နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းလ်ဖုန်းတွေ မြန်မာနိုင်ငံမှာ သုံးနိုင်ပြီ

ပို့စ်တင်ချိန် - 12/27/2013 02:28:00 PM


နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းလ်တယ်လီဖုန်းတွေကို ပြည်တွင်းမှာ အသုံးပြုနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းထံမှ သိရပါတယ်။ ဦးကျော်စိုးဝင်းက “နိုင်ငံပေါင်း ၃၃ နိုင်ငံက ဖုန်းတွေဒီမှာ လာအသုံးပြုလို့ရအောင် နိုင်ငံတကာ အော်ပရေတာပေါင်း ၆၄ ဦးနဲ့ သဘောတူညီမှု ရရှိထားပါတယ်။ ဒီအော်ပရေတာတွေနဲ့ သဘောတူညီမှု ရရှိအောင် orange နဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က စာချုပ်ချုပ်ခဲ့ပါတယ်။ အဓိကပါဝင်တဲ့ နိုင်ငံတွေကတော့ အာဆီယံနိုင်ငံ၊ ဥရောပက နိုင်ငံတွေနဲ့ အာရှမှာ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေက မိုဘိုင်းလ်ဖုန်းတွေ ယူဆောင်အသုံးပြုနိုင်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းလ်ဖုန်းတွေကိုလည်း ပြည်ပနိုင်ငံတွေကို သယ်ယူအသုံးပြုနိုင်အောင် orange ကုမ္ပဏီနဲ့ ဆက်လက်ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံက မိုဘိုင်းလ်တွေ သည်နိုင်ငံမှာ သယ်ယူပြောဆိုနိုင်ဖို့လည်း ATNT မိုဘိုင်းလ်အော်ပရေတာ ကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။ အင်တာနေရှင်နယ် ရူးမင်း (roaming) ခေါ်ဆိုမှုအတွက် သက်ဆိုင်ရာ မိုဘိုင်းလ်အော်ပရေတာတွေရဲ့ သတ်မှတ်နှုန်းထားအတိုင်း ကျသင့်မှာဖြစ်ပြီး အဝင်အထွက် ခေါ်ဆိုခ နှစ်မျိုးလုံးအတွက် ကျသင့်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ orange ကုမ္ပဏီကတော့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ အော်ပရေတာအဖြစ် ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါ့အပြင် orange ကုမ္ပဏီဟာ ကမ္ဘာ့အကျယ်ပြန့်ဆုံး နိုင်ငံတကာ နက်ဝါ့ခ်တွေကို ပိုင်ဆိုင်ထားပြီး international carriers အစိတ်အပိုင်းတွေကို ဖြတ်နိုင်တဲ့ နိုင်ငံတကာ roaming ချိတ်ဆက်မှုတွေကို ပိုင်ဆိုင်ထားတယ်လို့လည်း သိရကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
khit lu nge