယ် ထင်ပါတယ်။ ရဲတွေကလည်း ၀င်ရိုက်၊ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တာ။ ဦးဇင်းကတော့ ဦးဇင်း ဟန်းဆက်လေးနဲ့ လိုက်ရိုက် နေတာပေါ့။ ဦးဇင်းကို ဆွဲပြီး ကားပေါ်တင်တော့တာပဲ။ ဦးဇင်းတူလေးတစ်ယောက် က ဦးဇင်းနောက်ကို ပြေးလိုက်လာတာ။ ဦးဇင်းတူလေးကိုလည်း ရိုက်ပြီး ကားပေါ် ဆွဲတင်တယ်။ ကားပေါ် ဆွဲတင်တော့ သူကအရင် ကားပေါ်ရောက်သွားတယ်။ နောက်ဒကာမနဲ့ ဒကာလင်မယား နှစ်ယောက်ကိုလည်း ကားပေါ်ဆွဲပြီးတင်တာ ကားပေါ် ရောက်နေတယ်။
ဘုန်းဘုန်း အဖမ်းမခံရခင်က ဘုန်းဘုန်းမြင်ခဲ့ရတဲ့ ပဋိပက္ခ မြင်ကွင်းလေးကို ပြောပြပေးပါလား။
ကန့်ကွက်ထားတဲ့ အခင်းတစ်ခင်းထဲကို ၀င်ထိုးရော၊ ရဲတွေက စီတန်းပြီးတော့ ဒိုင်းတွေနဲ့ ကာထားတာပေါ့။ လူထုက ဟိုဘက် ရောက်လိုက်၊ ဒီဘက်ရောက်လိုက် ဖြစ်နေကြတာပဲ။ အဲတော့ သူတို့ အတွင်းဝိုင်းထဲကို ရောက်သွားပြီ။ ဘေးဘက်မှာတော့ ဖုန်းတွေနဲ့ ကျုံးပက်ကြတာကနေ ရုံးရင်းဆန်ခတ်တွေ ဖြစ်ကုန်ပြီ။ ရိုက်တဲ့ သူတွေက ရိုက်ပေါ့။ အဲလိုတွေ ဖြစ်တာပဲ။
ဘုန်းဘုန်းကိုရိုက်တာ နှက်တာရော ရှိလားခင်ဗျ။ ဒီမှာအသံထွက်နေတာက ဘုန်းဘုန်းကို ရဲမေတစ်ယောက်က ခြေထောက်နဲ့ ကန်တယ်ဆိုပြီး သတင်းတွေ ထွက်နေလို့ခင်ဗျ။
ရုန်းရင်းဆန်ခတ် ဖြစ်နေတော့ ဦးဇင်းတို့လည်း ထူပူပြီး ဘာမှ မသိတော့ဘူး။ နောက်ကနေ ဆော်တယ် ဆိုတာတော့ သိလိုက်တယ်။ ဦးဇင်းလည်း ထူပူပြီး ဘာမှ မသိတော့ဘူး။
ဘုန်းဘုန်းကို ဖမ်းတဲ့အထဲမှာ အမျိုးသမီး ရဲမေတွေရော ပါလားဘုန်းဘုန်း။
အမျိုးသမီးရဲမေတွေ ပါပါတယ်။ အရေအတွက် အတိအကျတော့ မပြောနိုင်ဘူး။ ၆ ယောက်၊ ၇ ယောက်လောက်တော့ ပါမယ်ထင်တယ်။
ဖမ်းတဲ့အခါမှာ ဘယ်လိုလူတွေကို ရွေးပြီး ဖမ်းတာလဲ ဘုန်းဘုန်း။
အဲမှာ လင်မယားနှစ်ယောက်ထဲမှာ မိန်းမဖြစ်သူကို ရဲမေတစ်ယောက်က ဖမ်းတာ။ သူကပြောတော့ ရဲမေက သူ့ကို လည်ပင်း ညှစ်တယ်တဲ့။ ညှစ်လို့ဆိုပြီး ရဲမေကိုလည်း လက်ကိုက်ဆွဲလိုက်သေးတယ်။
အချုပ်ကားပေါ်မှာ ဘယ်သူတွေပါသေးလဲ ဘုန်းဘုန်း။
ကားပေါ်မှာ လင်မယား နှစ်ယောက်ရယ်၊ ဦးဇင်းတူရယ်၊ ဦးဇင်းရယ်ဆိုတော့ လူသုံးယောက် ဘုန်းကြီး တစ်ပါးပေါ့။
ဘုန်းဘုန်းတို့ကို အချုပ်ကားပေါ် တင်ပြီးတော့ ဘယ်ကို ခေါ်သွားတာလဲ ဘုန်းဘုန်း။
သူတို့က ဦးဇင်းတို့ကို ကားပေါ်တင်ပြီးတော့ လှည့်ပတ် မောင်းတယ်။ လူထုဘက် မလှည့်အောင် လှည့်ပတ်ခေါ်တယ်။ ဥပမာ လူထုက အရှေ့ဘက်မှာဆို ဦးဇင်းတို့ကို အနောက်ဘက် ခေါ်သွားတာပေါ့။ ပြီးတော့ ဘုန်းဘုန်းတို့ကို မေးတာ စစ်တာတို့ လုပ်တာပေါ့။
