သရက်ဇုန် အဖြစ်ဟုဆိုကာ ပြည်သူများထံမှ မြေသိမ်းပြီးနောက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ပြည်ထောင်စု ၀န်ကြီးများပိုင်မြေ ဖြစ်သွား

ပို့စ်တင်ချိန် - 12/27/2013 03:38:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သစ်တောမြေအဖြစ်မှ  သရက်စိုက်ပျိုးဇုန် အဖြစ် လုပ်ကိုင်ခွင့် ပြုခဲ့သည် ဆိုကာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်သာကြီးအုပ်စု အတွင်းရှိ မြေယာ ဧက ၅၀ခန့်ကို ဘိုးစဉ် ဘောင်ဆက် နေထိုင် တောင်ယာလုပ်ကိုင် ဆောင်ရွက်နေသူများထံမှ သိမ်းယူပြီးနောက် ထိုနေရာများကို ပိုင်ဆိုင်သွားသူ များထဲတွင် ပြည်ထောင်စု ၀န်ကြီးများနှင့် ယခင် အစိုးရအဖွဲ့ဝင်များ ပါဝင်နေကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

““သမ္မတကြီးကနေပြီး နေပြည်တော်မှာရှိတဲ့ သစ်တောကြိုးဝိုင်း တွေထဲက အဲဒီနေရာကို သရက်စိုက်ဇုန် လုပ်ဖို့ ခွင့်ပြုလိုက်တယ် ဆိုပြီး ပလပ်ပေးလိုက်တယ်။ အဲဒီညွှန်ကြားချက်အရ ဒီမြေတွေကိုလုပ်တာ”” ဟု ဦးနိုင်ငံလင်းက ပြောသည်။ သိမ်းဆည်းခံခဲ့ရသော မြေများကို ပိုင်ဆိုင်ခွင့် ရရှိသွားသူ များထဲတွင် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ယခင် အစိုးရ လက်ထက် ၀န်ကြီးဟောင်း ဖြစ်သည့် လက်ရှိ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသာ စသူများနှင့် အခြား ပြည်ထောင်စုဝန်ကြီးများ ပါဝင်နေကြောင်း ဦးနိုင်ငံလင်းက ပြောသည်။ …

ထိုသို့ မြေသိမ်း၍ မြေယာ ပိုင်ဆိုင်မှု ရှိခဲ့ကြသောသူများတွင် မြေသိမ်းယူခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ် ကတည်းကပင် ဖြစ်သော်လည်း  ပြည်ထောင်စု ၀န်ကြီးများ ပိုင်ဆိုင်ထားသည့် အဆိုပါ မြေများအနက် အမှန်တကယ် သရက် စိုက်ပျိုးမှု ရှိသည်မှာ မြေအနည်းငယ်တွင်သာ တွေ့ရပြီး ကျန်မြေ အများအပြားမှာ ခြံဝင်း ခတ်ထားမှုသာ ရှိသည်။

မြေသိမ်းမှုကြောင့် ယင်းမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် တောင်ယာစိုက်ပျိုး လုပ်ကိုင်လာသည့် ဒေသခံ ပြည်သူ ရာဂဏန်းကျော် ဘ၀ရပ်တည်မှု အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း၊  မြေသိမ်းမှု ပြုလုပ်ခဲ့သော်လည်း မူရင်း နေထိုင်သူများကို လျော်ကြေးပေးခဲ့ခြင်း မရှိကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

““တောင်သူတွေကတော့ သစ်တော မရှိတော့ပေမယ့် အဲဒီနေရာမှာ နေတုန်းပဲ။ အဲဒီမှာ မနေလည်း သူတို့ နေစရာမရှိဘူး။  သူတို့ အဓမ္မသိမ်းပြီး ခြံစည်းရိုးတွေ ခတ်ထားတဲ့ နေရာတွေမှာတော့ နေလို့မရဘူးပေါ့။ ကျန်တဲ့ နေရာတွေမှာ နေနေကြတယ်””ဟု ဦးနိုင်ငံလင်းက ပြောသည်။

ထိုသူများအတွက် လျော်ကြေး (သို့မဟုတ်) နေရာအစားရရန် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်သို့ တင်ပြသွားရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ဦးနိုင်ငံလင်းက ထိုသို့စီစဉ် ဆောင်ရွက်လျက် ရှိသော်လည်း ၎င်းအနေဖြင့် ဖြစ်စဉ်မှာ လယ်ဝေး မြို့နယ် အတွင်း၌ ဖြစ်၍ မိမိမဲဆန္ဒနယ်ဖြစ်သော ဒက္ခိဏသီရိ မြို့နယ်နှင့် ဆက်စပ်နေသော နယ်မြေ အဖြစ် အစားဝင် ဆောင်ရွက်ရခြင်းသာ ဖြစ်ကြောင်းလည်း ပြောသည်။

အဆိုပါ မြေသိမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ““နဂိုကတည်းက လုပ်နေတဲ့ သူတွေ တချို့ကလည်း သူတို့ကိုယ်တိုင်က သစ်တောနယ်မြေ မြေလွတ်မှာ ကျူးကျော်နေတဲ့ သူတွေ ရှိတယ်။ အဲဒါကို သစ်တောတို့ စိုက်ပျိုးရေး လုပ်ကြမယ့် သူတွေကို ချပေးထားတာတော့ ရှိတယ်။ တချို့က ၀င်နေလိုက်ပြီး လျော်ကြေးတောင်းတာလည်း ရှိတယ်။ များသောအားဖြင့် နဂိုကတည်းက လုပ်နေတယ်၊ အထောက် အထားလည်း ရှိတဲ့ လယ်မြေတွေ ဘာတွေဆိုရင် အဲဒီသိမ်းတဲ့အချိန်မှာ ရှိတဲ့ပေါက်ဈေးအတိုင်း လျော်ကြေးပေးတယ်။ နဂိုကတည်းက အစိုးရမြေ၊ သစ်တောမြေမှာ ကျူးကျော်နေတဲ့သူဆိုရင် လျော်ကြေး ပေးတာ မရှိဘူး””ဟုပြောကြားသည်။

မူရင်း နေထိုင်သူများကို မြေသိမ်းစဉ်က လျော်ကြေးပေးအပ်မှု မရှိခဲ့သော်လည်း ချုံနွယ်များ ရှင်းလင်းစေကာ တစ်အိမ်ထောင်လျှင် ကျပ် (၇)သောင်းကို လုပ်ခအဖြစ် ပေးအပ်မှု ရှိခဲ့သည်။

နေပြည်တော်အတွင်း မြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ နေပြည်တော် စတင်တည်ထောင်ခါစက လယ်မြေ တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ၊ ယာမြေတစ်ဧက နှစ်သိန်းခွဲ လျော်ကြေးပေးမှု ရှိသည့် အပြင် အိမ်ဝိုင်း အစားပေးခြင်းနှင့် သီးနှံလျော်ကြေး ပေးခြင်းလည်း ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့  လျော်ကြေးမရဘဲ မြေသိမ်းဆည်းခံရသူများ မည်မျှ ရှိနေနိုင်သည်ကိုမူ အတိအကျ သိနိုင်ရန် စာရင်း ကောက်ယူမှုများ ပြုလုပ် နေကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

လင်းယုန်
Myanmartandawsint Newspaper