ဘုန်းဘုန်းတို့ကို စစ်တာဆိုတော့ ဘာတွေစစ်တာလဲ။ ဘယ်လိုတွေ စစ်လဲ။
ဦးဇင်းတို့ရဲ့ ဘွဲ့နာမည်တွေ ဒကာ၊ ဒကာမ နာမည်တွေ စစ်တာပေါ့။ ဘယ်ကျောင်းကလဲတို့ ဘာတို့၊ မိဘနာမည်တွေရော။
မေးတဲ့အချိန်မှာရော ယဉ် ယဉ်ကျေးကျေး ပြောတာလား ရင့်ရင့်သီးသီးပြောတာလား ဘုန်းဘုန်း။
ချေချေငံငံပါပဲ။ ဦးဇင်းတို့ကလည်း ချေချေငံငံပါပဲ။ သူတို့ကလည်း ရင့်ရင့်သီးသီးတော့ မပြောပါဘူး။
ဘုန်းဘုန်းမျက်နှာမှာ ဒဏ်ရာရနေတယ်လို့ သိရတယ်ခင်ဗျ။
အခု မုံရွာဆေးရုံပေါ့။ ဦးဇင်းသွားပြီးတော့ ပြတယ်လေ။ ပြတော့ ဆေးရုံတက်ခိုင်းတယ်။ မျက်စိက ဖွင့်လို့ကို မရဘူး။ ထူပူနေတဲ့အချိန် ဆိုတော့ ဘာနဲ့လုပ်လိုက်မှန်းတောင် မသိတော့ ဘာမှ မမှတ်မိတော့ဘူး။ ဦးဇင်း ဘာသာ လုပ်ယူတဲ့ ဒဏ်ရာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ်။
ဒဏ်ရာ အခြေအနေကရော ဘယ်လိုရှိလဲ ဘုန်းဘုန်း။
ဆေးစာတော့ ရေးထားတယ်။ ဘယ်လိုဖြစ်တယ် ဆိုတာတော့ သူတို့ကို ပြောမထားတော့ဘူး။ မျက်စိထဲမှာ သွေးခြေဥ သွားတယ်လို့တော့ ပြောတယ်။ ဒီနေ့တော့ မျက်ကြည် အသားလေး နည်းနည်းပေါ်စ ပြုလာပြီ။
ဘုန်းဘုန်းဆေးရုံက ဘယ်နေ့က ဆင်းတာလဲဘုန်းဘုန်း။
၉ ရက်နေ့၊ နေ့လယ် ၁၂ ခွဲမှာ ဆေးရုံက ဆင်းတာပါ။ ၇ ရက်နေ့ ၉ နာရီမှာ အဖမ်းခံရတယ်။ ထမင်းစားမယ့် အချိန်ရောက်တော့ ဦးဇင်းကို ဆွမ်းကပ်တယ်။ ဒါပေမဲ့ ဦးဇင်းက မကြည့်တဲ့ အခါကျတော့ ဆွမ်းကပ်ကပ်၊ အအေးကပ်ကပ် မဘုဉ်းဘူး။ ငြင်းတယ်။ ၂ နာရီ ပတ်ဝန်းကျင်မှာတော့ လွှတ်ပေးတယ်။ လူစုကွဲတဲ့ နေရာကို ခေါ်သွားပြီး လွှတ်ပေးတယ်။ ဖမ်းခံရတဲ့ လူတွေအကုန်လုံးက အရိုက်ခံရတဲ့သူတွေပဲ။ ဒဏ်ရာကြီးကြီးမားမား ရတာက ဦးဇင်းတစ်ယောက်ပဲ။
ခုလို ဓာတ်ပုံလေးရိုက်တာနဲ့တင် ခုလို ဖမ်းဆီး ရိုက်နှက်တာအပေါ် ဘုန်းဘုန်း ဘယ်လိုမြင်လဲခင်ဗျ။
ပြောရမယ်ဆိုရင်တော့ ရဲတွေက ဘယ်နေရာမှ စဉ်းစားဉာဏ်နဲ့ မလုပ်ဘူးလို့ ပြောချင်တယ်။ သူတို့ အင်အားသုံးပြီး အနိုင်ကျင့်တယ်ပဲ ပြောပြရမှာပဲ။ သူတို့ ၀ိုင်းရိုက်တဲ့ အထဲမှာ အဘွားကြီးအိုတွေလည်း တော်တော်များများ ပါတယ်။ ပြန်မလုပ်နိုင်တဲ့ သူတွေပေါ့နော်။ ရဲဘက်က အင်အား ၁၅၀၊ ၂၀၀ လောက်ရှိမယ်။ လူထုဘက်က ၂၀၊ ၂၅ အဲလောက်ပဲ ရှိမယ်။
အစိုးရက သံဃာတွေအပေါ် အခုလိုမျိုး လုပ်လိုက်တဲ့အတွက် လက်ရှိသံဃာ့ဦးသျှောင် အဖွဲ့ကိုရော တိုင်ကြားဖို့ ရှိလား။
အဲဒါက ဦးဇင်းကိုယ်တိုင် တိုင်ကြားဖို့တော့ မရှိပါဘူး။ နောက်အဖွဲ့အစည်းတွေက မကျေနပ်လို့ တိုင်တယ်ဆိုတော့ ဘယ်လိုခေါ်မလဲ ဦးဇင်း ကိုယ်တိုင်ကတော့ မတိုင်ဘူး။ သူတို့က တိုင်မယ်ဆိုရင်တော့ မတတ်နိုင်ဘူး။